ပိုးစုန်းကြူးကတော့ တစ်ကယ့် ဖျံပါပဲ။
အစပိုင်းမှာ စာဖတ်သူတွေရဲ့ ယုံကြည်မှုရအောင် အမှန်အကန် စာတွေ ရေးတယ်။ ငွေစုဖို့၊ ချွေတာဖို့၊ ရင်းနှီးမြှုပ်နှံဖို့၊ အယုံမလွယ်ဖို့ ဘာညာ။ သူ့ကိုယ်သူ ပရဟိတ သမားလိုလို ဘာလိုလိုနဲ့။ မျက်နှာတော့ မပြဘူး။
နောက်ပိုင်းမှာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီထောင်တယ်။
၁၀ ရက်ကို ၅%၊ တစ်လကို ၂၀% အမြတ်ရမယ် ဆိုတော့ ပိုးစုန်းကြူးကို အားပေးနေတဲ့လူတွေ အုပ်စု ၃ စု ကွဲသွားတယ်။
တစ်စုက "သေချာလေးပြောပြပါ။ စ လုပ်ကြည့်လိုက်မယ်။ တစ်သောင်းလောက်နဲ့ စမှာပေါ့" ဆိုတဲ့ ကိုယ့်ဘက် ခပ်ပါပါ အုပ်စု။
ဒုတိယအုပ်စုက "စောင့်ကြည့်လိုက်ဦးမယ်။ လိမ်တာလား ဘာလား။ အသေးစိတ် သိချင်တယ်" ဆိုတဲ့ အုပ်စု။ လူအများစုက ဒုတိယ အုပ်စုမှာ ပါပါတယ်။
နောက်တစ်စုကတော့ အလိမ်ကို အလိမ်မှန်း ချက်ချင်းသိတဲ့ အုပ်စု။ လူနည်းစုပါ။
အလိမ်မှန်းသိတဲ့ တတိယအုပ်စုကို ပေ့ခ်ျကနေ ဘန်းပြီး ပယ်ထုတ်လိုက်တယ်။ သူတို့ရဲ့ မှတ်ချက်တွေကိုလည်း ဖျက်ရတာပေါ့။
ပထမ အုပ်စုကလူတွေကို သူတို့နားမလည်နိုင်တဲ့ ဝေါဟာရတွေနဲ့ ဖောရှောရိုက်ပြီး ယုံကြည်အောင်လုပ်တယ်။ ကုမ္ပဏီ၊ လိုင်စင် နဲ့ ဟိုဟာ ဒီဟာ အတုတွေပြရတာပေါ့။ ယုံကြပါတယ်။
လာအပ်တဲ့သူတွေကိုလည်း အမြတ်ရော အရင်းပါ ပုံမှန်ပေးတယ်။ တစ်သောင်း စအပ်တဲ့သူတွေ တစ်လအကြာမှာ တစ်သောင်းနဲ့ နှစ်ထောင်ပြန်ရတယ်။
"ဟာ တစ်ကယ် ပြန်ရတာပဲ" ဆိုပြီး အဲဒီလူတွေပဲ တစ်လထက်တစ်လ ငွေတွေ ပိုပြီး ထည့်ကြတယ်။
သူတို့ကို ပေးဖို့ အမြတ်တွေ ဘယ်ကရလဲ။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တာ။ သူတို့ဆီကပဲလေ။ အမြတ်နဲ့ အရင်းပေးလိုက်ပြီး ရက်ပိုင်းအတွင်း သူတို့ ဒီ့ထက်ပိုများတဲ့ငွေတွေ လာအပ်တော့တာပဲ။ လောဘ ကြီးလာပြီလေ။ ငွေလာအပ်တဲ့ လူတွေကလည်း များလာတာကိုး။
ရတဲ့ပိုက်ဆံ နည်းနည်းသုံးပြီး ရုံးခန်းဖွင့်လိုက်တယ်။ ဝန်ထမ်း နည်းနည်းပါးပါး ခန့်လိုက်တယ်။ ဘယ်လို ဖြေရမလဲ သင်ပေးထားတယ်။ လူတွေ ပိုယုံကြည်လာကြတယ်ပေါ့။ ဒီခေတ် ဒီနိုင်ငံမှာ မျက်နှာမပြပဲ ကြားလူနဲ့ ဒါတွေ အကုန်လုပ်လို့ရတယ်။
ဖေ့ဘွတ်ခ် ပေ့ခ်ျမှာ မှတ်ချက်တွေ ဖတ်ရင်လည်း စိတ်ချမ်းသာစရာ။ အမြတ်ပုံမှန်ပေးနေတဲ့ ပိုးစုန်းကြူး ကျန်းမာချမ်းသာပါစေ။ သူတို့ကို ကယ်တင်နေတဲ့ ကယ်တင်ရှင်ကြီး သူတော်ကောင်းကြီး ဆိုပြီး မြှောက်စားနေကြတာပေါ့။
ဒါကို ဘယ်သူတွေက တွေ့လဲဆိုတော့ စောင့်ကြည့်နေတဲ့ ဒုတိယအုပ်စု။ မှတ်ချက်ပေးထားတဲ့သူတွေကို တစ်ယောက်ချင်း လိုက်မေးကြတယ်။ ဒါ အလိမ်လား အမှန်အကန်လား ပေါ့။ အမေးခံရတဲ့ သူတွေကလည်း နှစ်ထောင်းအားရ ပြန်ပြောကြတာပေါ့။ စိတ်ချရကြောင်း၊ အမြတ်ရော အရင်းရော ပြန်ရကြောင်း စုံနေတာပဲ။
အဲဒီအချိန်မှာ ဒုတိယအုပ်စုလည်း ပါလာပြီ။ အရင်ကတည်းက ဝင်မပါမိတာ နောင်တရနေကြပြီ။ ပထမအုပ်စုကလည်း ရှိတာတွေ ပုံအောလာပါပြီ။ သိန်းတစ်ရာရင်းရင် တစ်လ သိန်း ၂၀ အထိုင်မြတ်မှာလေ။ ၅ လဆို နှစ်ဆပွားပြီ။ တစ်ဆင့်စကား တစ်ဆင့်ကြားနဲ့ လူတွေ ပိုများလာပြီ။
လိမ်တယ်လို့ပြောတဲ့လူတွေကို ချက်ချင်းဘန်းတာပေါ့။ မကောင်းတဲ့ မှတ်ချက်တွေကိုလည်း ချက်ချင်းဖျက်ရတာပေါ့။ အချို့မှတ်ချက်တွေဆို ဖျက်စရာတောင် မလိုပါဘူး။ ကိုယ့်ဆီငွေအပ်ပြီး အထူး ယုံကြည်ကိုးကွယ်ကြတဲ့ ကိုယ့်ဘက်တော်သားတွေ ဝိုင်းကိုက်လိုက်တာ ကိန်လို့တောင် မအော်နိုင်ရှာပါဘူး။
ကြွေးတင်နေတဲ့သူတွေကလည်း အိမ်ပေါင်၊ ရွှေပေါင်၊ ချေးငှားပြီး ထည့်ကြပြီ။
"အမ ကျွန်မမှာကြွေး ၁၀ သိန်းတင်နေတယ်။ စိတ်ညစ်လိုက်တာ။ ဘယ်လို လုပ်ရမလဲ။"
"ဟဲ့ ညည်းတို့အိမ်ကို သိန်း ၁၀၀ နဲ့ပေါင်လက်၊ ပိုးစုန်းကြူးဆီအပ်၊ လကုန်ရင် သိန်း ၂၀ မြတ်၊ အကြွေးတွေဆပ်၊ အပိုငွေတွေတောင် ထွက်။" (ခပ်ညံ့ညံ့ Rapper ရပ်ပါတွေ အသံနဲ့ ဖတ်ပါ)
ဒီလိုနဲ့ ပိုးစုန်းကြူးလိုချင်တဲ့ ငွေပမာဏလည်း ရရော နိုင်ငံခြားကို လစ်ပြီ။ ရုံးခန်းက လည်း ငှားထားတာ။ ပိုးစုန်းကြူးရဲ့ ဝန်ထမ်းတွေကလည်း သူတို့တောင် ဒီလအတွက် လခမရသေးလို့ ပိုးစုန်းကြူးကို ရှာချင်နေကြတာ။
"မြန်မာနိုင်ငံမှာ ငွေရှာရတာ အရမ်းလွယ်တာပဲ အဟဲ" လို့ တွေးပြီး ပိုးစုန်းကြူး စည်းစိမ်ခံနေတဲ့ အချိန် မြန်မာနိုင်ငံမှာတော့ ဘဝတွေ ပျက်ကုန်ကြပြီ။ ယုံလွယ်မိတာရယ်၊ လောဘရယ် ပေါင်းတော့ ဘဝပျက်တော့တာပေါ့။ ပြီးရင်လည်း ခဏပဲ။ နောက်တစ်နည်းနဲ့လိမ်ရင် ထပ်ယုံတာပါပဲ။
ကောင်းရောင်းကောင်းဝယ် ကြိုးစားပြီး မလုပ်စားချင်ပဲ မတရား လောဘကြီးပြီး အလွယ်လိုက်ချင်လို့ ခံလိုက်ရတဲ့ ကျွန်တော်တို့ မြန်မာပြည်သားတွေ ပုဂံခေတ်ကနေ ခုထိပဲ။
****************************
ယုံလွယ် + လောဘ = ဘဝပျက်
****************************
ပုံပြင်လေးကတော့ ဒါပါပဲ ခင်ဗျာ။
မနေ့က စာကို သေချာဖတ်ရင် အလိမ် သဲလွန်စလေးတွေ တွေ့ရမှာပါ။
(၁) Phaw Shaw Trading ဆိုပြီး နှစ်ခါတောင် ရေးထားတယ်။ ဖောရှော အရောင်းအဝယ်ပေါ့။
(၂) လူဦးရေ ကန့်သတ်ထားတယ် ဆိုပြီးတော့ သန်း ၅၀ ဆိုတော့ မြန်မာပြည်ကလူ အကုန်နီးပါးပဲ။
(၃) ပထမ ဓာတ်ပုံက ကုမ္ပဏီ အမှတ် တံဆိပ်လို့ပြောထားတယ်။ ပုံကို သေချာ ကြည့်ပါဦး ခင်ဗျာ။ လက်က ငွေကို နှိုက်မလို့ လုပ်နေတယ်။ ငွေအောက်မှာက လက်ကို ညှပ်မယ့် ထောင်ချောက်ကြီး။ ငါးစာကိုသာမြင်ပြီး ငါးမျှားချိတ်ကို မမြင်တဲ့ သဘောပါပဲ။ တစ်ကယ်လည်း မမြင်ကြပါဘူး။
အခြား သဲလွန်စတွေလည်း ရှိပါသေးတယ်။
ဒုတိယပုံ နဲ့ တတိယပုံက အခြားအပြင်မှာ တစ်ကယ်လုပ်နေတဲ့ အဖွဲ့တွေပါ။ ကျွန်တော် လုပ်ကြံပြီး ရေးထားတာမဟုတ်ပါဘူး။ ဒုတိယပုံက အဖွဲ့က တစ်လ အမြတ် ၂၀.၅% ပေးတယ်တဲ့။ တတိယပုံက အဖွဲ့ကတော့ တစ်ရက်ကို ၁၀% တောင် ပေးမှာဆိုပဲ။
သူတို့ကို လူလိမ်တွေလို့ ကျွန်တော် မပြောဘူးနော်။ နာမည်တောင် မတပ်ဘူး။ ၆၆(ဃ) အလုပ်ရှုပ်လို့။ မှန်ရင် နာပေါ့။
တစ်လ ၂၀% အမြတ်ပေးမယ်ဆိုတဲ့ ပိုးစုန်းကြူးကတော့ လူလိမ်ဆိုတာ သေချာတယ်။
ကျွန်တော် တစ်လ ၂၀% မြတ်အောင် မရှာနိုင်ပါဘူး။ ရှာနိုင်တယ်လို့ ပြောတဲ့သူတွေကို ကျွန်တော်ကတော့ လုံးဝ မယုံပါဘူး။ ယုံချင်တဲ့သူ ယုံကြပါ။
နိုင်ငံတကာ စံနှုန်းနဲ့ကြည့်ရင် တစ်နှစ်မှာ ဒေါ်လာ ၁၀၀ ရင်းလို့ နှစ်ကုန်ရင် ဒေါ်လာ ၁၁၀ ရရင် မဆိုးလှတဲ့ ရင်းနှီးမြှုပ်နှံမှုလို့ သတ်မှတ်လို့ရတယ်။ မြန်မာနိုင်ငံက သကောင့်သားတွေ တော်လွန်းလို့ တစ်လကို ပုံမှန် ၂၀% နှုန်းမြတ်အောင် လုပ်နိုင်တယ်လို့ သွားပြောရင် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေ ဟဟ ပေးကြမှာပေါ့။
တစ်လကို ၂၀% မြတ်အောင် လုပ်နိုင်တယ်လို့ ပြောတဲ့သူတွေ ရခဲ့တဲ့ အမြတ်အားလုံးကို အထောက်အထား သက်သေပြပါ။ Live လွှင့်ပြပါ။ သောင်းဂဏန်း သိန်းဂဏန်းလောက် နိုင်တာကိုပြ၊ ရှုံးတာကို ဝှက်ထားပြီး အချဉ်လာမဖမ်းနဲ့။ ဒါမျိုးကတော့ ဘောပွဲကို နှစ်သင်းလုံးဘက်က လောင်းပြီး ပွဲပြီးသွားမှ နိုင်တဲ့လက်မှတ်လေးလာပြတာနဲ့ ဘာမှ မထူးဘူး။ ဟဟ ပဲရမယ်။ မလိမ်ဘူးဆို ဘောပွဲ မတိုင်ခင်ထဲက ဘယ်သူနိုင်မယ်ဆိုတာပြော။ နေ့တိုင်း Live လွှင့်။ ဒါတောင် Live လွှင့်ပြီး လိမ်လို့ရသေးတယ်နော်။
Stock Trading, Binary Trading, Forex Trading, Cryptocurrency Trading ဆိုတာတွေက အရှုံးကြမ်း အမြတ်ကြမ်း၊ ဘယ်သူမှ အမြဲမြတ်မနေဘူး။ အရမ်းကျွမ်းလွန်းလို့ အမြဲမြတ်နေတယ်။ တစ်လ ၂၀% အမြတ်ရမယ်ဆိုတာကို ယုံပြီး ပုံအပ်ရင် ဘဝပျက်မှာပဲ။ Artificial Intelligence (AI) ဘာညာ ဆိုပြီး လာမလှိမ့်နဲ့။ ဒါတွေ တောမှာ သွားပြော။ (ဪသူတို့ကလည်း မြန်မာနိုင်ငံက လူတွေကို တောသားတွေပါကွာ ဆိုပြီး လာလာ ပတ်နေကြတာပဲ။) နိုင်ငံတကာမှာ ဒီလိုလုပ်စား လိမ်စားနေတဲ့သူတွေ တစ်ပုံကြီးပါ။ ချင့်ယုံကြပါ။
ဒီစာကို သေချာဖတ်ပြီး ကိုယ် ဘယ်အုပ်စုထဲမှာပါလဲ စဉ်းစားစေချင်ပါတယ်။ အယုံလွယ်တဲ့သူလား။ ချင့်ချိန်တတ်တဲ့သူလား။ ကျွန်တော်သာ လိမ်ချင်ရင် ခံလိုက်ရမယ့် လူစာရင်းမှာ ပါလား။ စဉ်းစားပါ။
နောက်ဆို အယုံမလွယ်ကြပါနဲ့ ခင်ဗျာ။ ကိုယ်ဘယ်လောက်ပဲ လေးစားရပါတယ် ဆိုတဲ့သူက ပြောပြော ဦးနှောက်နဲ့ ချင့်ချိန်ပါ။
နောက်ပိုင်း ဒီလိုမျိုးတွေ တွေ့လို့ ရင်းနှီးမြှုပ်နှံချင်ရင် ငွေမထည့်ခင် သိကျွမ်းတဲ့သူကို အရင်မေးပါ။ ကျွန်တော့်ကို လာမေးရင်လည်း ကျွန်တော် နားလည်တဲ့ လုပ်ငန်းဆို အကြံပေးမှာပါ။
မနေ့ကစာနဲ့ ဒီနေ့စာကို အမုန်းခံပြီး ရေးရပါတယ်။ "ခွေးသားရဲ့" လို့ ဆဲတဲ့သူ ရှိပါတယ်။ မိဘကို ထိတော့ နာပါတယ် ခင်ဗျာ။ နောက်ဆို ကျွန်တော့်ကိုပဲ ဆဲပါ။ မိဘကို ချမ်းသာပေးပါ။ "စောက်ရူး သူတောင်းစား" လို့လည်း ဆဲပါတယ်။ ကျေနပ်တယ်။ မိဘကို မထိလို့။ ဆဲကြပါ။ ဆဲပြီး အသိတရား တစ်ခုရသွားရင် ကျေနပ်ပါပြီ။ အဆဲခံ ပြီး ရေးပါတယ်။
ကျွန်တော် ခုလိုရေးလိုက်လို့ လိမ်တဲ့သူတွေကလည်း မုန်းပါလိမ့်မယ်။ လူလိမ်တွေကို မနေ့ကပြောတဲ့ စကားနဲ့ပဲ ပြန်ပြောပါရစေ။
"ပေါင်းနုတ်မြှောက်စား လောက်နဲ့ တက်မလာနဲ့။ ပိုက်သာဂိုရတ်စ် သီအိုရမ် တင်မက ဖော်ရီယာ စီးရီးစ်နဲ့ပါ တောက်ချ ပစ်လိုက်မယ်။ လော်ဂရက်သမ်ကြီးနဲ့ ပိတ်ရိုက် ပစ်လိုက်မယ်။ အိပ်မပျော်နိုင်လောက်အောင် မျက်ရည်တောက်တောက်ကျပြီး ငိုသွားရမယ်။"
၆၆(ဃ)နဲ့ လာမခြောက်နဲ့။ ကျားမြီးလာဆွဲရင်တော့ ရေကုန်ရေခမ်း ချဲပစ်မှာ။
တရားကို နတ်စောင့်ပါတယ်။ လောလောဆယ် နတ်တွေ နတ်သဘင်အစည်းအဝေး မှာ ငိုက်နေလို့ မနေနိုင်တဲ့လူတွေ ဝင်စောင့်ပေးနေပါတယ်။
မနက်ဖြန်ကျရင်လည်း အခြားလိမ်နည်းတွေ ရေးတင်ပါဦးမယ်။ အလိမ်မခံရချင်ရင် ဖတ်ပေးကြပါဦး ခင်ဗျာ။ အခြားသူတွေ အလိမ်မခံရအောင် မျှဝေပေးကြပါဦး ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment