လူတစ်ယောက် ဆင်းရဲနေတယ် ဆိုပါစို့။ ချမ်းသာအောင် ဘာလုပ်ရမလဲ။ အနှစ်ချုပ်ကတော့ ဝင်ငွေတိုးအောင် လုပ်ရပါမယ်။ ထွက်ငွေနည်းအောင် လုပ်ရပါမယ်။ ပိုလျှံလာတဲ့ ငွေကို ရင်းနှီးမြှုပ်နှံမှုတွေလုပ်ရပါမယ်။
ဒီလိုအကွက်ကျကျ လုပ်သွားနိုင်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံကတော့ စင်ကာပူနိုင်ငံပါပဲ။
စင်ကာပူနိုင်ငံဟာ ၁၉၅၉ ခုနှစ်မှာ ဗြိတိသျှတွေဆီကနေ လွတ်လပ်ရေးရခဲ့ပါတယ်။ အဲဒီအချိန်ကတော့ နိုင်ငံအနေနဲ့ သီးသန့်မဟုတ်ပဲ မလေးယားပြည်ထောင်စုကြီးရဲ့ ပြည်နယ်တစ်ခုအနေနဲ့ လွတ်လပ်ရေးရခဲ့တာပါ။ နောက်ပိုင်း ပြည်ထောင်စုအစိုးရနဲ့ စင်ကာပူပြည်နယ်အစိုးရကြား နိုင်ငံရေးတင်းမာမှုတွေရှိခဲ့တာကြောင့် ၁၉၆၅ ခုနှစ်မှာ မလေးယားပြည်ထောင်စုကြီးကနေ အထုတ်ခံလိုက်ရတာပါ။
ဒီလိုအထုတ်ခံလိုက်ရတော့ စင်ကာပူခေါင်းဆောင်ကြီး လီကွမ်ယူး ဝမ်းနည်းခံပြင်းလွန်းလို့ ငိုရှာပါသတဲ့။
စင်ကာပူနိုင်ငံဟာ လွတ်လပ်ရေးရခါစ ၁၉၆၅ ခုနှစ်လောက်က ချမ်းသာတဲ့ နိုင်ငံတစ်နိုင်ငံ မဟုတ်ခဲ့ပါဘူး။ သဘာဝ သယံဇာတတွေလည်း ဘာမှသိပ်မရှိပါဘူး။ အားသာချက်တစ်ခုကတော့ ဥရောပနဲ့ တရုတ်ကြား ကူးသန်းဆက်သွယ်ရာ ပင်လယ်လမ်းကြောင်းမှာ အရေးပါတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်နေတာပါ။
ဒီအားသာချက်လေးကို သုံးပြီး ကြိုးစားပါတယ်။ သင်္ဘောတွေ ဆိပ်ကမ်းကပ်ချင်အောင် အခွန်အခတွေ လျှော့ပေါ့ပေးတယ်။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ၊ ကုမ္ပဏီတွေ ဝင်လာချင်အောင် ဆွဲဆောင်စည်းရုံးတယ်။ နိုင်ငံခြားက ကုမ္ပဏီတွေ စင်ကာပူမှာလာပြီး အခြေချ စက်ရုံတည်ချင်လာအောင် အခွန်အခတွေ လျှော့ပေးတဲ့အပြင် လိုအပ်တဲ့ အခြေခံအဆောက်အအုံ၊ လမ်းတံတား၊ လျှပ်စစ်မီးတွေ စီစဥ်ပေးခဲ့တယ်။ အာရှအတွက် အခရာကျတဲ့ ဒေသဖြစ်အောင် ကြိုးပမ်းခဲ့တယ်။
စက်ရုံတွေအတွက် ဝန်ထမ်းတွေလိုတာမို့ ကျွမ်းကျင်လုပ်သားတွေ အမြန်ထွက်ရှိဖို့ ပညာရေးနဲ့ လေ့ကျင့်ရေးကို အထူးဦးစားပေးခဲ့တယ်။
နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေ စိတ်ချရအောင် ပြည်တွင်း နိုင်ငံရေးအခြေအနေ တည်ငြိမ်အောင် ဆောင်ရွက်ခဲ့တယ်။ ငွေရေးကြေးရေးနဲ့ စီးပွားရေးအတွက် ခိုင်မာတဲ့ မူဝါဒတွေ ချမှတ်ခဲ့တယ်။ အင်အားကြီးနိုင်ငံတွေကြား ဘက်မလိုက်ပဲ အားလုံးနဲ့ သင့်မြတ်အောင် ပေါင်းတယ်။
ဒီလိုနဲ့ စင်ကာပူမှာ ကူးသန်းရောင်းဝယ်မှုတွေ ပိုပြီးစည်ကားလာတယ်။ စက်ရုံတွေကနေ ဝင်ငွေတွေရလာတယ်။ စင်ကာပူရဲ့ အရေးအကြီးဆုံးအရင်းအမြစ်ဖြစ်တဲ့ လူသားအရင်းအမြစ်ဟာ ပညာတတ်တွေ များလာတယ်။
ခေတ်ကာလအခြေအနေကိုကြည့်ပြီး အမြတ်နည်းလာတဲ့ လုပ်ငန်းတွေကို နိုင်ငံတွင်းကနေ ဖြုတ်ပစ်ပြီး အမြတ်များတဲ့ လုပ်ငန်းတွေကို ပိုလုပ်လာတယ်။ နောက်ပိုင်းမှာ နည်းပညာပိုင်းနဲ့ ဝန်ဆောင်မှုပိုင်းကို ပိုပြီး အသားပေးလာတယ်။ ခရီးသွားလုပ်ငန်းကို ဖိပြီး လုပ်တယ်။
အနောက်နိုင်ငံက ကုမ္ပဏီကြီးတွေဟာ အာရှဘက်ကို ခြေဆန့်ချင်ရင် စင်ကာပူမှာ အရင်ဆုံး အခြေတည်ပြီးမှ ခြေဆန့်ကြတော့တယ်။ စင်ကာပူဟာ ငွေရေးကြေးရေးဆိုင်ရာ ကုန်သွယ်ဌာနကြီး ဖြစ်လာတယ်။ ပင်လယ်လမ်းကြောင်း အချက်အချာကျတဲ့ အားသာချက်နဲ့ အခြေတည်ထားရာက ခုဆိုရင် ချန်ဂီလေဆိပ်ကြီးဟာ အချက်အချာအကျဆုံး လေဆိပ်တစ်ခုလည်း ဖြစ်နေပါပြီ။
ဒီလို ဝင်ငွေရပေါက်ရလမ်းတွေ ထွင်ထားတော့ အိမ်နီးချင်းတိုင်းပြည်တွေထက် ဝင်ငွေပိုကောင်းလာပါတယ်။ ဝင်ငွေတွေ ကောင်းလာရင် ဖြစ်တတ်တာက အသုံးအဖြုန်း အလေအလွင့် များလာတတ်တာပါ။
နိုင်ငံတစ်နိုင်ငံအတွက် အသုံးအဖြုန်းအလေအလွင့်များတယ်ဆိုတာက နိုင်ငံ့ဝင်ငွေတွေကို ခိုးစားတာ၊ လာဘ်စားတာ၊ မလိုအပ်တဲ့ နေရာတွေမှာ ဖြုန်းပစ်တာမျိုးတွေပါ။ ဥပမာ နိုင်ငံခြား ကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီး နိုင်ငံအတွက် အမြတ်ကို ၅၀% ချန်ပြီး ကျန်တဲ့ ၅၀% ကို ကိုယ့်အိပ်ထဲထည့်တာမျိုး၊ စီးပွားရေးသမားတွေကို လုပ်ပိုင်ခွင့်တွေပေးပြီး လုပ်ပိုင်ခွင့်အတွက် အခွန်အခ ယူရမဲ့အစား ကိုယ့်အတွက် လာဘ်ယူတာမျိုး၊ တံတားဆောက်ဖို့ သိန်း တစ်သောင်းကုန်မှာကို သိန်း နှစ်သောင်း ဘတ်ဂျက်ပြပြီး စီးပွားရေးသမားက သိန်း ၅၀၀၀၊ နိုင်ငံရေးသမားက သိန်း ၅၀၀၀ ခွဲယူတာမျိုး၊ နိုင်ငံအတွက်အကျိုးမရှိတဲ့ နေရာတွေမှာ ငွေတွေ ဖြုန်းပစ်တာမျိုးတွေပါ။
စင်ကာပူနိုင်ငံဟာ ဒီလိုအသုံးအဖြုန်း အလေအလွင့်တွေနည်းပါးအောင် အထူးကြပ်မတ်လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုမလုပ်နိုင်တဲ့ နိုင်ငံတွေမှာတော့ ပလိုင်းပေါက်နဲ့ ဖားကောက်တဲ့ အဖြစ်မျိုးတွေ ဖြစ်ရပါတယ်။
စင်ကာပူနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း နိုင်ငံတော်သုံးငွေအတွက် ချေးယူသုံးစွဲခြင်းကို တားမြစ်ထားပါတယ်။ မိုက်တယ်နော်။
ဝင်ငွေဟာ ထွက်ငွေထက်များနေတဲ့အခါ အပိုငွေတွေ ထွက်လာပါတယ်။ စင်ကာပူနိုင်ငံဟာ ဒီလိုပိုထွက်လာတဲ့ငွေတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့ပါတယ်။ နိုင်ငံတကာက အကျိုးအမြတ်ရနိုင်တဲ့လုပ်ငန်းတွေထဲမှာ ငွေထည့်ပြီး အကျိုးအမြတ်တွေ ပုံမှန်ရနေအောင် လုပ်ထားပါတယ်။ (မြန်မာနိုင်ငံမှာတောင် လာပြီး ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းတွေ ရှိပါရဲ့။)
စင်ကာပူအနေနဲ့ ခုလိုဘဏ္ဍာတွေ စုဆောင်းရင်းနှီးမြှုပ်နှံထားတယ်ဆိုတာ အကြပ်အတည်းကာလတွေမှာ ချေးငှါးစရာမလိုပဲ ထုတ်သုံးနိုင်ဖို့ရယ်၊ နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုတွေကနေ အပိုဝင်ငွေရဖို့ရယ်၊ နိုင်ငံ စီးပွားရေးအခြေအနေ တည်ငြိမ်စေဖို့ရယ်ပါ။
(စင်ကာပူနိုင်ငံက စုဆောင်းငွေတွေ ရင်းနှီးမြှုပ်နှံရင်း အမြတ်ငွေတွေ ရနေတဲ့အချိန် မြန်မာနိုင်ငံမှာတော့ ခေတ်အဆက်ဆက်မှာ နိုင်ငံတော် ရငွေထက် နိုင်ငံတော်သုံးငွေက ပိုများနေတာ ဒီနေ့ထိပါပဲ။ အကြွေးတွေအတွက် ပေးနေရတဲ့အတိုးတွေကလည်း မနည်းပါဘူး။)
ဟော ခုတော့ ကိုဗစ်ဖြစ်ပြီ။ တစ်ကမ္ဘာလုံး စီးပွားရေး ကျဆင်းနေတာမို့ စင်ကာပူလည်း အထိနာပါတယ်။ နိုင်ငံသားတွေအတွက်၊ နိုင်ငံတွင်းက လုပ်ငန်းရှင်တွေအတွက် ထောက်ပံ့မှုတွေ လုပ်ရတော့မယ်။ ဒါပေမဲ့ စုဆောင်းထားတာတွေ အများကြီးရှိတော့ ခုလို ထုတ်သုံးရလည်း အေးဆေးပါပဲ။ ချမ်းသာနေဆဲပါပဲ။
မစုဆောင်းထားတဲ့ နိုင်ငံတွေကတော့ ခုလိုကာလမှာ ချေးစားရဦးမပေါ့။ အတိုးတွေ ထပ်တက်ဦးမယ်။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment