အသက်အာမခံဆိုတာဘာလဲ
အသက်အာမခံထားတယ်ဆိုတာ မိမိသေဆုံးသွားတဲ့အခါမှာဖြစ်ဖြစ်၊ အလုပ်မလုပ်နိုင်တော့လောက်အောင် တစ်သက်လုံး မသန်စွမ်း ဒုက္ခိခတဖြစ်သွားတဲ့အခါမှာဖြစ်ဖြစ် လျော်ကြေးရအောင် အသက်အာမခံကုမ္ပဏီတစ်ခုခုမှာ နှစ်စဥ်ကြေး (သို့မဟုတ် လစဥ်ကြေး) ပေးသွင်းထားပြီး အာမခံရယူထားတာကို ဆိုလိုတာပါ။
#ဘယ်သူတွေအသက်အာမခံထားသင့်သလဲ
အိမ်တစ်အိမ်ရဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဟာ သူ ငယ်ငယ်ရွယ်ရွယ်နဲ့ ရုတ်တရက် သေဆုံးသွားတဲ့အခါ သူ့ရဲ့ ဇနီးမယား သမီးသားတွေ ဆင်းဆင်းရဲရဲနဲ့ ကျန်ခဲ့မှာကို စိုးရိမ်တယ်။ သူသေသွားရင် မိသားစုအတွက် ငွေလုံလုံလောက်လောက် ထားခဲ့ချင်တယ် ဆိုပါစို့။
စုမိငွေ နည်းနည်းလေးပဲ ရှိသေးတဲ့အချိန် အနိစ္စသဘောအရ သေဆုံးသွားနိုင်တယ်။ ဒီတော့ အသက်အာမခံ ကုမ္ပဏီမှာ သူသေသွားရင် မိသားစုအတွက် ရင်းနှီးလုပ်ကိုင်စားသောက်စရာ ငွေလုံလုံလောက်လောက် ကျန်ခဲ့အောင် အသက်အာမခံ လုပ်ထားလေ့ရှိပါတယ်။
ပြီးတော့ အိမ်ဝယ်ဖို့ ကားဝယ်ဖို့ စသဖြင့် ချေးငွေတွေ ယူထားမိတယ်ဆိုပါစို့။ ကိုယ်ရုတ်တရက် သေသွားခဲ့ရင် ကျန်ရစ်ခဲ့တဲ့ မိသားစုက အဲဒီအကြွေးတွေကို ပြန်ဆပ်နိုင်စွမ်းမရှိလောက်ဘူးဆိုရင် အဲဒီအကြွေးပမာဏကို အာမခံထားလိုက်ခြင်းအားဖြင့် ကိုယ်သေသွားတဲ့အခါ ကျန်ခဲ့တဲ့မိသားစုက အာမခံလျော်ကြေးကို သုံးပြီး အကြွေးတွေ အကုန်ဆပ်လိုက်နိုင်တာပေါ့။
သားသမီးတွေအပေါ် အသက်အာမခံထားပေးတာမျိုးတွေလည်း ရှိပါတယ်။ သားသမီးတွေ မတော်တဆ ဆုံးပါးသွားတဲ့အခါ လျော်ကြေးရအောင်ပါ။ ဒါကတော့ သားသမီးတွေရဲ့ ဝင်ငွေအပေါ် မှီခိုနေရတဲ့ မိဘတွေအတွက်ပါ။ ကျောင်းသားကျောင်းသူအရွယ် သားသမီးတွေအတွက်တော့ ဒါမျိုး အသက်အာမခံထားဖို့ သိပ်မလိုလှဘူးလို့ မြင်မိပါတယ်။
အသက်အာမခံ ထားဖို့ မလိုတဲ့သူတွေလည်း ရှိပါတယ်။ တကယ်လို့ ကိုယ်သေသွားခဲ့ရင်တောင် ကိုယ်ချန်ထားခဲ့တဲ့ ကြွယ်ဝချမ်းသာမှုတွေဟာ မိသားစုအတွက် ဖူလုံတယ်ဆိုရင်တော့ အသက်အာမခံ မထားလည်း ရပါတယ်။
#အသက်အာမခံအမျိုးမျိုး
အသက်အာမခံ အမျိုးမျိုးရှိပါတယ်။
(၁) #အာမခံသီးသန့်
သေဆုံး (သို့) ထာဝစဥ် မသန်စွမ်းဖြစ်သွားတဲ့အခါမှာပဲ လျော်ကြေးကို အကျိုးခံစားခွင့်ရှိပြီး တကယ်လို့ အာမခံထားရှိတဲ့ ကာလ (ဥပမာ ၅ နှစ် ၊ ၁၀ နှစ်၊ နှစ် ၂၀ စသဖြင့်) အပိုင်းအခြားအတွင်းမှာ သေဆုံးခြင်း မသန်စွမ်းဖြစ်ခြင်း မရှိတဲ့အခါ ဘာမှ ပြန်မရတော့တဲ့ အာမခံအမျိုးအစားပါ။
ဒီလိုအာမခံအမျိုးအစားမျိုးတွေဟာ ဈေးတော်လေ့ရှိပါတယ်။ ဥပမာ သိန်း ၁၀၀ ဖိုး အာမခံထားတယ်ဆိုရင် တစ်နှစ်မှ တစ်သောင်းနဲ့ တစ်သိန်းကြားလောက်ပဲ အာမခံကြေးသွင်းရတာပါ။ အသက်လည်းငယ်တယ်၊ ရောဂါအခံလည်း မရှိဘူး၊ ဆေးလိပ်လည်း မသောက်ဘူးဆိုရင် နှစ်စဥ်ကြေး တစ်သောင်းလောက်ပဲကျတတ်ပြီး အသက်ကြီးလာတာနဲ့အမျှ နှစ်စဥ်ကြေးပိုများလာတတ်ပါတယ်။
တစ်သက်တာ အာမခံ၊ နှစ်ရှည်အာမခံ၊ ကာလတိုအာမခံ စသဖြင့် အမျိုးအစား အမျိုးမျိုးရှိပါသေးတယ်။
ဒီလိုမျိုး အသက်အာမခံမျိုးကို မြန်မာနိုင်ငံမှာ သိပ်မတွေ့မိသေးပါဘူး။ မြန်မာနိုင်ငံမှာကတော့ ဒုတိယတစ်မျိုးက ပိုခေတ်စားပါတယ်။
(၂) #ငွေစုအာမခံ
ဒီအာမခံကတော့ နည်းနည်းပိုရှုပ်ထွေးပါတယ်။ အပေါ်က (၁) မှာ ပြောထားသလို အသက်အာမခံသီးသန့်မဟုတ်ပဲ ငွေစုထားတဲ့ သဘောမျိုးလည်း ပါဝင်ပါတယ်။
အာမခံထားရှိတဲ့ ကာလ (ဥပမာ ၅ နှစ် ၊ ၁၀ နှစ်၊ နှစ် ၂၀ စသဖြင့်) အပိုင်းအခြားအတွင်းမှာ သေဆုံး/မသန်စွမ်း မဖြစ်ရင်တောင် ကိုယ်သွင်းထားတဲ့ ပမာဏအပြင် အတိုးအနည်းငယ်ပါ ပြန်ရတတ်တဲ့ အာမခံမျိုးပါ။ ဒီကြားထဲမှာ သေဆုံး/မသန်စွမ်း ဖြစ်သွားခဲ့ရင်လည်း အာမခံထားတဲ့ ပမာဏအပြင် ကိုယ်ပေးသွင်းထားတဲ့ ငွေတွေ (အားလုံးနီးပါး) ကိုပါ ပြန်ရတာမျိုးပါ။
#ကျွန်တော်တွက်ကြည့်တဲ့အခါ
(၁) အာမခံသီးသန့် နဲ့ (၂) ငွေစုအာမခံမှာ လူအများစုက (၂) ကို ပိုသဘောကျကြပါတယ်။ အာမခံသီးသန့် က ဘာမှသာမဖြစ်ခဲ့ရင် ငွေတွေ ပလုံသွားသလိုဖြစ်ပြီး ငွေစုအာမခံကတော့ ငွေတွေ ပြန်ရနိုင်တာကိုး။
ဒါပေမဲ့ ငွေစုအာမခံကို ရွေးတဲ့အခါ ငွေကုန်ကြေးကျပိုများပါတယ်။ ဥပမာ အသက် (၃၀) အရွယ်လူတစ်ယောက်ဟာ အသက် (၃၀) နဲ့ (၄၀) ကြား ၁၀ နှစ်တာ သိန်းတစ်ရာ တန်ဖိုး အသက်အာမခံ ထားမယ်ဆိုကြပါစို့။
အာမခံသီးသန့်ဆိုရင် တစ်နှစ်ကို ငွေ တစ်သောင်းလောက်ပဲ သွင်းရမှာပါ။ ဈေးကြီးလွန်းရင်တောင် တစ်နှစ်ကို ၅ သောင်း ထက် ပိုမပေးရပါဘူး။ တစ်နှစ် ၅ သောင်း သွင်းရရင်တောင် ၁၀ နှစ်ကို ၅ သိန်း။ ဘာမှ မဖြစ်ရင် ၅ သိန်း ရှုံးပြီ။ ဒီကြားထဲမှာ သေဆုံး/မသန်စွမ်း ဖြစ်ခဲ့ရင် ကျန်ရစ်ခဲ့တဲ့ မိသားစုက သိန်းတစ်ရာ ရမယ်။ (သိန်း တစ်ထောင် အာမခံထားချင်ရင် ကျွန်တော်တွက်ပြထားတာကို ၁၀ နဲ့ မြှောက်ပါ။)
ငွေစုအာမခံဆိုရင်တော့ တစ်နှစ်ကို ၈ သိန်းခွဲ၊ ၉ သိန်းလောက် သွင်းရမှာပါ။ ၁၀ နှစ်ဆိုတော့ ၈၅ သိန်း၊ သိန်း ၉၀ လောက် သွင်းရမယ်ပေါ့။ ဒီကာလအတွင်း ဘာမှမဖြစ်ရင် ၁၀ နှစ်ပြည့်တဲ့အချိန်မှာ သိန်း ၁၀၀ ပြန်ရမယ်။ ဒီကြားထဲမှာ သေဆုံး/မသန်စွမ်း ဖြစ်ခဲ့ရင် ကျန်ရစ်ခဲ့တဲ့ မိသားစုက သိန်းတစ်ရာ အပြင် အဲဒီအချိန်အထိ စုထားပြီးတဲ့ငွေ (အားလုံးနီးပါး) ကိုပါ ပြန်ရမယ်။ (သိန်း တစ်ထောင် အာမခံထားချင်ရင် ကျွန်တော် တွက်ပြထားတာကို ၁၀ နဲ့ မြှောက်ပါ။)
ကျွန်တော်တွက်ကြည့်ရသလောက် လက်ရှိမြန်မာနိုင်ငံမှာ ရောင်းချနေတဲ့ ငွေစုအာမခံတွေက ပေးတဲ့ အကျိုးအမြတ်ဟာ ဘဏ်တိုးလောက်တောင် မရှိပါဘူး။
တစ်နှစ် ၈ သိန်းခွဲကို ဘဏ်မှာ နှစ်စဥ် ငွေစုထားရင် တစ်နှစ် ၆% နှုန်းနဲ့ ၁၀ နှစ်ပြည့်ရင် သိန်း ၁၂၀ ရပါမယ်။ စာရင်းသေ ၈% နဲ့ ထည့်ထားလိုက်ရင် ၁၀ နှစ်ပြည့်တဲ့အခါ သိန်း ၁၃၀ ကျော် ရပါမယ်။
ဒီတော့ အာမခံသီးသန့် ကိုရွေးပြီး ကျန်တဲ့ငွေကို ဘဏ်ထဲမှာ ထည့်ထားလိုက်တာက ပိုကိုက်ပါတယ်။ ဘဏ်ထဲမှာ ထည့်ထားရင် ငွေလိုတဲ့အချိန် ပြန်ထုတ်တဲ့အခါ အတိုးမရတာပဲရှိတာ။ ငွေစုအာမခံကတော့ အာမခံကို ပယ်ဖျက်ပြီး ငွေတွေ ပြန်ထုတ်ချင်တဲ့အခါ သွင်းထားသမျှငွေ အားလုံးပြန်မရပဲ ရာခိုင်နှုန်းတစ်ခု ဆုံးရှုံးတတ်ပါတယ်။
ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက မြန်မာနိုင်ငံမှာ အာမခံသီးသန့်တွေ ရှားနေသေးပြီး နဲ့ ငွေစုအာမခံတွေများနေသေးတာပါပဲ။ ပြီးတော့ ငွေစုအာမခံတွေကလည်း ဘဏ်တိုးလောက်တောင် အတိုးမပေးတော့ သိပ်မဟန်ပါဘူး။ ငွေကြေးဖောင်းပွမှုကိုလည်း မကာမိပါဘူး။ ရှိတဲ့ အာမခံသီးသန့်တွေကလည်း နိုင်ငံတကာနဲ့ ယှဉ်ရင် ဈေးများနေပါသေးတယ်။
များမကြာခင် အနာဂတ်မှာတော့ အသက်အာမခံ ဝန်ဆောင်မှုတွေ အပြိုင်အဆိုင် များလာတဲ့အခါ၊ ပြည်သူတွေလည်း ပိုပြီး တွက်တတ်ချက်တတ်လာတဲ့အခါမှာတော့ လက်ရှိ ဈေးကွက်ထဲမှာရှိနေတဲ့ အသက်အာမခံတွေထက် ပိုပြီး ဈေးသက်သာတဲ့ အာမခံသီးသန့်တွေ၊ ပိုပြီး အကျိုးအမြတ်ပေးမယ့် ငွေစုအာမခံတွေ ပေါ်ပေါက်လာဦးမယ်လို့ မျှော်လင့်ရပါတယ်။
စာလည်း အတော်ရှည်သွားပြီမို့ ဒီမှာပဲ ရပ်ပါရစေ။ အနှစ်ချုပ်ကို ပြောရရင်တော့ ငွေစုအာမခံအများစုဟာ ဘဏ်တိုးလောက်တောင် မကိုက်တဲ့အတွက် မဟန်လှသေးပါဘူး။ သေချာတွက်ကြည့်ကြပါ။
ဝယ်ချင်ရင် အသက်အာမခံသီးသန့်ကို ဝယ်ကြပါ။ အသက် အာမခံသီးသန့်ဟာလည်း နိုင်ငံတကာ ဈေးနှုန်းတွေအရ အသက် ၃၀ အရွယ် ဆေးလိပ်မသောက်ပဲ ကျန်းမာတဲ့ လူတစ်ယောက်ဟာ သိန်း ၁၀၀ ဖိုး အသက်အာမခံထားချင်ရင် တစ်နှစ်ကို တစ်သောင်း၊ တစ်သောင်းခွဲလောက်ပဲ ပေးရမှာ ဖြစ်ပါတယ်။ သိန်း ၁၀၀၀ ဖိုးအာမခံထားချင်ရင်တော့ တစ်နှစ်ကို တစ်သိန်း၊ တစ်သိန်းခွဲလောက်ပဲ သွင်းရသင့်တာပါ။ ဈေးကြီး မမိပါစေနဲ့။
ကိုယ့်ရဲ့ ဝင်ငွေအပေါ်မှာ မှီခိုနေရတဲ့ လူတွေရှိရင် အသက်အာမခံထားသင့်တာ အမှန်ပါပဲ။ ဒါပေမဲ့ ဈေးကြီးမမိပါစေနဲ့။ ဂျင်းမမိပါစေနဲ့။
အသက်အာမခံ မဝယ်မီ အခြား သတိထားသင့်တဲ့အချက်လေးတွေကိုလည်း ရေးပါဦးမယ်။
အသက်အာမခံအပြင် အခြားအာမခံအမျိုးမျိုးရှိပါသေးတယ်။ ရေးပါဦးမယ်။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment