လိုင်းပေါ်မှာ ကြွေးပူနေတဲ့သူ အတော်များများနဲ့ ဆွေးနွေးဖြစ်ပြီး အကြံပေးဖြစ်ပါတယ်။
အဖြစ်အပျက်လေးတွေကလည်း ဆင်တူကြတာများပါတယ်။ အကြွေးတွေများ အတိုးတွေပွားပြီး "တယ် ကံဆိုးတဲ့ ငါပါလား၊ ငါ့လောက် ကံဆိုးတဲ့သူ မရှိနိုင်တော့ဘူး။ သေတာမှ အေးဦးမယ်" လို့ တွေးကြပါတယ်။ ဒီလိုတွေးတဲ့ သူတွေကလည်း တစ်ယောက် မဟုတ်၊ နှစ်ယောက် မဟုတ်၊ အတော် များပါတယ်။ ပြောချင်တာက အားတင်းထားကြပါ။ ဒုက္ခရောက်နေတာ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီ ဒုက္ခတွေကနေ လွတ်အောင် ရုန်းလို့ ရပါတယ်လို့ အားပေးချင်ပါတယ်။
လူတိုင်း ကြွေးကျေချင်ကြပါတယ်။ အကြွေးကြောင့် ဖြစ်ပေါ်လာရတဲ့ သောကတွေ ပျောက်ချင်ကြပါတယ်။ ကြွေးသံသရာ ထဲက လွတ်ချင်ကြပါတယ်။ ဒါပေမဲ့ ဘာလုပ်ရမှန်း မသိတာကြောင့်ရယ်၊ ငွေရေးကြေးရေး ပညာရပ်မှာ အားနည်းတာကြောင့်ရယ်၊ ရေရှည်ကို မတွေးတတ်တာကြောင့်ရယ်၊ အကြောင်းကြောင်းကြောင့်ရယ်နဲ့ ကြွေးသံသရာ နွံထဲက မထွက်နိုင်ပဲ နစ်သထက်ပိုနစ်နေတာကို တွေ့ရပါတယ်။ နားထောင်ရင်း မချိတင်ကဲ ဖြစ်ရပါတယ်။ ကရုဏာလည်း သက်မိပါတယ်။ ကိုယ်ချင်းလည်း စာပါတယ်။
ဒါ့ကြောင့် ကြွေးသံသရာက ငရဲကြီး (၄) ထပ်အကြောင်းနဲ့ ကြွေးသံသရာက လွတ်အောင် ဘာလုပ်ရမလဲဆိုတာတွေကို ပြောပြဖို့လိုပြီ ဆိုပြီး ဒီစာကို ရေးတာပါ။
ကြွေးတင်နေပြီဆိုရင်တော့ ဒီစာကို သေချာဖတ်ပြီး လွတ်မြောက်လမ်းစဉ်ကို လိုက်နာပေးပါခင်ဗျာ။
လောလောဆယ် အကြွေးမရှိဘူးဆိုရင်လည်း အသိပညာ သင်ခန်းစာတိုးအောင် ဖတ်ထားစေချင်ပါတယ်။ နောင်တစ်ချိန်မှာ ဒီ ကြွေးသံသရာထဲကို လမ်းမှားပြီး ရောက်မသွားအောင်ပါ။ အထူးသဖြင့် လူငယ်တွေကို ဖတ်စေချင်ပါတယ်။ ဘဝမှာ အနိမ့်အမြင့် အတက်အကျတွေ အများကြီး ကြုံရဦးမယ်။ ဒီလိုကြုံတဲ့အခါ ကျွန်တော်ရေးပေးနေတဲ့ စာတွေကို ဖတ်ထား နားလည်ထားခဲ့ရင် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။
မီးစ အသေးအမွှားလေးကို အချိန်မီ ငြှိမ်းသတ်နိုင်မှ မီးဘေးကင်းမှာပါ။ အချိန်မီ မသတ်နိုင်ရင် တစ်အိမ်လုံး၊ တစ်လမ်းလုံး၊ တစ်မြို့လုံးကို မီးက ဝါးမြိုသွားနိုင်ပါတယ်။ အကြွေးလည်း ဒီလိုပါပဲ။ အချိန်မီ မသတ်နိုင်ရင် အတိုးပေါ် အတိုးဆင့်ပြီး ဘဝပျက်သွားနိုင်ပါတယ်။
ကြွေးပူတွေကို ကျွန်တော်က အဆင့် (၄) ဆင့် သတ်မှတ်ထားပါတယ်။ ကြွေး ငရဲကြီး (၄) ထပ်ပေါ့။
——————————————
ကြွေးပူ အဆင့် (၁) - ပထမ ငရဲ
——————————————
ဒီအဆင့်မှာတော့ အတိုး မပေးရသေးပါဘူး။ အရင်းကို ဆပ်ဖို့ ပူနေရတာပါ။
အသုံးအဖြုန်းကြီးလွန်းလို့ မိဘ၊ ဆွေမျိုး၊ သူငယ်ချင်း၊ အသိတွေ ဆီက ချေးထားတာမျိုးပါ။
နောက်တစ်မျိုးကတော့ ကိုယ်အသုံး အဖြုန်းကြီးလို့ မဟုတ်ပဲ ကံကြမ္မာဆိုး တစ်ခုခုကြောင့်ပါ။ လုပ်ငန်းမှာ အမှားလုပ်မိလို့ စိုက်လျော် ရတော့မယ်။ ကား သို့မဟုတ် ဆိုင်ကယ်နဲ့ တိုက်မိသွားလို့ လျော်ရတော့မယ်။ တစ်ခုခုကြောင့် အရေးတကြီး စိုက်ပေးရတော့မယ့် အခြေအနေမျိုးပါ။
အခြား မတူတဲ့ အကြောင်း အမျိုးမျိုး ရှိဦးမှာပါ။
တူညီတာ တစ်ခုကတော့ ဒီ အဆင့်မှာ အတိုးမပေးရသေးဘူး။ ချေးထားတဲ့ လူတွေက ပြန်တောင်းနေကြပြီ။ စိုက်လျော်ဖို့၊ အလျော်ပေးဖို့ စသဖြင့် တောင်းနေကြပြီ။ ငွေပေးဖို့ လိုနေပြီ။ ကြွေးပူနေပြီ ပေါ့။
ဒီအခြေအနေမှာ လူအများစုက ထူပူပြီး အမှားလုပ်မိကြပါတယ်။ ဘာလုပ်တာလဲဆိုတော့ ရေရှည်ကိုမတွေးပဲ အတိုးမပေးရတဲ့ ကြွေးပူတွေကို ရှင်းဖို့ ခုလက်ရှိ အပူအေးရင်ပြီးရော ဆိုပြီး ဘေးကနေ အတိုးနဲ့ ငွေချေးတာပါပဲ။ ဒီလိုလုပ်လိုက်တာဟာ ကြွေးသံသရာထဲက မထွက်နိုင်အောင် ဆွဲချလိုက်သလိုပါပဲ။ ဒီလိုနဲ့ ဒီ့ထက်ပူတဲ့ ကြွေးပူ အဆင့် (၂) ကို ရောက်ကြရပါတော့တယ်။
——————————————
ကြွေးပူ အဆင့် (၂) - ဒုတိယ ငရဲ
——————————————
ဒီ အဆင့်မှာတော့ အတိုးတွေ ပေးနေရပါပြီ။ ဒါပေမဲ့ အတိုးကိုတော့ မှန်မှန်သတ်နိုင်တဲ့ အဆင့်ပါ။ ရတဲ့ ဝင်ငွေထဲက အသုံးအရိတ်ကို ချွေတာပြီး ပိုတဲ့ငွေနဲ့ အတိုးသတ်နိုင်တဲ့ အဆင့်ပါ။ ဒါပေမဲ့ အရင်းကို မဆပ်နိုင်သေးတော့ ကြွေးရှင်အချို့က ပူလာပါပြီ။ အရင်းပြန်ပေးပါတော့ ဆိုပြီး တောင်းလာပါပြီ။
ဒီအချိန်မှာလည်း ကြံရာမရဖြစ်ပြီး အမှား ထပ်လုပ်ကြပြန်ပါတယ်။ အရင်းဆပ်နိုင်ဖို့ နောက်တစ်ယောက်ဆီကနေ ထပ်ချေးပါပြီ။ ဒီတစ်ခါတော့ အတိုးနှုန်းက ပိုတောင်များနေပါပြီ။ ၅ ကျပ်တိုးကနေ ၁၀ တိုး၊ ၁၀ တိုးက နေ ၂၀ တိုး စသဖြင့် အတိုးပို များပါပြီ။ ဒယ်အိုးထဲမှာ ပူတယ်ဆိုပြီး ခုန်ချတာ မီးထဲတန်းရောက်ပါပြီ။
ဒီလိုဖြစ်တော့ ကြွေးပူ အဆင့် (၃) ကို ရောက်ပြီပေါ့။
——————————————
ကြွေးပူ အဆင့် (၃) - တတိယ ငရဲ
——————————————
ဒီ အဆင့်မှာတော့ အတိုးနှုန်းတွေ များတဲ့ အတွက် အရင်း မပြောနဲ့၊ အတိုးကိုတောင် မှန်မှန် မပေးနိုင်တော့ပါဘူး။ အတိုးတွေ ရှင်းလိုက်ရင် စားဖို့ မကျန်တော့ဘူး။ စားဖို့ ချန်လိုက်ရင် အတိုးသတ်ဖို့ မကျန်တော့ဘူး ဆိုတဲ့ အခြေအနေပါ။
ဒီအဆင့်မှာတော့ အတိုးတောင် မသတ်နိုင်လို့ ကြွေးရှင်က ပူလာပါပြီ။ အတိုးရော အရင်းပါတောင်းတဲ့ ကြွေးရှင်တွေ များလာပါပြီ။ တော်တော်ပူနေပါပြီ။
ပူလွန်းလို့ ဘာလုပ်လဲ။ ဟုတ်ကဲ့ ပိုပူတဲ့ နောက်တစ်ဆင့်ကို ထပ်ဆင်းပါတော့တယ်။ ကြွေးပူ အဆင့် (၄) ပါ။
——————————————
ကြွေးပူ အဆင့် (၄) - စတုတ္ထ ငရဲ
——————————————
ကြွေးငရဲကြီး (၄) ထပ်မှာ အနက်ဆုံးနဲ့ အပူဆုံး ငရဲပါပဲ။ အတိုးသတ်ဖို့ကိုတောင် ငွေထပ်ချေးရပါတော့တယ်။ နေ့ပြန်တိုးတွေ ပါလာပြီ။
အရင်က အဆင့် (၃) က အကြွေးနဲ့ အတိုးကိုတောင် မဆပ်နိုင်တာ ခု အတိုးသတ်ဖို့ ထပ်တင်တဲ့ အကြွေးနဲ့ အတိုးကို ဘယ်လိုဆပ်မလဲ။ ထပ်ချေးဖို့ပဲ ရှိတာပေါ့။ အတော်နက်တဲ့ ငရဲပါ။
ကြွေးပူ အဆင့် (၁) မှာ တင်နေတဲ့ အကြွေးထက် ဒီ အဆင့် (၄) မှာ တင်နေတဲ့ အကြွေးက အဆမတန်ပိုများနေပါပြီ။ အတိုးပေါ် အတိုးဆင့်တာကိုး။ ဒီ အဆင့်ရောက်နေတဲ့ သူတွေဟာ ဘာလုပ်ရမှန်း မသိတော့ပါဘူး။ သေချင်တာပဲ သိပါတော့တယ်။ အပူ အရမ်းကြီးပါတယ်။
ကျွန်တော်တို့ မိသားစုဟာ အဆင့် (၄) ကို ရောက်ခဲ့ပြီးမှ ပြန်တက်လာတာပါ။ မြန်မာ နိုင်ငံမှာ ကြွေးပူ အဆင့် (၄) ငရဲမှာ ဒုက္ခခံနေ ရတဲ့သူတွေ မနည်းပါဘူး။ ကိုယ် တစ်ယောက်တည်း ဖြစ်နေတာလို့ မထင်ပါနဲ့။ ဒီဒုက္ခတွေက လွတ်မြောက်ဖို့ နည်းလမ်းလည်း ရှိပါတယ်။
စိတ်ဓာတ် မကျပါနဲ့ လို့ ထပ်ပြောချင်ပါတယ်။ "ကြွေးသံတရာက လွတ်မြောက်လမ်း" ကို ဖတ်ပေးပါ။
ကြွေးသံသရာ ငရဲက လွတ်မြောက်နိုင်ကြပါစေ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment