ကြွေးပူတွေကြောင့် စိတ်ညစ်ရတာ ကျွန်တော်တို့ မိသားစုအတွက် သိပ်မဆန်းခဲ့တဲ့ အတွေ့အကြုံ တစ်ခုပါ။ အကြွေးတွေကြားထဲမှာ ကာလ အတော်ကြာ လုံးလည်ချာလည် လိုက်ခဲ့ရပါတယ်။
ဒီတော့ ကြွေးပူကြောင့် သောကရောက်နေတဲ့သူတွေကို ကိုယ်ချင်းစာပါတယ်။ အစစ အရာရာနောက်ကျ၊ ဝင်ငွေနည်းပြီး အလုပ်အကိုင်ရှားပါးတဲ့ ကျွန်တော်တို့နိုင်ငံမှာမှ ကြွေးပူကြောင့် ဒုက္ခရောက်နေသူတွေ ရှိတာတော့ မဟုတ်ပါဘူး။ တိုးတက်လှပါတယ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စုတို့ စင်ကာပူတို့မှာလည်း ဒီလို ကြွေးပူမိနေတဲ့သူတွေ အများအပြား ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီလို အပူမိနေတဲ့သူ ပိုများတာပေါ့။
ကြွေးပူမိနေပြီဆို အကြွေးတွေကျေဖို့ ဘယ်လိုလုပ်ရမလဲ အားလုံး သိချင်ကြမှာပါ။
ဟုတ်ကဲ့။ ကြွေးပူတွေကင်းဖို့ စိတ်ဓာတ်၊ စည်းကမ်းနဲ့ ပညာ ရှိဖို့လိုပါတယ်။
စိတ်ဓာတ် - "ငါ အကြွေးကင်းဖို့ မဖြစ် ဖြစ်အောင် အစွမ်းကုန်ကြိုးစားမယ်" ဆိုတဲ့ စိတ်ဓာတ်၊ အကြွေးထပ်ယူရမှာကို မုန်းတီး ရွံရှာ ရှက်ကြောက်တဲ့စိတ်ဓာတ်ပါ။
စည်းကမ်း - အကြွေးကျေဖို့ အတွက် လိုက်နာရမယ့် အချက်တွေကို စည်းကမ်းရှိရှိ တသွေမတိမ်း လိုက်နာ ကျင့်သုံးတတ်တဲ့ စည်းကမ်းပါ။
ပညာ - အကြွေးကျေဖို့ အတွက် ဘာတွေ လုပ်ရမလဲ ဆိုတဲ့ အချက်တွေကို တတ်သိ နားလည်တဲ့ ပညာပါ။ ကျွန်တော် အခု ဆက်ပြီးရေးပြပေးမယ့် အချက်တွေ ဖြစ်ပါတယ်။
ပညာ တစ်ခုတည်းနဲ့တော့ အကြွေး မကျေနိုင်ပါဘူး ခင်ဗျာ။ ဘာလို့လည်းဆိုတော့ ကျွန်တော်ရေးပြတာတွေဖတ်ပြီးချိန်မှာ "ဟာ ပိုးစုန်းကြူးရာ။ ခင်ဗျား ပြောတာတွေ အားလုံး ကျုပ် သိပြီးသားတွေပါ။ ဒါပေမဲ့ အကြွေးတွေလဲ မကျေပါဘူးဗျာ။ ပိုတောင် တိုးလာသေး။ အာပလာတွေပါ။" လို့ ပြောမယ့်လူတွေ ရှိပါလိမ့်မယ်။ ဒီလူတွေဟာ ပညာသာသိပြီး စိတ်ဓာတ်နဲ့ စည်းကမ်းပိုင်းမှာ လိုအပ်နေသေးလို့ ဖြစ်ပါတယ်။ အကြွေးကျေချင်ရင်တော့ စိတ်ဓာတ်၊ စည်းကမ်းနဲ့ ပညာ သုံးခုလုံး ရှိနေဖို့လိုအပ်ပါတယ် ခင်ဗျာ။
ကဲ စိတ်ဓာတ် နဲ့ စည်းကမ်းကို ပြင်ဆင်ထားပြီးပြီဆိုရင်တော့ ကြွေးပူတွေ လက်ကလွတ်ချင်ရင် ဒါတွေ လုပ်ပါ ခင်ဗျာ။
(၁) လက်ရှိ အခြေအနေ ကိုသုံးသပ်ပါ။
- လက်ရှိ တင်နေတဲ့ အကြွေးစုစုပေါင်းကို တွက်ပါ။
- လက်ရှိပေးနေရတဲ့ တစ်လစာ အတိုး စုစုပေါင်းကိုတွက်ပါ။
- လက်ရှိ တစ်လဝင်ငွေ စုစုပေါင်းကို တွက်ပါ။
- လက်ရှိ တစ်လ အသုံးစရိတ် ကုန်ကျငွေကို တွက်ပါ။ ကျန်းမာရေး နဲ့ သာရေးနာရေးကုန်ကျငွေကိုပါ ထည့်တွက်ပါ။ (ပေးရတဲ့ အတိုးတွေကို ထည့်မတွက်ပါနဲ့။)
တစ်လဝင်ငွေ က (အသုံးစရိတ် + အတိုး) ထက် များနေတယ်ဆိုရင်တော့ သင့်အခြေအနေသိပ်
မဆိုးလှသေးဘူး လို့ပြောပါရစေ။ အကြွေးတွေကျေဖို့ သိပ်မခက်လှတော့ပါဘူး။
တစ်လဝင်ငွေ က (အသုံးစရိတ် + အတိုး) အောက် နည်း နေတယ်ဆိုရင်တော့ ရေရှည်မှာ ဒီ့ထက် ပိုဆိုးဖို့ရှိနေပါတယ်။ စိတ်ဓာတ်ခိုင်ခိုင်၊ စည်းကမ်းရှိရှိ နဲ့ ကြံ့ကြံ့ခိုင် ဖြေရှင်းဖို့ အားမွေးထားလိုက်ပါ။ စိတ်မပူပါနဲ့။ ကျွန်တော်တို့ မိသားစုလည်း ဒီအခြေအနေက တက်လာတာပါ။ အကြွေးတွေကျေဖို့ အချိန်ကြာတတ်ပေမဲ့ ခုပြင်မှ နောင်စိတ်ချမ်းသာရမှာပါ။ စိတ်မလျှော့ပါနဲ့။
ဘာဆက်လုပ်ရမလဲ ဆိုတာ နောက်ထပ် အချက်တွေကို ဖတ်ပေးပါ။
(၂) အတိုးနှုန်းကို လျှော့ချပါ။
ခုပေးနေရတဲ့ အတိုးနှုန်းတွေက မတန်တဆများနေပြီ ဆိုရင်တော့ အတိုးနှုန်းကို လျှော့ချဖို့ လိုအပ်နေပါပြီ။ အတိုးနှုန်း လျှော့ချနိုင်မယ့် နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ ကျွန်တော် ခု ပြောထားတာတွေ အားလုံးကတော့ အလုပ်ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ အခြေအနေ အရပ်ရပ်ပေါ် မူတည်ပါလိမ့်မယ်။ ဒါပေမဲ့ ကြိုးစားကြည့်တာ မမှားပါဘူး။ ရရင် အမြတ်ပေါ့။
- နေ့ပြန်တိုး တွေဟာ လတိုးတွေထက် အတိုးများတာဖြစ်လို့ ဖြစ်နိုင်ရင် လတိုးနဲ့ ချေးလို့ရမယ့်သူတွေဆီက ပြန်ချေးပြီး နေ့ပြန်တိုး အကြွေးတွေကို ကုန်အောင် ဆပ်လိုက်ပါ။
- အလွတ်တိုးနှုန်းဟာ တစ်ခုခု ပေါင်နှံပြီး ချေးတဲ့ အတိုးနှုန်းထက် များတာဖြစ်လို့ ပေါင်စရာ အိမ်၊ ခြံ၊မြေ၊ လက်ဝတ်ရတနာ စတဲ့ အဖိုးတန် ပစ္စည်းတွေ ရှိရင် အတိုးနှုန်း နည်းနည်းနဲ့ ပေါင်နှံပြီး အတိုးများတဲ့ အကြွေးတွေကို အရင် ဆပ်လိုက်ပါ။ မပေါင်ပဲ ရောင်းပြီး အကြွေးဆပ်လို့လည်း ရပါတယ်။
- အခုနောက်ပိုင်း အတိုးနှုန်းသက်သာတဲ့ အသေးစား ငွေချေးလုပ်ငန်း (Micro-finance) ကုမ္ပဏီတွေ ပေါ်လာပါပြီ။ အဲဒီကနေ ချေးငွေယူပြီး ရက်ကွက်ထဲက အတိုးကြီးပေးနေရတဲ့ အကြွေးတွေ ဆပ်လိုက်ပါ။
- အတိုးကြီးယူထားတဲ့ အကြွေးရှင်နဲ့ ပြန်ဆွေးနွေးပါ။ ဘယ်တော့ ဘယ်လောက်ပြန်ဆပ်နိုင်မယ်ဆိုတာ အစီအစဉ် ဆွဲပြပြီး အတိုးနှုန်းကို လျှော့ပေးဖို့ ညှိနှိုင်းကြည့်ပါ။ မပေးတော့ဘူးဆိုပြီး ဘူးခံငြင်းတဲ့သူတွေထက် ဒီလိုလာညှိနှိုင်းတဲ့ သူတွေကို အကြွေးရှင်တွေက ပိုသဘောကျကြပါတယ်။ ငွေ ဆုံးမှာနဲ့ စာရင် အတိုးလျှော့ရတာက တော်သေးတာပေါ့ဆိုပြီး လျှော့ပေးချင် လျှော့ပေးပါလိမ့်မယ်။
(၃) အတိုးနှုန်း အများဆုံး အကြွေးကို အရင်ဆပ်ပါ။
(၄) ဝင်ငွေကို တိုးမြင့်အောင် လုပ်ပါ။
(၅) အသုံး စရိတ်ကို လျှော့ချပါ။
ဝင်ငွေတိုးအောင် နဲ့ အသုံးစရိတ် လျော့ကျအောင်ဘယ်လိုလုပ်ရမလဲ ဆိုတာကို နောက်ပိုင်း ရေးပေးသွားပါဦးမယ်။
(၆) သင်ခန်းစာယူပါ။
အကြွေးဘာကြောင့် တင်ခဲ့ရတယ် ဆိုတာကို ပြန်စမ်းဆစ်ပြီး သင်ခန်းစာယူပါ။ နောက်ဒီလို ထပ်မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ စဉ်းစားပါ။ ဒီလို အဖြစ်မျိုး ထပ်မဖြစ်အောင် ကာကွယ်ပါ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment