Saturday, October 31, 2020

ကြွေးသံသရာက လွတ်မြောက်လမ်း

ဒီနေ့​​တော့ ကြွေးသံသရာက လွတ်အောင် ဘာတွေလုပ်ရမလဲ ဆိုတာ ရေးပါ့ မယ်။

​#အနှစ်ချုပ်
(၁) ငွေကို လုံးဝ (လုံးဝ) ထပ်မချေးပါနဲ့တော့။
(၂) လက်ရှိ ငွေဝင်ပေါက်​တွေကို မပိတ်လိုက်ပါနဲ့။
(၃) ရှိတာ ရောင်းပြီး ကြွေးဆပ်ပါ။
(၄) ကြွေးရှင်နဲ့ ညှိနှိုင်းပါ။
(၅) ဝင်ငွေတိုးပြီး အသုံးစရိတ်လျော့အောင် လုပ်ပါ။
(၆) တစ်ရွာမပြောင်း သူကောင်းမဖြစ်။

ဒီနေ့စာက အရမ်းရှည်ပါတယ်။ ဒါပေမဲ့ ကြွေးပူမိနေရင်တော့ စာတစ်ကြောင်းချင်းကို သေသေချာချာ အထပ်ထပ်ဖတ်စေချင်ပါတယ်။ သေချာ ထိုင်တွေးစေချင်ပါတယ်။ မလွယ်ပေမယ့် လက်တွေ့ကျတဲ့ နည်းတွေပါ။

ဒီလွတ်မြောက်လမ်းက ကြမ်းတမ်းမှာတော့ အမှန်ပါပဲ။ လမ်းကြမ်းတယ် ဆိုတာကလည်း ငရဲနဲ့ ကပ်နေတဲ့ လမ်းမို့ပါ။ ​အကြွေး​တွေ နည်းလာတာ​နဲ့ ​အမျှ ငရဲနဲ့ ဝေးလာတာမို့ လမ်းက ပိုသာလာမှာပါ။

ငရဲအိုးထဲ ရောက်နေတဲ့ ဘဝက ပူတယ်ဆို ငရဲအိုးထဲက လွတ်မြောက်အောင် လုပ်တဲ့ အခိုက်အတန့်မှာ ပိုပူ ပိုကြမ်းတမ်းပါတယ်။ ငရဲသားတွေက ဆူး ခက်ရင်းခွနဲ့ ထိုးဖို့ကြိုးစားပါလိမ့်မယ်။ အဲဒီအခါ ကြောက်လန့်ပြီး ငရဲအိုးထဲကို ပြန်ဆင်းပြေးဖို့ မစဉ်းစားပါနဲ့။ အနာခံပြီး လွတ်အောင် လုပ်ရမှာပါ။ ဒီတော့ အားမွေးထားဖို့ လိုပါတယ်။ ဒီငရဲက အဝင် လွယ်သလောက် အထွက်ခက်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်ရပါမယ်။ ဒီငရဲက လွတ်အောင် ဘာလုပ်ရလုပ်ရ ဆိုတဲ့ စိတ်မွေးထားရင်တော့ ကျွန်တော် ပြောတဲ့ နည်းတွေကို လိုက်လုပ်နိုင်မှာပါ။

ငရဲလမ်းကနေ တက်လှမ်းလာခဲ့ရပြီးရင်တော့ ရခဲ့တဲ့ ဘဝ သင်ခန်းစာတွေက အဖိုးမဖြတ်နိုင်ပါဘူး။ ဒီငရဲတွေက လွတ်အောင်လုပ်ပြီး ရလာတဲ့ လွတ်လပ်မှုချမ်းသာ ပီတိကလည်း ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။ အဲဒီအချိန်ကျရင် အတိတ်ကဖြစ်ခဲ့တာတွေ အတွက် နောင်တ ရမနေပါနဲ့။ "အဲဒီ ဒုက္ခတွေကို ငါ အသက်ရှင်လျက် အရှုံးမပေးပဲ ကျော်လွှားနိုင်ခဲ့ပါလား" ဆိုပြီး ဂုဏ်ယူလိုက်ပါ။

ငရဲလမ်းကလွတ်ဖို့ နှစ်ချီပြီး ကြာချင်ကြာပါမယ်။ ဒါကို ကြာလွန်းတယ်လို့ မတွေးပါနဲ့။ ဒီနှစ်တွေအတွင်းမှာ ရလာမယ့်ပညာတွေ မနည်းပါဘူး။ ငွေရေးကြေးရေးမှာ စည်းကမ်းကောင်းလာမယ်။ ခြိုးခြံချွေတာတတ်လာမယ်၊ ငွေရေးကြေးရေး စီမံတတ်လာမယ်။ တစ်ဘဝလုံး အတွက် အကျိုးရှိမယ့် ပညာတွေ၊ သင်ခန်းစာတွေ၊ အလေ့အကျင့်ကောင်းတွေ ရလာမှာပါ။ ဒီအတွေ့အကြုံက နောက်ပိုင်း ငွေသခင်ဖြစ်ဖို့ အထောက်အကူ အများကြီးရမှာပါ။ နောက်ပြီး ဒီဘဝကနေ အပေါ်ထိတက်လာနိုင်တယ်ဆိုတဲ့ အချက်က ကိုယ့်အတွက် ဂုဏ်ယူဖို့ ကောင်းပါတယ်။

အကြွေးက မီးလောင်တဲ့ ပြသနာလိုပါပဲ။ မီးစ သေးနေတုန်းမှာ ရေနည်းနည်းနဲ့ သတ်နိုင်ပါမယ်။ မီးစကြီးလာရင်တော့ ရေအများကြီး လိုသွားပါပြီ။ ဒါတောင် မီးငြိမ်းဖို့ မသေချာတော့ပါဘူး။

ဒါကြောင့် ကြွေးပူ အဆင့် (၁) ကလူတွေ (၂) ကို မကူးမိပါ စေနဲ့။ (၂) ကနေ (၃)၊ (၃) ကနေ (၄) ကို မရောက်အောင် ကာကွယ်ပါ။

ဘယ်အဆင့်ကိုပဲ ရောက်နေ စိတ်ဓာတ်မကျလိုက်ပါနဲ့ဦး။ ကျွန်တော်ပေးတဲ့ အကြံဉာဏ်လေးတွေကို သုံးကြည့်ပါဦး။ လုပ်ဖို့ မလွယ်ပါဘူး။ မှန်ပါတယ်။ ဒါပေမယ့် မလုပ်လို့လည်း မဖြစ်တဲ့ အတွက် လိုက်လုပ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

************************************************
လမ်းစဉ် (၁)  ငွေကို လုံးဝ (လုံးဝ) ထပ်မချေးပါနဲ့တော့။
************************************************

"ကြွေးတွေပူနေပြီ။ အတိုးတွေ ပူနေပြီ။ ကြွေးရှင်တွေလိုက်နေပြီ။ ရှက်လှပြီ။ စိတ်ညစ်လှပြီ။ လောလောဆယ် အပူလျော့သွားအောင် သွားချေးလိုက်မယ်။ အတိုးဘယ်လောက်ဖြစ်ဖြစ်ပေါ့။ နောင်ဖြစ်မှ နောင်ရှင်း။ ခုတော့ ချေးပြီး ကြွေးပူကို ဆပ်လိုက်တော့မယ်။ အတိုးကို သတ်လိုက်တော့မယ်။"

ဘယ်လောက် မှားယွင်း မိုက်မဲတဲ့ လုပ်ရပ်လဲ ဆိုတာ။ ကိုယ့်သေတွင်း ကိုယ်တူး​နေတာပါခင်ဗျာ။ ခု တင်နေတဲ့ အကြွေးတောင် မဆပ်နိုင်သေးတာ ကြွေးထပ်ယူတော့ သွားပြီပေါ့ဗျာ။ နောက်ဆို ပိုဆိုးပြီပေါ့ဗျာ။ ဒီလပူရတဲ့ အပူထက် နောက်လပူရတဲ့ အပူက ပိုကြီးပြီပေါ့ဗျာ။ ဒါလေးကို တွေးမိဖို့လိုပါတယ်။

ကြွေးပူ ဘယ် အဆင့်ကိုပဲ ရောက်နေနေ ထပ်ချေးတဲ့ အလုပ်ကို ချက်ချင်းရပ်လိုက်ဖို့ လိုပါတယ်။

အတိုးသတ်ဖို့ အတွက် ဘယ်တော့မှ ငွေမချေးပါနဲ့။ အတိုးပူနေလို့ စိတ်ညစ်လို့ ဆိုတဲ့ ဆင်ခြေမပေးပါနဲ့။ ကြွေးရှင်က ဒီလ အတွက် အတိုးရပြီးလည်း နောက်တစ်လ အတိုးရစရာရှိရင် ထပ်လာနေဦးမှာပါ။ နေ့ပြန်တိုးဆို မနက်ဖြန် ထပ်လာနေမှာပါ။ ထပ်ပူနေဦးမှာပါ။ အတိုးပေးဖို့ ငွေထပ်ချေးတာ ခွေးထက်မိုက်တာပါပဲ။

အတိုးမပေးရတဲ့ အကြွေး သို့မဟုတ် အတိုးနည်း အကြွေးကို ဆပ်ဖို့ အတိုးပိုများတဲ့ ဆီက ချေးတာမျိုး လုံးဝ မလုပ်ပါနဲ့။ ခု ကြွေးပူလာသလိုပဲ ကြွေးရှင်သစ်ကလည်း ပူမှာပါပဲ။ အတိုးပိုများသွားတာပဲ အဖတ်တင်ပါမယ်။

ကျွန်တော် ထပ်ခါထပ်ခါပြောနေတာ အရေးကြီးလို့ပါ။ နွံထဲနစ်နေတဲ့သူဟာ ပထမဆုံး ရုန်းနေတာကို ရပ်ရပါတယ်။ ရုန်းနေ (ထပ်ချေးနေ) လို့ကတော့ ပိုပြီး နစ်လာမှာပါ။

ကျွန်တော်မနေ့က ရေးတဲ့ ကြွေးပူ အဆင့် (၄) ဆင့်ကို ပြန်ဖတ်ကြည့်ပါ။ တစ်ဆင့်ကနေ တစ်ဆင့်ကို ဘယ်အခါမှာကူးလဲ ဆိုတော့ ငွေချေးလိုက်တဲ့ အခါမှာ ကူးသွားကြောင်း ကွက်ကွက်ကွင်းကွင်းတွေ့ပါလိမ့်မယ်။ ချေးလိုက်ပြီဆိုကတည်းက ကြွေးရှင်က အတိုးတောင်းဖို့ အရင်းတောင်းဖို့ အနှေးနဲ့ အမြန်လာတော့မှာကိုး။ 

ခြွင်းချက်အနေနဲ့ ဘယ်အချိန်မှာ ချေးသင့်သလဲဆိုတော့ လက်ရှိပေးနေရတဲ့ အတိုးနှုန်းထက် သက်သာတဲ့ နေရာက ရမယ်ဆိုရင်တော့ ချေးပြီး အတိုးများတဲ့ ကြွေးရှင်ကို ဆပ်ပါ။ အရင်းကို ဆပ်ခိုင်းတာပါ။ အတိုးကိုသတ်ဖို့ ​ငွေချေးခိုင်းတာ မဟုတ်ပါဘူး။

မဖြစ်မနေ ချေးရတော့မယ် ဆိုရင်တော့ မချေးခင် စဉ်းစားရမှာက ချေးပြီးရင် ကြွေးရှင် သတ်မှတ်ထားတဲ့ အတိုးကို ပေးနိုင်စွမ်းရှိမရှိ တွက်ချက်ရပါမယ်။ ဝင်ငွေထဲက အသုံးစရိတ်နှုတ်ပြီး ပိုတဲ့ ငွေဟာ အတိုးပေးဖို့ လုံလောက်မှုမရှိရင် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် မချေးသင့်ပါဘူး။ ပိုဆိုးတဲ့ ငရဲကို ကိုယ့်ကိုယ်ကိုယ် ဆွဲချနေသလိုပါပဲ။ ခုလောလောဆယ်ပူတဲ့ ကြွေးပူထက် ပိုပူတဲ့ အပူထဲကို တိုးဝင်သလိုပါပဲ။ အတိုးသတ်လိုက်လို့ ကြွေးပူ ငြိမ်းလည်း ခဏပါပဲ။ နောက်လမှာ ပြန်ပူရမှာပါပဲ။ ဒါကို သတိပြုပါ။ လတ်တလော ဒီရက်ပိုင်း ပြသနာ အေးဖို့ ရေရှည်မှာ ပိုကြီးတဲ့ ပြသနာ တွေကို ခေါ်မလာပါနဲ့။

ထပ်ပြောပါဦးမယ်။ အတိုးနဲ့ ငွေချေးပြီး အကြွေးဆပ် အတိုးသတ်တာဟာ ပြသနာကိုပိုကြီးစေပါတယ်။ မီးထဲကို လောင်စာထည့်သလိုပါပဲ။ ဒီလောက်ပြောနေတာတောင် ထပ်ချေးဖို့ စဉ်းစားနေရင်တော့ ကျွန်တော်လည်း မကယ်နိုင်တော့ပါဘူး ခင်ဗျာ။

နားလည်လွယ်အောင် ဥပမာ ပေးပါ့မယ်။ ငွေ ၁၀ သိန်းကို တစ်လ ၂၀ တိုးနဲ့ချေးတယ်ဆိုပါစို့။ တစ်လ ၂ သိန်းအတိုး ပေးရမှာပေါ့။ ဒီ အတိုး ၂ သိန်းကိုလည်း မပေးနိုင်လို့ ၂၀ တိုးနဲ့ပဲ နောက်တစ်ယောက်ဆီက ထပ်ချေး၊ အဲဒီက အတိုးကိုမဆပ်နိုင်လို့ ၂၀ တိုးနဲ့ ထပ်ချေးလုပ်နေတယ် ဆိုပါစို့။ တစ်နှစ်ကြာရင် ကြွေးဘယ်လောက်တင်နေမယ် ထင်ပါသလဲ။ တွက်ကြည့်လိုက်ပါ။

အကြွေး ၁၀ သိန်းဟာ အတိုးဆပ်ဖို့ ထပ်ချေးလိုက် အကြွေးပိုများလာလိုက်နဲ့ တစ်နှစ်ပြည့်တဲ့ အချိန်မှာ နှစ်ထပ်တိုးနဲ့ ၈၉ သိန်း အကြွေးတင်သွားပါပြီ။ တစ်နှစ်ထဲနဲ့ ၉ ဆ အကြွေးတက်သွားပါပြီ။ နောက်တစ်နှစ်ဆို (၁၀ သိန်း စချေးပြီး ၂ နှစ်အကြာမှာ) အကြွေးက ၇၉၅ သိန်းပါ။ အတိုးပေါ် အတိုးဆင့် နှစ်ထပ်တိုးတွေ ဖြစ်ကုန်တာကိုး။ စဉ်းစားကြည့်ပါ။ အကြွေး ၁၀ သိန်းဟာ နှစ်နှစ် အတွင်းမှာ နှစ်ထပ်တိုး နှိပ်စက်လို့ သိန်း ၈၀၀ နီးပါး ဖြစ်သွားပြီနော်။ မယုံနိုင်စရာပဲ။ ၁၀ သိန်းတောင် ဆပ်ဖို့ မရှိတဲ့သူက သိန်း ၈၀၀ ဘယ်လို ဆပ်မလဲ။

တစ်ကယ်လို့ ၁၀ သိန်းကို တစ်လ ၁၀ တိုးဆိုရင်တော့ နှစ်ထပ်တိုးနဲ့ ၂ နှစ်ကြာရင် သိန်း ၁၀၀ နီးပါးကြွေးတင်ပါမယ်။ တစ်လ ၅ ကျပ်တိုးဆိုရင်တော့ ၂ နှစ်ကြာရင် ၃၂ သိန်း ကြွေးတင်မှာပါ။

ဒီတော့ ကြွေးဆပ်ဖို့ အတိုးသတ်ဖို့ဆိုပြီး ငွေချေးတာ ဘယ်လောက်ဆိုးရွားလဲ ဆိုတာ သိကြပြီထင်ပါတယ်။ ဒါဆို ဘယ်ကငွေနဲ့ ကြွေးဆပ်ရမလဲ။ ဟုတ်ကဲ့ ကြွေးသံသရာက လွတ်မယ့် နည်းတွေ ရှိပါတယ်။ နောက်တစ်ယောက်ဆီက အတိုးကြီးကြီးနဲ့ ထပ်ချေးတာကတော့ ကြွေးကျေမယ့် နည်းလမ်း မဟုတ်ပါဘူးခင်ဗျာ။

ဒါဆို ကြွေးကျေအောင် ဘယ်လိုဆပ်မလဲ။ ဆက်ပြောပါ့မယ်။

***********************************************
လမ်းစဉ် (၂) လက်ရှိ ငွေဝင်ပေါက်ကို မပိတ်လိုက်ပါနဲ့။
***********************************************

ကြွေးပူလာရင် လူတွေက စိတ်ညစ်ပြီး ကိုယ်လုပ်နေတဲ့ အလုပ်ကို တောင် အာရုံမစိုက်နိုင်ကြတော့ပါဘူး။ လုပ်ခဲ့မိတဲ့ အမှားတွေ (သို့မဟုတ်) ကိုယ့်အမှား မဟုတ်တဲ့ ကြမ္မာဆိုးတွေကို ပြန်တွေးရင်း ယူကြုံးမရ ဖြစ်နေတာနဲ့ အလုပ်ကို ပေါ့လျော့ကြပါတယ်။

ဒီဝင်ငွေလေးဟာ ကြွေးသံသရာက လွတ်အောင် တစ်တပ်တစ်အား ကူညီမှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ပြန်သတိပေးရမှာက ကံကောင်းလို့ ဒီဝင်ငွေလေးရှိသေးတာ၊ ဒီဝင်ငွေလေးသာ မရှိတော့ရင် ပိုဆိုးတော့မှာ ဆိုတာကိုပါပဲ။ ဘဝရဲ့ ကံဆိုးမှုတွေကြားမှာ ပုံမှန်ဝင်ငွေလေးရှိနေတာက အဆိုးတွေထဲက အကောင်းတစ်ခုပါ။

ဒီတော့ အလုပ်ကို သပ်သပ်၊ အကြွေးကို သပ်သပ် စိတ်မှာထားပါ။ အလုပ်ကို အကောင်းမြင်ပြီး ပိုကြိုးစားပါ။ အလုပ်ပြုတ်သွားရင်၊ ဝင်ငွေမရှိတော့ရင် ပိုဆိုးလာမယ့် အခြေအနေကို တွေးပါ။

နောက်ပြီးတွက်ချက်ကြည့်ရမှာက ဒီဝင်ငွေနဲ့ အသုံးစရိတ်ကို ဖယ်ပြီးရင် ပိုတဲ့ငွေနဲ့ အကြွေးဆပ်နိုင်စွမ်းရှိမရှိ ကိုပါ။ တွက်ကြည့်လိုက်လို့ အတိုးပုံမှန် သတ်နိုင်တဲ့ အပြင် နှစ်အနည်းငယ် အတွင်း အကြွေးကျေနိုင်တယ် ဆိုရင်တော့ အခြေအနေ မဆိုးလှတဲ့ထဲမှာ ပါပါတယ်။ အကြွေးပို အကျေမြန်အောင် နောက်ထပ် လမ်းစဉ်လေးတွေကို ဖတ်ပေးပါဦး။

ဝင်ငွေထဲကနေ အသုံးစရိတ်ကို ဖယ်လိုက်ရင် အတိုးတောင်ကျေအောင် မသတ်နိုင်ဘူး။ ဒါပေမဲ့ အတိုးသာမပေးရရင် နှစ်အနည်းငယ် အတွင်း အကြွေးကျေနိုင်တယ်ဆိုရင်လည်း အခြေအနေက ကြွေးသံသရာထဲက လွတ်နိုင်ပါတယ်။ ကြွေးရှင်နဲ့တော့ ညှိရမယ်။ အကြွေးပို အကျေမြန်အောင် ကြွေးရှင်နဲ့ ညှိတဲ့ လမ်းစဉ် (လမ်းစဉ် အမှတ် ၄) နဲ့ တစ်ကွ နောက်ထပ် လမ်းစဉ်လေးတွေကို ဖတ်ပေးပါဦး။

ဝင်ငွေထဲကနေ အသုံးစရိတ်ကို ဖယ်လိုက်ရင် အတိုးပေးစရာ သို့မဟုတ် အကြွေးဆပ်စရာ မယ်မယ်ရရ မကျန်တော့ဘူးဆိုရင်တော့ ကြွေးသံသရာက လွတ်ဖို့ နည်းနည်းပိုခက်ပါတယ်။ နောက်ထပ် လမ်းစဉ်လေးတွေကို ဖတ်ပေးပါဦး။

*************************************
လမ်းစဉ် (၃) ရှိတာ ရောင်းပြီး ကြွေးဆပ်ပါ။
*************************************

ကြွေးသံသရာက မြန်မြန်လွတ်အောင် ရောင်းစရာရှိတာကို ရောင်းထုတ်ပစ် ရပါမယ်။ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်း၊ ကိုယ့်မိသားစုမှာ ပိုင်တဲ့ ပစ္စည်းတွေကို ဘာတွေရှိလဲ စဉ်းစားကြည့်ရပါမယ်။

တစ်ခုပြောချင်တာက ပြသနာ တစ်ခုဖြစ်လာရင်၊ ကြွေးတင်လာရင် ကိုယ့်မိသားစု၊ ပြီးတော့ အရင်းနှီးဆုံးလူတွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောတိုင်ပင် ရပါမယ်။ တစ်ယောက်ထဲ ကျိတ်ခံစားပြီး ကျိတ်လုပ်နေရင် အခြေအနေတွေ ပိုဆိုးလာပါလိမ့်မယ်။ ၁၀ သိန်းလောက်တုန်းက ပြောလိုက်ရင် မိဘမောင်ဘွားတွေကယ်နိုင်ပေမဲ့ တစ်ယောက်ထဲ ကျိတ်မိုက်လို့ သိန်း ၈၀၀ လောက် အကြွေးတက်လာရင် ရှင်းဖို့ခက်သွားပါပြီ။ ဒါ့ကြောင့် အစကတည်းက အခြားသူတွေနဲ့ တိုင်ပင်ပါ။ ကျိတ်မလုပ်ပါနဲ့။

ဥပမာပေးပါဦးမယ်။ ကိုယ့်မှာ သိန်း ၂၀၀ တန် ခြံတစ်ကွက်ရှိတယ်ဆိုပါစို့။ အကြွေးက သိန်း ၁၀၀ တင်နေတယ်။

နည်းသုံးနည်း ရှိပါတယ်။

ပထမနည်းက ခြံကို အထိမခံပဲ ၂၀ တိုးနဲ့ ချေးတာပါ။ ဒီလိုနဲ့ အတိုးပေါ် အတိုးဆင့် နှစ်နှစ် အကြာ ​အကြွေးက သိန်း ၈၀၀ ဖြစ်သွားမှ ဒီခြံဟာ အတိုးသတ်တာလောက်ပဲ ရပါတော့မယ်။ မဟန်တဲ့ နည်းပါ။

ဒုတိယနည်းက ခြံကို သိန်း ၁၀၀ နဲ့ ပေါင်ပြီး အကြွေးဆပ်တာပါ။ အတိုးက တစ်လ ၅ ကျပ်တိုး ဆိုပါတော့။ ဒါဆို တစ်လ အတိုး ၅ သိန်းကျပါမယ်။ အတိုး တစ်လ ၅ သိန်းကို ဝင်ငွေထဲကနေ ရေရှည်ပေးနိုင်မလားတွက်ရပါမယ်။ သတ်မှတ်ထားတဲ့ ကာလမှာ ပြန်ရွေးနိုင် မရွေးနိုင် တွက်ရပါမယ်။ မဆပ်နိုင်ဘူး၊ ပြန်မရွေးနိုင်ဘူးလို့ အဖြေထွက်ရင် လုံးဝ မပေါင်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ပေါင်လိုက်ရင် သိန်း ၂၀၀ တန် ခြံက သိန်း ၁၀၀ နဲ့တင် ဆုံးသွားမှာမို့ပါ။ ဒီကြားထဲမှာ ပေးနေရတဲ့ အတိုး တစ်လ ၅ သိန်းလည်း ရှုံးပါသေးတယ်။ အတိုးအတွက်လည်း လတိုင်း ပူရပါသေးတယ်။

တတိယနည်းကတော့ အပြတ်ရောင်းလိုက်တာပါ။ အမြန်ရောင်းထွက်ချင်ရင်တော့ ဈေးလျှော့ပြီး ရောင်းရမှာပေါ့။ ၂၀၀ တန်ကို ၁၅၀ လောက်နဲ့ရောင်းရင် ဝယ်မယ့်သူရှိမှာပါ။ ကာလ တစ်ခုတော့ စိတ်ရှည်ရှည် စောင့်ရမှာပေါ့။ ဒီ အတောအတွင်းမှာ ကြွေးရှင်နဲ့တော့ ညှိရပါမယ်။ ကြွေးရှင်နဲ့ ညှိတဲ့ လမ်းစဉ် (လမ်းစဉ် အမှတ် ၄) ကို အောက်မှာဖတ်ပါ။

ရွှေငွေရတနာလည်း ဒီသဘောပါပဲ ခင်ဗျာ။ ကျွန်တော်ကတော့ ပေါင်ထားတာထက် အပြတ်ရောင်းလိုက်တာကို အားပေးပါတယ်။

လူတွေဟာ ရှိတာလေးကို ရောင်းပြီး ကြွေးဆပ်ဖို့ တွန့်တိုတတ်ကြပါတယ်။ ရတဲ့ ဝင်ငွေလေးနဲ့ ကြွေးကျေစရာ လမ်းမမြင်ရင်တော့ အတိုးတွေ ပွားမလာခင် ရှိတာလေးကို ရောင်းပြီး ကြွေးဆပ်သင့်ပါတယ်။ ဒီလိုမှ မလုပ်ရင် နောက်ပိုင်း အဆင့်တွေကျမှ အတိုးတွေတက် အကြွေးတွေများလာမှ မရှူနိုင်မကယ်နိုင်ဖြစ်ပြီး ရောင်းလို့ ရတာလေးတွေဟာ အတိုးသတ်ဖို့ အတွက်ပဲ ဖြစ်သွားတတ်လို့ပါ။

ဒါကြောင့် ဒီ့ထက်ဆိုးတဲ့ ကြွေးငရဲတွေနဲ့ မတွေ့ချင်ရင် ရောင်းလို့ ရတာတွေကို ရောင်းဖို့ပြင်ပါ။ ရောင်းဖို့ မတွန့်တိုပါနဲ့။ မိသားစုနဲ့ တိုင်ပင်ပါ။ ရောင်းလို့ရတာ မှန်သမျှ အကြွေးဆပ်ဖို့ ပမာဏ မပြည့်မချင်း ရှာကြံရောင်းပါ။ ကိုယ်နေတဲ့အိမ်ကိုရောင်းပြီး ငှားနေသင့်ရင် နေရမှာပါ။ လုပ်ငန်းကို ရောင်းသင့်ရင် ရောင်းရမှာပါ။ ဒါကို ရှက်နေလို့ မရပါဘူး။ နှမြောနေလို့ မရပါဘူး။

အဝတ်အစား၊ ဆံပင်က အစ ရောင်းလို့ရတာ အကုန်ရောင်းပါ။ ဘာတွေ ရောင်းလို့ရဦးမလဲ ထိုင်စဉ်းစားပါ။ တိုင်ပင်ပါ။ ရောင်းပါ။ ကြွေးသံသရာကလွတ်ချင်ရင် လုပ်ရမှာပါ။

ရောင်းစရာမှ မဟုတ်ပါဘူး။ ရစရာ အကြွေးတွေရှိရင်လည်း ပြန်တောင်းရမယ့် အချိန်ကို ရောက်ပါပြီ။ အခြားစီးပွားရေးတွေမှာ ရင်းနှီးမြှုပ်နှံထားတဲ့ဆီက ပြန်ထုတ်ဖို့လိုပါပြီ။ ငွေ အလုံးလိုက်ရနိုင်တဲ့နည်းတွေ အားလုံးကို စဉ်းစားရပါမယ်။

မီးမကြီးခင် ရှိတဲ့ရေနဲ့ လောင်းပြီး မီးကို သတ်တဲ့ သဘောပါပဲ။ မီးကြီးသွားရင် မလွယ်တော့ပါဘူး။

*****************************
လမ်းစဉ် (၄) ကြွေးရှင်နဲ့ ညှိနှိုင်းပါ။
*****************************

အတိုးနှုန်းတွေများနေလို့ မရှူနိုင် မကယ်နိုင် ဖြစ်နေရင်၊ အတိုးမသတ်နိုင်တော့ရင်၊ အကြွေးပြန်ဆပ်ဖို့ နှောင့်နှေးနေရင် ကျွန်တော်တို့လုပ်တတ်ကြတာက နှစ်ခုရှိပါတယ်။ တစ်ခုက မရှိ ရှိတာ ရှာကြံပေါင်နှံ ချေးငှားပြီးပေးမယ်၊ ဒါမှ မဟုတ်ရင် ကြွေးရှင်ကို ရှောင်နေမယ်ပေါ့။ မလုပ်သင့်ပါဘူး။

ကြွေးရှင်ကို ရဲရဲရင်ဆိုင်ပြီး ညှိနှိုင်းတာဟာ အကောင်းဆုံးနည်းပါ။

လာမယ့်ဘေးကို ခုပဲပြေးတွေ့လိုက်ပါ။ ခုရှုပ်မှ နောင်ရှင်းမှာပါ။ နောင်ဖြစ်မှ နောင်ရှင်းသမားတွေဟာ သူရဲဘောကြောင်တဲ့လူတွေပါ။ နောက်လည်း ရှင်းရမယ့် တူတူ ခုပဲ စရှင်းလိုက်ပါ။ ခုကွဲမယ့် အရှက်က နောင်ကွဲ မယ့် အရှက်လောက် မဆိုးဘူးဆိုတာ သိစေချင်ပါတယ်။

အတိုးမပေးနိုင်ရင် ကြွေးရှင်နဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး ညှိပါ။ ရှင်းရှင်းပြောပါ။ ဘယ်တော့မှ ပြန်ဆပ်နိုင်မယ်ဆိုတဲ့ အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပါ။ အလွယ်နည်းလိုက်ပြီး ချေးပြီး အတိုး မသတ်ပါနဲ့။ ကြွေးရှင်ကို ကြောက်လို့ ထပ်ချေးရင် ပိုကြောက်ရတဲ့ ကြွေးရှင် နောက် မှိုလိုပေါက်လာပါလိမ့်မယ်။

အတိုးမပေးနိုင်တော့လို့ အရင်းကိုခွဲဆပ်ချင်တာဆိုရင် ကြွေးရှင်ကို ပွင့်ပွင့်လင်းလင်းပြောပါ။ တစ်လကို ဘယ်လောက်ဆပ်ပြီး ဘယ်နှစ်လနေ အကျေဆပ်မှာ ဖြစ်ကြောင်း ပြောပါ။ ဝင်ငွေ၊ အသုံးစရိတ်တွေကို ချိန်ဆပြီး တစ်ကယ် ဆပ်နိုင်တဲ့ ပမာဏကို ပြောပါ။ မဖြစ်နိုင်တာတွ မပြောပါနဲ့။ ကြွေးရှင်မှ မဟုတ်ပါဘူး၊ အလျော်တောင်းတဲ့သူတို့ ဘာတို့ကိုလည်း တူတူပါပဲ။

အလျော်တောင်းတဲ့သူ၊ ကြွေးတောင်းတဲ့သူတွေကို လျော်ဖို့ ပေးဖို့ အတိုးနဲ့ ချေးတာမျိုး လုံးဝ မလုပ်ပါနဲ့။ အလျော်တောင်း အကြွေးတောင်းတဲ့သူနဲ့ ထိပ်တိုက်တွေ့ပြီး လတိုင်း ဖဲ့ဆပ်ဖို့ကို ညှိပါ။ ညှိမရရင်လည်း သူခြိမ်းခြောက်တာကိုသာကြည့်ပြီး မချိပြုံး ပြုံးပြနေလိုက်ပါ။ အနည်းဆုံး အတိုးမပေးရတာ အတိုးငရဲကို ရှောင်နိုင်လိုက်တာ အမြတ်ပါပဲ။ အတိုးက ဘယ်လောက်ကြောက်ဖို့ ကောင်းလဲဆိုတာ သိကြလောက်ပါပြီ။ ထောင်ကျတာကမှ အချိန်တန်ရင် လွတ်လာဦးမယ်။ နှစ်ထပ်တိုး နှိပ်စက်ရင် တစ်ဘဝလုံး နစ်သွားနိုင်ပါတယ်။

တကယ်လို့ လစဉ်လည်း ဖဲ့မဆပ်နိုင်ဘူး။ အိမ်ခြံမြေစတဲ့ တစ်ခုခုရောင်းထွက်မှ ဆိုရင်လည်း ဒီလိုပါပဲ။ ပွင့်ပွင့်လင်းလင်းပြောထားပါ။ ရောင်းထွက်တာနဲ့ အကြွေးဆပ်မှာဖြစ်ကြောင်း၊ အရောင်းတည့်အောင် ကူညီ သတင်းလွှင့်ပေးဖို့ပါ ပြောပါ။

ကြွေးရှင်တွေက လွယ်လွယ်လက်ခံမယ်ထင်သလား။ ဝေးပါသေးတယ်ဗျာ။ အတိုးလျှော့ခိုင်းရင်တောင် လျှော့ပေးမှာ မဟုတ်ပါဘူး။

ထောင်ချမယ်၊ အရှက်ခွဲမယ် ဘာလုပ်မယ် ညာလုပ်မယ်ဆိုတဲ့ ကြွေးရှင်တွေတောင် ရှိပါတယ်။ ကျွန်တော်တို့ ဒီလို ခြိမ်းခြောက်တာကို ကြောက်နေလို့လည်း ဒီဘဝကို ရောက်ရတာပါ။ ရဲရဲ ရင်ဆိုင်လိုက်ပါ။ ၁၀ သိန်းကြွေးတင်နေတုန်းမှာ ဒီလို ခြိမ်းခြောက်တဲ့သူရှိရင် သိန်း ၈၀၀ ကြွေးတင်ရင် ဘယ်လောက်တောင် ဆိုးမလဲ စဉ်းစားသာကြည့်ပါ။ ၁၀ သိန်းကမှ ဆပ်ဖို့ ဖြေရှင်းဖို့ လွယ်ဦးမယ်။ အရှက်သိပ် မကွဲသေးဘူး။ သိန်း ၈၀၀ က တော်တော်ခက်သွားပြီ။ အရှက် ပိုကွဲပြီ။

အရှက်နဲ့ လူလုပ်တာ၊ အသက်နဲ့ လူလုပ်တာမဟုတ်ဘူးလို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ပြန် စဉ်းစားကြည့်ပါ။ အတိုးပေါ် အတိုးဆင့်အောင် လျှောက်ချေးနေတာရော ရှက်စရာ မကောင်းဘူးလားလို့။ ပိုရှက်ဖို့ ကောင်းပါတယ်။ ရှက်လွန်းလို့ဆိုပြီး တစ်ရှက်ကနေ နှစ်ရှက်ဖြစ်အောင် လုပ်နေကြတာပါ။ နောက်ဆုံးရှက်လွန်းလို့ သေချင်ပါတယ်ဆိုရင်တောင် ဘယ်လောက်ရှက်စရာ ကောင်းလဲ စဉ်းစားကြည့်ပါ။ အရှက်နဲ့ လူလုပ်တယ်ဆိုပေမဲ့ ရှက်လွန်းလို့ အသက်စွန့်သွားတာကိုက ရှက်စရာ ဖြစ်နေတာကို သတိမူသင့်ပါတယ်။ အရှက်ကို ခဏမြိုချထား၊ မာနတွေဖယ်ထားပြီး စိတ်ဓာတ်ကိုကောက်တင်၊ သတ္တိကို မောင်းတင်ပြီး ကြွေးရှင်နဲ့ ညှိနှိုင်းဖို့လိုလာပါပြီ။

ကြွေးရှင်က ငြင်းရင် ကိုယ်က တင်းရပါတော့မယ်။ အရင်းဆပ်မယ်ဆိုတာကိုမှ မကျေနပ်နိုင်ရင် ဒီကြွေးကို မဆပ်နိုင်တော့လို့ ထွက်ပြေးရတော့မှာဖြစ်ကြောင်း၊ ဒါမှမဟုတ် လုပ်ချင်တာလုပ် မပေးနိုင်ဘူးဆိုပြီး ဗြောင်ငြင်းတော့မှာ ဖြစ်ကြောင်းပြောပါ။ ကြွေးရှင်နဲ့ အချေအတင်ဆွေးနွေးပါ။ ကြွေးရှင်က သူမလိုက်လျောတော့ရင် အကြွေးတွေဆုံးတော့မယ်လို့ ယုံကြည်သွားရင် အရင်းကို ဖဲ့ဆပ်မယ်ဆိုတဲ့ အစီအစဉ်ကို လက်ခံမှာပါ။ ဘယ်လိုပြောပြော ကြွေးရှင်တွေက လက်မခံဘူး ဆိုရင်လည်း လမ်းစဉ် (၆) ကိုသာ လိုက်ပါတော့ ခင်ဗျာ။

****************************************************
လမ်းစဉ် (၅) ဝင်ငွေတိုးပြီး အသုံးစရိတ်လျော့အောင် လုပ်ပါ။
****************************************************

****************************************
လမ်းစဉ် (၆) တစ်ရွာမပြောင်း သူကောင်းမဖြစ်။
****************************************

ကျွန်တော်တို့ ကြွေးသံသရာက လွတ်အောင် နည်းအမျိုးမျိုး ကြိုးစားခဲ့ပြီးပါပြီ။ အကြွေးတွေ ထပ်ပွားစေမယ့် ငွေချေးတာလည်း လုံးဝ ရပ်လိုက်ပါပြီ။ ဝင်ငွေရအောင် အလုပ်ကိုလည်း ကြိုးစားပြီး ဆက်လုပ်နေခဲ့ပါတယ်။ ရှိတာတွေလည်း အကုန် ရောင်းပြီးပါပြီ။ ဝင်ငွေကို တိုးအောင်ကြိုးစားပြီး ခြိုးခြံနိုင်သလောက် ခြိုးခြံကြည့်ပြီးပါပြီ။

ကြွေးရှင်တွေနဲ့လည်း ညှိကြည့်ပြီးပါပြီ။ လက်မခံပဲ ခါးခါးသီးသီး ငြင်းကြပါတယ်။

ကြွေးသံသရာက လွတ်နိုင်ဖို့ လမ်းမမြင်ဘူးဆိုရင်တော့ လုပ်စရာ တစ်ခုပဲ ကျန်ပါတော့တယ်။ တစ်မြို့တစ်ရွာကို ပြောင်းဖို့ပါပဲ။ ခဏပြောင်းတာဖြစ်ဖြစ်၊ အပြီးပြောင်းတာဖြစ်ဖြစ်ပေါ့။ သူငယ်ချင်း၊ ဆွေမျိုးတွေ ရှိတဲ့နေရာ၊ ကိုယ်နဲ့ မစိမ်းတဲ့ နေရာတွေကို ဦးစားပေး သွားသင့်ပါတယ်။

ကြွေးရှင်တွေကိုတော့ တစ်ဆင့် ဆက်သွယ်ပြီး အဆင်ပြေရင် အရင်းကို ပြန်ပေးပါမယ့်အကြောင်းပြောပါ။ အဆင်ပြေရင် တစ်ကယ်လည်း ပြန်ပေးဖို့ စဉ်းစားပါ။

လောလောဆယ်တော့ ကိုယ့်ဘဝကို နစ်မွန်းစေခဲ့တဲ့ အတိုးတွေနဲ့ ဝေးရာမှာ ၁ ကပြန်စဖို့ အခွင့်အရေးရပါပြီ။ နောင်တရဖို့ မလိုပါဘူး။ သင်ခန်းစာ ယူတတ်ဖို့ပဲ လိုပါတယ်။ ဘဝမှာ ဘယ်နေရာတွေမှာ မှားခဲ့တယ်ဆိုတာကို ပြန်သုံးသပ်ပြီး နောက်မဖြစ်အောင် ဆင်ခြင်ရပါမယ်။ ၁ က ပြန်စရတယ်ဆိုပေမယ့် ဘဝကပေးတဲ့ သင်ခန်းစာတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ပါ။ ကြွေးယူတာကိုရှောင်၊ အလုပ်ကြိုးစား၊ ခြိုးခြံချွေတာပြီးနေပါ။ အရာရာကို အသစ်က ပြန်စပြီး ကိုယ်တတ်ထားတဲ့ ပညာနဲ့ ငွေသခင်တစ်ယောက် ဖြစ်အောင် ပြန်လုပ်ပါ။ အရင်က ကျန်ခဲ့တဲ့ အကြွေးတွေကို ပြန်ဆပ်နိုင်အောင်ကြိုးစားပါ။

ဒါဟာ ဘဝမှာ လက်မြှောက် အရှုံးပေးလိုက်တာ မဟုတ်ပါဘူး။ သေကြောင်းကြံတာကမှ အရှုံးပေးရာ ရောက်ပါတယ်။ ကျွန်တော်ဟာ လက်တွေ့သမားပါ။ ဒီမြို့မှာ ဆက်နေလို့မှ ကိုယ့်ဘဝ ဒီ့ထက်ဆိုးဖို့ရှိတယ်ဆို ပြောင်းပါ။ ဒီမြို့ရွာက ကိုယ်နဲ့ ကံမစပ်လို့ ဒီလိုဖြစ်နေတာလို့ သဘောထားလိုက်ပါ။

"အကြွေးတွေ မပေးနိုင်လို့ ရှောင်ပြေးရတယ်၊ ငါတော့ အရှက်ကွဲပါပြီ၊ သေသော်မှတည့် ဪကောင်း၏" လို့တွေးတဲ့လူတွေကို မေးပါရစေ။ သေသွားတော့ ပိုအရှက်မကွဲဘူးလား။ တစ်ကိုယ်ကောင်း ကိုယ်လွတ်ရုန်း သွားတာ ပိုရှက်စရာ ကောင်းပါတယ်။ ကိုယ့်အပေါ် မှီခိုနေတဲ့ မိဘ၊ သားသမီး၊ ဆွေမျိုးတွေကို ငဲ့ပါဦး။ ဒီလို သေပြီး ကိုယ်လွတ်ရုန်းမယ့်အစား ကိုယ်ဟာ အရည်အချင်းရှိကြောင်း၊ အရင်က အမှားတစ်ခုကြောင့် အတိုးတွေကြောင့်သာ ဘဝမှာ တစ်ခါရှုံးခဲ့ရကြောင်း၊ အတိုးတွေ ပိမနေတဲ့ဘဝမှာ အောင်မြင်အောင် ကြိုးစားနိုင်ကြောင်း အားလုံးကို သက်သေပြလိုက်ပါ။

အကြွေးရှင်တွေကို အားနာတဲ့သူတွေရှိမယ်။ ဒီတိုင်း ဆက်သွားနေလို့ ပိုဆိုးလာဖို့ပဲ ရှိတာကို။ ဘယ်လိုမှ ပြန်မဆပ်နိုင်တာကြီးကို ချေးပြီးဆပ်တော့ တစ်နေ့နေ့မှာ ဘယ်သူမှ ထပ်မချေးတဲ့ အဆင့်ကို ရောက်မှာပဲ။ အဲဒီ အခါကျရင် အားနာရမယ့်ကြွေးရှင်တွေ ပိုများသွားပြီ။

ဒီဗီဒီယိုလေးထဲကလို ကြောက်ဖို့​​ကောင်းလောက်အောင် ဒုက္ခပေးတတ်​တဲ့ ကြွေးရှင်​တွေကို​​တော့ သတိထားပါ။

သိထားရမှာက အတိုးပေးစားတဲ့သူတွေဟာ ဒီလိုပြေးတဲ့သူတွေကိုကာမိဖို့ အတိုးကြီးကြီး လောဘနဲ့ ယူထားကြတယ် ဆိုတာပါပဲ။ သူတို့ရဲ့ စာရင်းထဲမှာ ထွက်ပြေးလို့ ဆုံးရှုံးနိုင်တဲ့ အန္တရာယ်ကိုပါ ထည့်တွက်ထားကြပါတယ်။ တစ်လ ၁၀ တိုးနဲ့ ပေးထားတဲ့ ၂ ယောက်မှာ တစ်နှစ်အကြာ တစ်ယောက်ဆီက အရင်းရော အတိုးပါပြန်ရပြီး နောက်တစ်ယောက်ဆီက အရင်းရော အတိုးပါ ဆုံးရင်တောင် အတိုးပေးစားတဲ့သူတွေဟာ ဘဏ်တိုးထက်ကျန်ပါသေးတယ်။ ၁၀ ယောက်မှာ ၁ ယောက် ဆုံး မယ်၊ ၅ ယောက်မှာ၁ ယောက်ဆုံး မယ် စသဖြင့် ထည့်တွက်ပြီးသားပါ။

ကိုယ်ဟာ ကြွေးသံသရာထဲမှာ အတော်ကြာခဲ့ပြီ။ ပေးထားတဲ့ အတိုးတွေက မူလ အရင်းထက်တောင် မတန်တဆများနေပြီဆိုရင်တော့ အရင်က အကြွေးရှောင်သွားကြတဲ့ လူတွေအတွက်ပါ စိုက်ပေးနေလို့ဖြစ်တယ်လို့ ယူဆရပါမယ်။

ဒီမှာကြုံလို့ အတိုးပေးစားတဲ့သူတွေကို ပြောချင်တာက လုပ်ငန်းမှာ ဆုံးရှုံးနိုင်တဲ့ငွေကို ကျွန်တော်ပြောသလို ထည့်တွက်ရပါမယ်။ တစ်ယောက်ယောက် ထွက်ပြေးလို့ ကိုယ့်ဘဝပျက်နိုင်တဲ့ ပမာဏဆို အစကတည်းက လုံးဝမချေးပါနဲ့။ အဆုံးရှုံးခံနိုင်လောက်တဲ့ ပမာဏ နည်းနည်းစီခွဲပြီး လူများများကို ခွဲချေးပါ။ အတိုးအများကြီးပေးမယ်ဆိုလို့ လောဘကြီးပြီး သွားမချေးလိုက်မိပါစေနဲ့။ အတိုးအများကြီးနဲ့ လာချေးတယ်ဆိုကတည်းက ဒီလူ ကြွေးသံသရာ ငရဲမှာ အတော်နစ်နေတဲ့သူ ဖြစ်နိုင်ပါတယ်။ ကြွေးပြန်ဆပ်နိုင်ခြေ နည်းပြီး တစ်နည်းနည်းနဲ့ ဆုံးဖို့များသွားပါပြီ။

လမ်းစဉ် (၁) ကနေ (၅) အထိ တိတိကျကျလိုက်နာပြီးပြီ။ ငရဲ လမ်းက မလွတ်နိုင်တာ သေချာပြီဆိုရင်တော့ ရှေးလူကြီးတွေ ပြောခဲ့တဲ့ "တစ်ရွာ မပြောင်း သူကောင်း မဖြစ်" ဆိုတဲ့ စကားပုံ​အတိုင်း လုပ်သင့်ရင်လုပ်ရမှာဖြစ်​​ကြောင်း အကြံပြု လိုက်ရပါတယ် ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment