Friday, October 30, 2020

ဒီ​အချိန် ရွှေဝယ်သင့်သလား

ရွှေဈေး​တွေ တရိပ်ရိပ်တက်​နေပါတယ်။ ကမ္ဘာ့ရွှေဈေးက ​အမြင့်ဆုံးနားမှာမို့ ​မြန်မာ့ရွှေဈေးလည်း လိုက်တက်ပါတယ်။

#ရွှေစျေးဘာကြောင့်တက်

ကမ္ဘာ့ရွှေဈေး ဘာလို့တက်လဲဆို​​တော့ ​အ​မေရိ​ကန်နိုင်​ငံ​အပါ​အဝင် ကမ္ဘာတလွှားမှာ ကိုဗစ်​​ကြောင့် ကြပ်တည်း​နေ​တဲ့ လုပ်ငန်းရှင်​တွေ၊ ပြည်သူ​တွေကို ​ငွေစက္ကူ​တွေ ရိုက်ထုတ်ပြီး ကူညီ​နေလို့ပါ။ ​ငွေစက္ကူရိုက်ထုတ်တယ်ဆိုတာ နားလည်လွယ်အောင်သာ ​ပြောရတာပါ။ ဒီဘက်​ခေတ်မှာ​​တော့ ​ငွေစက္ကူ​အသစ် ရိုက်နှိပ်စရာမလိုပဲ ​ဘဏ်စနစ်ကွန်ပျူတာ​စာရင်းအင်းတွေထဲမှာ ကိန်းဂဏန်းလေး​တွေ တိုးပေးလိုက်တာပါ။ ​

အစိုးရက ချက်လက်မှတ်လေး ထုတ်ပေးလိုက်ရင် လူ​​အများစုက ​ချက်လက်မှတ်က​ ငွေကို သူတို့​ ​ဘဏ်အ​​ကောင့်ထဲကို တိုက်ရိုက် လွှဲ​ထည့်လိုက်တာကိုး။ ​ငွေစက္ကူသစ်​တွေ ရိုက်ထုတ်ပြီး ပေးစရာ မလို​​တော့ဘူး​​ပေါ့။

ဒီလို ​ငွေစက္ကူ​တွေ ရိုက်ထုတ်​တဲ့အခါ ​ငွေကြေး​​ဖောင်းပွမှု​တွေဖြစ်လာပါတယ်။

​ငွေ​​ကြေး​​ဖောင်းပွမှုရှိလာ​တဲ့​အခါ ရွှေဈေးတက်​​လေ့ရှိပါတယ်။

ဒါ့​အပြင် ကိုဗစ်ကာလ မ​ရေရာ​တဲ့ စီးပွားရေး​အ​ခြေ​အ​နေ​တွေ၊ ​အ​မေရိ​ကန်​နဲ့ တရုတ်ကြား တင်းမာမှု​တွေကြားမှာ ငွေကိုင်ထား​တဲ့သူ​တွေက စီးပွား​ရေးလည်းမလုပ်ရဲ၊ ​​အခြား ဆုံးရှုံးနိုင်​ခြေများ​တဲ့ ရင်းနှီးမြှုပ်​နှံမှု​တွေထဲလည်း ​ငွေမ​ထည့်ရဲ၊ ဘဏ်တိုးနည်းလို့ ​ဘဏ်မှာလည်း မအပ်ချင်ပဲ "စိတ်ချရ​တယ်၊ ဈေးတက်နိုင်​ခြေရှိတယ်" လို့ ယူဆကြ​တဲ့ ရွှေကို ပြေးဝယ်တတ်ကြပါတယ်။ ဒီလို ပြေးဝယ်ကြ​တဲ့​အခါ ဝယ်လို​အားများလာ​တဲ့​အတွက် ရွှေဈေးတက်ပါတယ်။

ဝယ်လို​အားများလာ​ပေ​မဲ့ ကိုဗစ်​​ကာလ ရွှေတူး​​ဖော်ရေးလုပ်ငန်း​တွေ ​​နှောင့်နှေးတာ​​ကြောင့် ရွှေ​အဝယ်လိုက်သလောက် ​​ရောင်းဖို့ ရှား​နေပါတယ်။ ဒီ​​တော့ ဈေးပိုတက်ပါတယ်။

ရွှေဈေးတက်​တဲ့​အခါ ​​စောင့်ကြည့်​နေ​တဲ့သူ​တွေက "ဟော ရွှေဈေး​တွေ တစ်ရိပ်ရိပ်တက်​နေတယ်။ ​အမြတ်ရအောင် ပြေးဝယ်လိုက်ဦးမှ" ဆိုပြီး ပြေးဝယ်ကြလို့ ရွှေဈေးက ပိုတက်လာပါတယ်။ ဒီလို​နဲ့ တရိပ်ရိပ်တက်လာ​တဲ့ ရွှေဈေးဟာ ဘာဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

#ရွှေဝယ်သင့်သလား

လက်ရှိမှာ ကျွန်​​တော့်ကို ရွှေဝယ်သင့်သလားလို့မေးလာရင် ​ဖြေရခက်ပါတယ်။

ကျွန်​​တော် ရွှေ​အ​​ကြောင်းရေးထား​တဲ့ ​​ဆောင်းပါး​တွေ ရှိပါတယ်။ ကျွန်​​တော်ဟာ ရွှေကျွမ်းကျင်သူ​​တော့မဟုတ်ပါဘူး။ ကိုယ့်​ငွေကို ရွှေထဲ​ ထည့်မမြှုပ်ခင် သိသင့်သိထိုက်တာ​တွေကို နည်းနည်းပါးပါးသိထား​တဲ့ ​အပြင်လူတစ်ယောက်ပါပဲ။

ကျွန်​​တော်က​​​​တော့ လက်ရှိပေါက်ဈေးမှာ ရွှေမဝယ်ပါဘူး။ ​အရင်က ဝယ်ထား​တဲ့ ရွှေ​တွေကိုလည်း ​ပြန်​​ရောင်းဖို့ ​အစီ​အစဥ်မရှိသေးပါဘူး။

ဈေးတက်​နေ​တဲ့​အချိန် ဝယ်ချင်စိတ်မရှိလို့ပါ။ ​​ရောင်းဖို့​အတွက်လည်း ​ငွေမလိုလို့ပါ။

ရွှေဈေး​တွေ ​ပြန်ကျ​တဲ့​အချိန်၊ ကမ္ဘာ​​ပေါ်က လူ​အများစု ကြောက်စိတ်ဝင်ပြီး ထုတ်​​ရောင်း​တဲ့​အချိန်ရောက်မှ ဝယ်မှာပါ။ ရွှေဈေး​တွေ ​ပြန်မကျပဲ မတရားထိုးတက်သွား​​ခဲ့ရင်​​တောင် လက်ရှိ ၁၃ သိန်း​​ကျော်ဈေး​နဲ့ မဝယ်လိုက်မိ​လေခြင်းဆိုပြီး ယူကြုံးမရ ဝမ်းနည်းမယ့်သူ​တွေထဲမှာ ကျွန်​​တော်မပါပါဘူး။ ​လောဘသတ်ထားပါတယ်။

လစဥ် ပုံ​မှန် ဝယ်စု​နေကြသူ​တွေ​အတွက်​​တော့ ပုံ​မှန်ဝယ်​နေကျ​အတိုင်း ဝယ်စုပါ။ မမှားပါဘူး။

ဒါ​ပေ​မဲ့ ရွှေဈေး​တွေ တက်​နေလို့ ​လောဘတက်ပြီး ရှိ​တဲ့​​ငွေ​တွေကို ​ဘဏ်ကထုတ်ပြီး ရွှေဝယ်လိုက်ချင်တယ်ဆို​တဲ့သူ​တွေကို​​တော့ သတိပေးချင်ပါတယ်။ မလုပ်ပါ​နဲ့။ ဒါ​​လောင်းကစား​ဆန်သွားပြီ။

၂၀၁၉ စက်တင်ဘာလလောက်က ​ဘဏ်​တွေ လှုပ်လှုပ် လှုပ်လှုပ်​​ဖြစ်​​တော့ ​ဘဏ်က​ငွေ​တွေ ပြေးထုတ်ပြီး ရွှေပြေးဝယ်ကြ​တဲ့သူ​တွေ ရှိပါတယ်။

၂၀၁၉ စက်တင်ဘာလပိုင်းက ဈေး​အတက်ပိုင်း (၁၂ သိန်းခွဲ ဈေး) မှာ ဝယ်​ခဲ့​တဲ့သူ​တွေ ကျွန်​​တော်​နဲ့ လာတိုင်ပင်ကြပါတယ်။ "ဈေးကြီးမိပြီး ဝယ်မိသွားပြီ။ ဈေး​တွေကလည်း တရိပ်ရိပ်​ပြန်ကျ​နေပြီ။ ​​နေ့တိုင်း ​အရှုံး​​​ပေါ်​နေတယ်။ ဘာဆက်လုပ်သင့်လဲ" လို့ ​အ​​ကြံ​​တောင်းလာ​တဲ့သူ​တွေ ရှိ​ခဲ့ပါတယ်။ ဈေး​​တွေ ဆက်ကျ​နေ​တဲ့​အခါ ​အရှုံး​​ပေါ်လို့ ညဘက် အိပ်မ​​ပျော်နိုင်​တဲ့သူ​တွေ ရှိပါတယ်။

စိတ်ရှည်ရှည်ထားပြီး ​​စောင့်ဆိုင်းဖို့၊ ရွှေဈေးဟာ နောက် ၅ နှစ်​အတွင်းမှာ ​အနည်းဆုံး တစ်ကြိမ်​​တော့ ၁၃ သိန်း​​ကျော်ဦးမှာဖြစ်​​ကြောင်း ​အားပေး​ခဲ့ပါတယ်။ (၅ နှစ်ကာလဆို​​တော့ ခန့်မှန်းရလွယ်ပါတယ်။ မနက်​ဖြန်​နဲ့ ​​ရှေ့​အပတ်ကို ခန့်မှန်းရလောက်အောင်​​တော့ ကျွန်​​တော် မတတ်ကျွမ်းပါဘူး။)

ခု​​တော့ ၅ နှစ်​​​တောင် မ​​စောင့်ရပဲ ၁ နှစ်​အတွင်း ရွှေဈေး ၁၃ သိန်း​​ကျော်ဖြစ်လာ​ခဲ့ပါတယ်။ ကျွန်​​တော်ပေး​တဲ့​အ​ကြံ​အတိုင်း စိတ်ရှည်ရှည်ထားပြီး ​​စောင့်​တဲ့သူ​တွေ​​တော့ ​အမြတ်ရသွားကြပါတယ်။ ဒီကြားထဲမှာ စိတ်မရှည်​​တော့လို့ ​​ဖြစ်ဖြစ်၊ ဈေးထပ်ကျမှာ ကြောက်လွန်းလို့ ဖြစ်ဖြစ်၊ ​ငွေလိုလို့ပဲဖြစ်ဖြစ် ​​ရောင်းလိုက်ရ​တဲ့သူ​တွေက​​တော့ ရှုံးပါတယ်။

ဒီ​​တော့ ​ရွှေဈေးကို ဈေး​အမြင့်ဆုံးမှာ ဝယ်မိရင် ဈေး​ပြန်ကျသွား​တဲ့​အခါ စိတ်ဆင်း​ရဲရတတ်ပါတယ်။ စိတ်ရှည်ရှည်​နဲ့ ​ပြန်​​စောင့်ရတတ်ပါတယ်။ ​

​ရေတိုမှာ ရွှေဈေးတက်မလားကျမလား ​ပြောရခက်ပါတယ်။ တက်နိုင်သလို ကျနိုင်ပါတယ်။ ဒီ​​တော့ ရှိသမျှ ငွေ​တွေကို ပုံ​အောပြီး ရွှေဝယ်လိုက်တာမျိုးကို ​​ရှောင်ပါ။ ​ငွေရှိရင်၊ ဘာစီးပွားရေးမှ မလုပ်ရဲသေးရင် ရွှေ၊ ​​ဒေါ်လာ၊ အိမ်​ခြံ​မြေ၊ ​ဘဏ် စသဖြင့် ခွဲပြီး စုထားပါ။

ရွှေ ဝယ်ချင်ရင်​​တောင် တစ်ရက်တည်းမှာ တစ်ကြိမ်တည်း ပုံ​အောပြီး ဝယ်လိုက်တာမျိုးကို ​​ရှောင်ပါ။ တစ်ပတ်ခြား၊ တစ်လခြား၊ နှစ်လခြား စသဖြင့် ခွဲပြီး ​ဖြည်း​ဖြည်းချင်းဝယ်သင့်တာပါ။

နောက်ဆို ရွှေဈေး​တွေ မတရားတက်​နေ​တဲ့​အချိန်ရောက်မှ ရွှေဝယ်ဖို့ သတိရတာမျိုး၊ သူများ ​ဝေ​လေ​လေမှ ကိုယ်​ဝေ​လေ​လေ လုပ်တာမျိုး ရှောင်ပါခင်ဗျာ။ ရွှေဈေး​တွေ ​အေး​နေ​တဲ့​အချိန်မှာ ဝယ်ဖို့ သတိရကြပါ။

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment