ဝိသမ လောဘဟာ ကြောက်စရာ ကောင်းပါတယ်။ ဝိသမလောဘကြောင့်ပဲ လူတွေလိမ်ကြသလို ဝိသမလောဘကြောင့်ပဲ လူတွေ အလိမ်ခံရပါတယ်။
လိမ်ရက်ကြသလို ယုံရက်ကြပါတယ်။
လိမ်တဲ့သူတွေ ခုလည်းရှိနေတယ်။ နောက်လည်း ရှိနေပါဦးမယ်။ ငွေသခင်ဖြစ်ချင်လို့ ငွေစုပြီး ငွေပွားအောင် ရင်းနှီးမြှုပ်နှံလိုက်ကာမှ လိမ်သွားကြတော့ အစကနေ ပြန်စရရော။ ငွေသခင်ဖြစ်ဖို့ အလိမ်တွေကို ကြည့်ရှောင်ဖို့ကလည်း အရေးကြီးပါတယ်။
ငွေကြေး လိမ်လည်မှုတွေ အများစုက လောဘကြီးသူတွေကို ပစ်မှတ်ထားပါတယ်။ ငါးစာကိုသာမြင်ပြီး ငါးမျှားချိတ်ကို မမြင်တဲ့သူတွေကို ပစ်မှတ်ထားပါတယ်။ (သနားတတ် အားနာတတ်သူတွေကိုလည်း ပစ်မှတ်ထားတတ်ကြပေမဲ့ သူတို့တွေဟာ များသောအားဖြင့် လောဘကြီးတဲ့သူတွေလို ကိုယ့်ဘဝပျက်အောင်တော့ ငွေမထည့်ကြပါဘူး။ လောဘပါလာမှ ပိုဆိုးတာပါ။)
လောဘမှိုင်းမိလာရင် ဘေးက ဝိုင်းတားကြတဲ့သူတွေကိုပါ ရန်လုပ်လာတတ်ကြပါတယ်။ "အလိမ်လို့ ထင်ပါတယ်" ဆိုရင် "ဒါဆို အလိမ်ဖြစ်ကြောင်း သက်သေပြလေ" လို့ ပြောချင်ကြပါတယ်။
ဘိုးတော်က ရွှေတွေ နှစ်ဆပွားပေးမယ် တဲ့။ ဦးနှောက်ရှိရင် မဖြစ်နိုင်ဘူးဆိုတာ သိကြပေမဲ့ မျက်စိမှိတ်ယုံနေတဲ့သူတွေကို မယုံဖို့ သွားတားကြည့်။ "ဘိုးတော် လူလိမ်ဆိုတာ မင်းမှာ ဘာ အထောက်အထား ရှိလို့ ဒီလိုပြောရတာလဲ" ဆိုတော့ တိုင်ပတ်ရော။ "ဒီဘိုးတော်ကို မင်းသိလို့လား" ဆိုတော့ "ဟုတ်ကဲ့ ကျွန်တော့်ဦးလေးပါ" လို့ဖြေရမှာလား။ ကိုယ်တိုင် ခံရမှ မှတ်တဲ့ သူတွေလည်း ရှိပါရဲ့။
အချို့က လိမ်နည်းတစ်မျိုးနဲ့ ခံရပြီးပြီ။ နောက်တစ်ယောက်က နောက်တစ်မျိုးနဲ့ လာလိမ်ရင် ယုံကြပြန်ရော။ ခဲမှန်ဖူးတဲ့ စာသူငယ် ခဲပဲကြောက်ပြီး လောက်စာလုံး မကြောက်တတ်သေးသလိုပေါ့။
အချို့က ရက်တိုလိမ်ကြသလို အချို့က ရက်ရှည်လိမ်ကြပါတယ်။ လုပ်ငန်းလည်ပတ်နေတာ ၂ နှစ်လောက်ရှိပြီဆိုပြီး ယုံမိရင် ခံရမှာပဲ။ လူများလာအောင် နှစ်ချီစောင့်တဲ့လူလိမ်တွေ ရှိတယ်။
ကိုယ့်ကို မှန်မှန်ပေးနေတဲ့ အမြတ်တွေကို လုပ်ငန်းက ရနေတယ်လို့ ထင်တတ်ကြပါတယ်။ အမှန်က လူသစ်တွေတိုးလာလို့ လူသစ်တွေဆီက ရတဲ့ ငွေအချို့ ကို လူဟောင်းတွေကို အမြတ်ပေး၊ ကျန်တာ ကိုယ့်အိတ်ထဲထည့်။ နောက်ဆုံးမှာ လူတွေများလာပြီး အပ်ငွေတွေလည်း များလာရော အမြတ်ရော အရင်းရောပါ မပေးတော့ပဲ ငွေတွေယူပြီး ထွက်ပြေး။ အပျောက်ရိုက်။
ငွေကြေး ရင်းနှီးမြှုပ်နှံမှုလောကမှာ ပြောကြတဲ့ ဆိုရိုးတစ်ခု ရှိပါတယ်။
"If it seems too good to be true, it probably is."
"မယုံနိုင်လောက်အောင် ကောင်းလွန်းပုံရနေရင် ဒါ အမှန်မဟုတ်ဖို့ များပါတယ်" တဲ့။
အမြတ်တွေ အများကြီးရမယ်တဲ့ - မယုံပါနဲ့
အတိုးတွေ အများကြီးပေးမယ်တဲ့ - မယုံပါနဲ့
မထိုးထားတဲ့ ထီ၊ ကံစမ်းမဲ ပေါက်ပါသတဲ့ - မယုံပါနဲ့
နိုင်ငံခြားက ကိုယ်မမြင်ဘူးတဲ့ သူဌေးကြီးက အမွေတွေထားခဲ့ သတဲ့ - မယုံပါနဲ့
ကိုယ်နားမလည်တဲ့ စီးပွားရေးက အမြတ်တွေ များသတဲ့ - မယုံပါနဲ့
ဘိုးတော်တန်ခိုးနဲ့ နှစ်ဆတိုးတော့မတဲ့ - မယုံပါနဲ့
ငွေချေးမယ် အတိုး /ဝန်ဆောင်ခ အရင်လွှဲပါတဲ့ - မယုံပါနဲ့
ဒစ်ဂျစ်တယ် ငွေကြေးက ကြောက်ခမန်းလိလိ မြတ်သတဲ့ - မယုံပါနဲ့
ကောင်လေး ကောင်မလေး ချောချော ဓာတ်ပုံနဲ့ လာကြူပြီး ငွေလာချေးတယ် - မယုံပါနဲ့
ဈေးကြီး လက်ဆောင်ပို့လိုက်တာ ပို့ခလေးလွှဲလိုက်ပါတဲ့ - မယုံပါနဲ့
လိုင်းပေါ်ကနေသိ အပြင်မှာမသိတဲ့လူတွေကို - မယုံပါနဲ့
ကိုယ့်ကိုယ်ကို လောဘတက်နေပြီလားလို့ ပြန်တွေး၊ လောဘတက်နေပြီဆို - မယုံပါနဲ့
ကုမ္ပဏီက အမြတ်တွေ ဘယ်လိုရနေလဲ နားမလည်ရင် - မယုံပါနဲ့
မေးခွန်းတွေ အများကြီးမေးလို့ "မယုံလို့ မေးတာလား" လို့ ဒေါသနဲ့မေးတဲ့သူတွေကို - မယုံပါနဲ့
သူတို့ လုပ်ငန်း လျှို့ဝှက်ချက်တွေ ကို မပြောပြနိုင်ဘူး။ ငွေ ထည့်ချင်ထည့် မထည့်ချင်နေ လို့ပြောရင် - မယုံပါနဲ့
ပိုးစုန်းကြူး ပြောတဲ့စကားတွေရော - မယုံပါနဲ့ (ဟိုက် ပြောရင်း အရှိန်လွန်သွားပြီ။)
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment