Friday, October 30, 2020

မိ​အေး​နဲ့ မိစု

မိ​အေးတစ်ယောက် ကြွေး​သံသရာထဲမှာ စိတ်ညစ်ညစ်​နဲ့ ​​​ဖေ့စ်ဘွတ်ခ်လေး ထိုင်ကြည့်နေတုန်း ငယ်ငယ်က သူငယ်ချင်း မိစု​​နဲ့ လိုင်း​​ပေါ်မှာ ​ပြန်ဆုံကြပါတယ်။

မိစုက​​တော့ ​​တော်​​တော် ​အဆင်​ပြေ​နေပုံ ရပါတယ်။ ရွှေတွဲလဲ ​ငွေတွဲလဲ​နဲ့​​ပေါ့။ မိစု​နဲ့ မိ​အေးက ငယ်ငယ်ကတည်းက ​​ကျောင်း​နေဖက်ပါ။ နှစ်ယောက်လုံး​ရဲ့ မိဘ​တွေကလည်း သူလိုကိုယ်လို ​အလယ်​အလတ်တန်းစားထဲကပါပဲ။ ​မိ​အေး​နဲ့ မိစု အသီးသီး အိမ်​​ထောင်​တွေကျပြီး အဆက်​အသွယ်ပြတ် ကွဲကွာသွားကြတာ နှစ်​​ပေါင်း ​အ​​တော်ကြာပြီ​​ပေါ့။

ခု လိုင်း​​ပေါ်မှာ ​​​ပြန်​​တွေ့ကြ​​​တော့ မိ​အေးခမျာ ကြွေးပူ​တွေကြား ​သောကရောက်​နေ​တဲ့​အချိန် မိစုက​​တော့ ပြုံးပြုံး​​ပျော်​​ပျော်ပါပဲ။ ​ပြောမနာဆိုမနာ ငယ်သူငယ်ချင်း​တွေဆို​​တော့ မိ​အေးက မိစုကို ခုလို​​ချောင်လည်ချမ်းသာ​နေရ​တဲ့ လျှို့ဝှက်ချက်ကို မေးပါတယ်။ ထီပေါက်လို့လား၊ ချဲပေါက်လို့လား​​ပေါ့။ ထီပေါက်ချဲပေါက်မှပဲ ဒီလို ချမ်းသာလာနိုင်မှာလို့ မိ​အေးက ထင်​နေတာကိုး။

မိစုကလည်း သူ့ဘဝ​ဇာတ်​​ကြောင်း​တွေကို ​သေချာ​ပြောပြပါတယ်။

အိမ်​​ထောင်ကျခါစက မိစုတို့ လင်မယားနှစ်ယောက် ​အလုပ်မရှိ ဝင်​ငွေမရှိလို့ ရှိ​တဲ့ လက်စွပ်လေး ​​ပေါင်ပြီး သုံးရပါတယ်။ ​​ထုခွဲစရာ လက်စွပ်လေးရယ်၊ ဆွဲကြိုးလေးရယ်ရှိလို့ တော်သေးတာ​​ပေါ့။

ဒီလို​နဲ့ ဘာမှမလုပ်ပဲထိုင်စား​နေရင် ရှိတာ​​ပြောင်မှာပဲဆိုတာတွေးမိလို့ ဆွဲကြိုးကို​​ပေါင်ပြီး ​​အသေးစား ကန်ထရိုက်လုပ်ငန်းလေးကို စလုပ်ရင်း လင်မယားနှစ်ယောက် ရုန်း​ကန်​ခဲ့ကြပါတယ်။ ​အဆင်ပြေတစ်​လှည့် မ​ပြေတစ်​လှည့်​​ပေါ့။

သူတို့ လက်စွပ်​​ပေါင်၊ ဆွဲကြိုး​​ပေါင်လို့ ပေး​ခဲ့ရ​တဲ့​အတိုး​တွေကို စိတ်နာတယ်။ နောက်ထပ်​အကြွေးမတင်အောင် ​​ရှောင်တယ်။ ရ​တဲ့ ဝင်​ငွေ​နဲ့ လောက်အောင်သုံးတယ်။ ပို​တဲ့​ငွေ​ကို စု​​ဆောင်းပြီး ပေါင်ထား​တဲ့ လက်စွပ််​နဲ့ ဆွဲကြိုးကို ​ပြန်ရွေး​ခဲ့တယ်။

နောက်ပိုင်း​ လုပ်ငန်း အဆင်​ပြေလာ​​တော့ သူများ​တွေလို ကြွားဝါပြီး သုံးဖြုန်းတာမျိုး​တွေ မလုပ်ပါဘူး။ ဝင်​ငွေ​ရဲ့ ၅၀% ​​ကျော်ကို စုဖြစ်တယ်။

စုမိ​တဲ့​ငွေကိုလည်း ထပ်ပွါးအောင် ပဲနှမ်း​အ​​ရောင်း​အဝယ် လုပ်​ခဲ့ပါတယ်။ ​အချို့​ငွေ​တွေကို ယုံကြည်စိတ်ချရ​တဲ့ ပွဲရုံ​တွေမှာ ​အတိုး​ပေးထားပါတယ်။ ရှယ်ယာသ​ဘောမျိုး ​​ငွေ​ထည့်ထားတယ်လို့​ ပြောရင်လည်း ရပါ​ရဲ့။ အဲဒီပွဲရုံ​တွေက​နေ တစ်လကို နှစ်ကျပ်တိုးလောက် ​အတိုး​အမြတ်ရ​ခဲ့ပါတယ်။

ဒီလို​နဲ့ ​စုမိ​ငွေ​နဲ့ အမြတ်​ငွေ​တွေများလာ​​တော့ ​မြေကွက်ဝယ်ပါတယ်။ ဈေးသင့်တင့်​တဲ့ ​​မြေကွက်လေး​တွေကို မျက်​​စေ့ဖွင့်နားစွင့်ပြီး ရှာတတ်ရတာ​​ပေါ့။ ဝယ်တာကလည်း ပိုင်ဆိုင်မှုမခိုင်မာ​တဲ့ ​မြေ​တွေကို ဝယ်တာ မဟုတ်ပါဘူး။ စိတ်ချရ​တဲ့ ဂ​ရန်​မြေကွက်​တွေကို ဝယ်တာပါ။

​မြေဆိုတာ ရင်းနှီးမြှုပ်​နှံမှုလုပ်တာမို့ ​အနည်းဆုံး ၁၀ နှစ်​​တော့ ကိုင်ထားနိုင်ရမယ်လို့ သူ သိထားပါတယ်။ ကြားထဲမှာ ဈေးတက်တက် ဈေးကျကျ ​​ရောင်းဖို့ မစဥ်းစား​ခဲ့ပါဘူး။ ​ငွေလည်း မလိုဘူး​လေ။

ဒီလို​နဲ့ ​​ဖြည်း​ဖြည်းချင်း စုရာက ရန်ကုန်မှာ ​မြေတစ်ကွက်၊ ​နေပြည်​​တော်မှာ ​မြေတစ်ကွက် ပိုင်ဆိုင်နိုင်​ခဲ့ပြီ။

ထပ်ပြီး စုမိလာ​တဲ့ ​ငွေ​တွေကိုလည်း ၂ ကျပ်တိုးလောက်​နဲ့ ပွဲရုံ ​တွေမှာ ​ငွေအပ်ထားပါတယ်။ ပွဲရုံ တစ်ရုံထဲမှာ ​ငွေ​အားလုံး ​ထည့်ထားမိလို့ အဲဒီ ပွဲရုံ​အရှုံး​​ပေါ်​နေရင် ​ငွေ​တွေဆုံးရှုံးသွားနိုင်မှန်း မိစုသိတယ်။ ဒီ​​တော့ စိတ်ချရ​တဲ့ ပွဲရုံ ၄ ရုံလောက်ကို ခွဲပြီး ​ငွေ​​ထည့်ထားပါတယ်။

ရှိသမျှ​ငွေ​တွေ​အားလုံးကို ပွဲရုံ​တွေဆီ ပေးထားတာ​​တော့ မဟုတ်ပါဘူး။ ​အရေး​​ပေါ်  ​ရန်ပုံ​ငွေ​နဲ့ ​​ငွေပို​အချို့ကို ​ဘဏ်မှာ အပ်ထားပါသေးတယ်။ ဈေးနှုန်းသင့်​​တော်​တဲ့ ​မြေကွက်လေး​တွေ ​​တွေ့ရင် ချက်ချင်း စ​ရန်ချနိုင်အောင်ပါ။

ခုဆိုရင် ​ပွဲရုံ​တွေကရ​တဲ့​ငွေ​ရဲ့ ၃ ပုံ ၁ ပုံကိုပဲ ​အသုံးစရိတ်​အတွက်သုံးပြီး ​ကျန်တာကို စုပါတယ်။ ​အခြားလုပ်ငန်း​တွေကရ​တဲ့​​ငွေ​တွေရယ်၊ သူ့​အမျိုးသားရှာလို့ရ​တဲ့​ငွေ​တွေရယ်က​​တော့ ​အသားတင်ကို စုမိ​နေပါတယ်။

ဝင်​ငွေ​တွေတိုးလာ​ပေ​မဲ့ ​အသုံးစရိတ်တွေ တိုးမလာအောင်လည်း ​အထူးဂရုစိုက်ပါတယ်။ ​အဝတ်အစားဆိုရင်လည်း သင့်​​​​တော်သလောက်ပဲ ဝယ်ဝတ်ပါတယ်။ ကလေး ၂ ယောက်ကိုလည်း ​အရမ်း​ အလိုမလိုက်ပါဘူး။ ကလေး​တွေကို ကိုယ်တိုင်ထိန်း​​ကျောင်းပြီး ကိုယ်တိုင်ပဲ စာသင်ပေးပါတယ်။

​အစား​အသောက်ပိုင်းမှာ​​တော့ ကျန်းမာမှ ဆေးဖိုးဝါးခမကုန်မှာမို့ ကျန်းမာရေး​နဲ့ မညီညွတ်​တဲ့ ဈေး​ပေါ​ပေါ​အစား​အစာ​တွေ စားတာမျိုး​​တော့ ​​ရှောင်ပါတယ်။ ​အာဟာရရှိ​တဲ့ အစား​အသောက်​အတွက်​​တော့ ​ငွေသုံးဖို့ မနှ​​မြောပါဘူး။

ခုဆို ​အိမ်​ထောင်သက် ၁၀ နှစ်​​​ပြည့်ပြီ။ ငွေစုထားတာ ​ရန်ကုန်မှာ ၃ ထပ်တိုက်ဆောက်ဖို့ ​ငွေလည်း ​ပြည့်​နေပြီလို့ မိစုက မိ​​အေးကို ​ပြောပြပါတယ်။

မိစု​ရဲ့ ​အ​​တွေ့​အကြုံ စကား​တွေကိုကြားရ​​တော့ မိ​အေး မျက်ရည်ကျမိပါတယ်။ မိ​အေး အိမ်​​ထောင်ကျတုန်းကလည်း ရွှေတစ်ဆင်စာ ပါလာပါတယ်။ ဒီလိုပဲ မ​ပြေလည်လို့ ထုခွဲ​​ရောင်းချရင်း ကုန်သွားတာ။ မိစုလို ရွှေကို ထုခွဲ​​ရောင်းချပြီး ​​အရင်း​အနှီး​​အဖြစ် ​အလုပ်လုပ်ဖို့​အတွေး​ခဲ့မိဘူး။ ​​ငွေရှာဖို့​အတွက် ထီထိုး၊ ချဲထိုး၊ စုမဲစုတာလောက်ပဲ လုပ်တတ်​ခဲ့တာ။

မိစုလို ​အတိုးပေးစားဖို့ ကြိုးစားဖူးပါ​ရဲ့။ သူများဆီက ၁၀ တိုး​နဲ့ယူပြီး ၁၅ ကျပ်တိုး​နဲ့ တစ်ဆင့်​ပြန်ပေးတာ။ မကြာပါဘူး။ ၁၅ ကျပ်တိုး​နဲ့ ယူထား​တဲ့သူ​တွေက ​ပြန်မဆပ်ပဲ ထွက်ပြေးကြလို့ စိုက်ဆပ်ပေးလိုက်ရသေးတယ်။

မိစုက လုပ်ငန်းလည်ပတ်​နေပြီးသား စိတ်ချရ​တဲ့ ပွဲရုံ​တွေကို ​အတိုးနှုန်း သက်သက်သာသာ​နဲ့ ချေးပေးထားတာ။ ပွဲရုံ​တွေ​အတွက်လည်း သူတို့​ပြန်ရ​တဲ့ ​အမြတ်​နဲ့ဆို ကိုက်လို့ ယူတာ။ ရှယ်ယာသ​​ဘောမျိုးလို့​​တောင် ​ပြောလို့ရပါ​ရဲ့။

မိ​အေး ၁၅ ကျပ်တိုး​နဲ့ သွားချေးပေးမိတာက ​ဝင်​ငွေထက် ထွက်​ငွေများပြီး အကြွေးလည်ပင်းလောက်နစ်​နေ​တဲ့သူ​တွေကို မစစ်မဆေးပဲ ​အတိုးကြီးကြီး​နဲ့ သွားပေးမိတာ။ မတူဘူး​လေ။ ​

မိ​အေး ငို​နေ​ပေ​မဲ့ ​အ​​မှောင်လမ်းမှာ ​အလင်းတန်းတစ်ပွင့်ကို ​​တွေ့သွားပါပြီ။ ​မိစု​ရဲ့ ​ဘဝ​အ​ခြေ​အ​နေကိုကြည့်ပြီး ​အားတက်ရပါပြီ။​​ ​အသက်ရှင်​နေသ၍ ကြိုးစားခွင့် ရှိ​နေသေးတယ်။ ရှေ့လျှောက် လင်မယားနှစ်ယောက်လုံး ​အသုံး​အဖြုန်းကို လျှော့​​တော့မယ်။ နှစ်ယောက်လုံး ​အလုပ် ထွက်လုပ်ကြ​​မယ်။ ​အရင်ကထက် နှစ်ဆ ပိုကြိုးစား​​တော့မယ်။ လိုအပ်​တဲ့​အ​ကြံဉာဏ်​တွေယူဖို့ မိစုဆို​တဲ့ ငယ်သူငယ်ချင်း​​ကောင်းတစ်ယောက်လည်း ရှိ​နေပြီ​လေ။

(ကာယ​ကံရှင်​ရဲ့ ခွင့်ပြုချက်​နဲ့ ဖြစ်ရပ်​မှန် ဇာတ်လမ်းလေး နှစ်ပုဒ်ကို တစ်ပုဒ်​​ပေါင်းပြီး ​အနည်းငယ် ပြုပြင်ရေးသားထားပါတယ်။ နာမည်​တွေကိုလည်း လွှဲ​​ပြောင်းထားပါတယ်။ ​အပြင်မှာ​​တော့ မိစု​နဲ့ မိ​အေးဟာ သူငယ်ချင်း​တွေ မဟုတ်ကြပါဘူး။)

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment