လောင်းကစားတွေကို မလုပ်သင့်ကြောင်း အကြိမ်ကြိမ် ရေးခဲ့ပြီးပါပြီ။ ငွေဖြုန်းရာ ရောက်လို့ပါ။ အောင်ဘာလေထီထိုးတာကိုတောင် အားမပေးချင်ပါဘူး။
ဒါဆို ဘာလို့ ခေါင်းစဥ်ကြီးက "လုပ်သင့်တဲ့ လောင်းကစား" ဖြစ်နေရတာလဲဆိုတော့ လုပ်သင့်တဲ့ လောင်းကစား တစ်ခု ရှိနေလို့ပါ။
အဲဒီ လောင်းကစားလုပ်တာကို "အာမခံထားတယ်" လို့ခေါ်ပါတယ်။
ကျန်းမာရေးအာမခံ၊ အသက်အာမခံ၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှု တိုက်တာအိုးအိမ် ပစ္စည်း ပျက်စီးပျောက်ဆုံးမှု အာမခံ၊ ခရီးသွား အာမခံ စသဖြင့် အာမခံအမျိုးမျိုးရှိပါတယ်။
အာမခံထားတယ်ဆိုတာ လောင်းကစားလုပ်တာနဲ့ ခပ်ဆင်ဆင် ပါပဲ။ (ပုံမှန် လောင်းကစားနဲ့ မတူကွာခြားချက်လေးတွေတော့ ရှိပါတယ်။)
ဥပမာ ပေးရရင် အိမ်ကို မီးအာမခံထားတယ်ဆိုတာ ကိုယ်က အာမခံ ကုမ္ပဏီနဲ့ လောင်းကြေးထပ်လိုက်တာပါပဲ။ တစ်နှစ်အတွင်း အိမ်မီးမလောင်ရင် ကိုယ်ရှုံးတယ်။ အာမခံ ကုမ္ပဏီကို ငွေနည်းနည်း ပေးရမယ်။ မီးလောင်ရင် ကိုယ်နိုင်တယ်။ အာမခံ ကုမ္ပဏီက အိမ်ဖိုးလျော်ပေးလိမ့်မယ်။ (အဲဒီအိမ်ကို ကိုယ်တိုင်က လုပ်ကြံ မီးရှို့ခဲ့တာ မဟုတ်ဘူးဆိုရင်ပေါ့။)
နောက်ထပ်ဥပမာ တစ်ခုက ကျန်းမာရေး အာမခံလုပ်ထားရင် ကနဦးငွေနည်းနည်းကုန်တာမှန်ပေမဲ့ အကုန်အကျများတဲ့ ခွဲစိတ်ကုသမှုတွေလုပ်ရမယ်ဆို အာမခံ ကုမ္ပဏီက ကိုယ်အာမခံထားတဲ့ ပမာဏပေါ်မူတည်ပြီး အထိုက်အလျောက် ပြန်လျော်ပေးတဲ့အတွက် ခုသာခံသာရှိပါတယ်။ မတန်တဆ ဆေးဖိုးဝါးခတွေကနေ အတော်အသင့် ကာကွယ်ပေးမှာပါ။ (ခြွင်းချက်တွေ ရှိပါတယ်။ ဥပမာ အာမခံမလုပ်ခင်ကတည်းက ရှိနှင့်ပြီးသား ရောဂါတွေအတွက်တော့ ဆေးဖိုးဝါးခ ရမှာမဟုတ်ပါဘူးတဲ့။)
အာမခံထားရှိခြင်းဟာ ဘဝရဲ့ သို့လောသို့လော စိတ်သောကရောက်နေရတဲ့ အချို့ အချိန်တွေမှာ (ဥပမာ အိမ်မီးလောင်တာတို့၊ ကားခိုးခံရတာတို့၊ ဆေးရုံတက်ရတာတို့ ဖြစ်တဲ့ အချိန်တွေမှာ) အာမခံလုပ်ထားတဲ့သူအတွက် (အနည်းနဲ့အများ) ငွေရေးကြေးရေးဘက်မှာ စိတ်ဖြေရာ ကူကယ်ရာ ပေးပါတယ်။
အာမခံထားတာနဲ့ပတ်သက်ပြီး မေးလိုတာ ဆွေးနွေးလိုတာတွေကို မှတ်ချက်မှာမေးမြန်း ဆွေးနွေးလို့ ရပါတယ်။ သိတဲ့ သူတွေလည်း ဝင်ဖြေပေးကြပါဦး ခင်ဗျာ။ ကျွန်တော်လည်း အားတာနဲ့ ဝင်ဖြေပေးပါ့မယ်။
(ဒီရက်ပိုင်း မအားသေးတာကြောင့်နေ့စဥ် စာ တင်ဖို့ကိုတောင် အားစိုက်နေရလို့ မှတ်ချက်တွေ၊ CB က စာတွေကို မပြန်နိုင်သေးတာ စိတ်မရှိပါနဲ့။ မနက်ဖြန်ဆို အားလုံးကို အကြောင်းပြန်ပါ့မယ် ခင်ဗျာ။ စာမပြန်နိုင်သေးတာကလွဲလို့ ကိုယ်ကျန်းမာ စိတ်ချမ်းသာရှိပါကြောင်း။ ကျေးဇူးပါ။)
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment