အမေရိကန် နိုင်ငံသားတွေ အကြွေးတင်နေပါတယ်။
ကျောင်းစရိတ်အကြွေး၊ အိမ်အကြွေး၊ ကားအကြွေး စတဲ့ ဘဏ်က တိုက်ရိုက်ချေးထားတဲ့ အကြွေးတွေကို ထည့်မတွက်ပဲ ခရက်ဒစ်ကဒ်လို့ ခေါ်တဲ့ အကြွေးဝယ်ကဒ် သုံးလို့ တင်နေတဲ့ အကြွေးတွေကိုပဲ ကြည့်ရအောင်။
#ခရက်ဒစ်ကဒ်
အမေရိကန် ပြည်ထောင်စုမှာ ခရက်ဒစ်ကဒ် သုံးတာ ရေပန်းစားပါတယ်။
ခရက်ဒစ်ကဒ် လျှောက်ဖို့ကလည်း မခက်လှပါဘူး။ ဘဏ်မှာ ဘဏ်ကဒ် လျှောက်သလိုပါပဲ။ ပုံမှန်ရနေတဲ့ လစာဝင်ငွေ လမ်းကြောင်း အထောက်အထား ပြနေရင် လျှောက်လို့ရပါတယ်။ လစာနဲ့ အခြားကိုယ်ရေးအချက်အလက်တွေပေါ်မူတည်ပြီး ကဒ်ကနေ ငွေဘယ်လောက် ကြိုသုံးခွင့်ရှိလဲဆိုတာကို အကန့်အသတ်နဲ့ သတ်မှတ်ထားပါတယ်။
ဈေးဝယ်တဲ့အခါ၊ စားသောက်တဲ့အခါ၊ ခရီးထွက်တဲ့အခါ၊ ဝန်ဆောင်မှု တစ်ခုခုအတွက် ငွေပေးဖို့ လိုတဲ့အခါ ငွေသား စက္ကူကို မပေးပဲ ခရက်ဒစ်ကဒ်ကို သုံးလို့ရပါတယ်။ ငွေပေးချေဖို့ ခရက်ဒစ်ကဒ်လေး ထိုးပေးလိုက်ရင် ပေးရမယ့် ငွေပမာဏကို ကဒ်ထဲကနေ ဖြတ်သွားမယ်။ အကြွေးစာရင်းထဲ မှတ်သွားတယ်ပေါ့။ တစ်လအကြာမှာ သုံးထားသမျှ အကြွေးကို ခရက်ဒစ်ကဒ် ကုမ္ပဏီကို ငွေပြန်လွှဲပေးရပါတယ်။ အချိန်မီ လွှဲပေးနိုင်ရင် အတိုးမပေးရပါဘူး။
#အကြွေးထူတဲ့အမေရိကန်
ကဒ်လေးနဲ့ ဝယ်ရတာဆိုတော့ ဘယ်လောက်သုံးလို့ သုံးမိမှန်းမသိပဲ လကုန်တော့မှ သုံးမိတာတွေများသွားလို့ လစာနဲ့ မလောက်တော့ပဲ ငွေအပြည့် ပြန်မပေးနိုင်လို့ အကြွေးကျန်တာမျိုးတွေ ရှိတတ်ပါတယ်။
ဒါဆိုရင် ခရက်ဒစ်ကဒ် ကုမ္ပဏီတွေရဲ့ ဂွင်ထဲ ဝင်သွားပါပြီ။ ကျန်နေတဲ့ အကြွေးကို အတိုးကြီးကြီးတွေသတ်မှတ်ပြီး အကြွေးမှတ်တော့တာပါပဲ။ အတိုးပေါ်အတိုးဆင့်တဲ့အပြင် ဘာကြေး ညာကြေးတွေပါထည့်ပေါင်းပြီး နာနာထောင်းပါပြီ။
အမေရိကန် ပြည်ထောင်စုမှာ ဒီလို ခရက်ဒစ်ကဒ် အကြွေးတွေကို လစဥ်ပုံမှန် ပြန်မပေးနိုင်လို့ အတိုးကြီးတွေမိပြီး ကြွေးသံသရာထဲ နစ်နေသူတွေရှိပါတယ်။
လစဥ် အချိန်မီ ပြန်ပေးနေတဲ့ အကြွေးတွေကို ထည့်မတွက်ပဲ လကျော်သွားလို့ အတိုးပေးနေရတဲ့ အကြွေးတွေကိုပဲ တွက်ကြည့်ရအောင်။ ပျမ်းမျှအားဖြင့် အမေရိကန် မိသားစုတစ်စုမှာ ခရက်ဒစ်ကဒ် အကြွေး မြန်မာငွေနဲ့တွက်ရင် သိန်းတစ်ရာလောက် ရှိပါသတဲ့။ အိမ်ထောင်စုတစ်စုဟာ တစ်နှစ်မှာ မြန်မာငွေ ၁၇ သိန်းလောက် ခရက်ဒစ်ကဒ်အတိုး ပေးနေရပါသတဲ့။ ဒါတောင် သူတို့နိုင်ငံက အတိုးက သိပ်မကြီးလို့ပါ။
ဟိုနိုင်ငံမှာ ဝင်ငွေများတာပဲ၊ ဒီလောက်အကြွေးကတော့ ပါမွှားပါလို့ ကပ်ပြောလို့တော့ ရပါတယ်။ ဒါပေမဲ့ ဒီလောက်ငွေက ပါမွှားဆို အတိုးမပေးရခင် အချိန်မီ ပြန်သွင်းနိုင်မှာပေါ့။ ခုက ငွေမလည်လို့ ကြွေးတင်ပြီး အတိုးပေးနေရတာပါ။ ခရက်ဒစ်ကဒ် သုံးတဲ့သူတွေထဲက ၃၇% ဟာ လကုန်မှာ ငွေအကျေပြန် မပေးနိုင်ကြပါဘူးတဲ့။
#အကြွေး
အကြွေးနဲ့ စားသောက်တာ၊ အကြွေးနဲ့ ပစ္စည်းတွေဝယ်တာ၊ အကြွေးနဲ့ ခရီးထွက်တာ စတဲ့ ငွေမရခင် ကြိုသုံးထားတာတွေကို အားမပေးပါဘူး။ (လုပ်ငန်းလုပ်ဖို့ သင့်တင့်တဲ့အတိုးနှုန်းနဲ့ ချေးယူတယ်၊ ရလာတဲ့ အကျိုးအမြတ်က အတိုးပေးရတာထက် များတယ်ဆိုရင်တော့ ခြွင်းချက်ပါ။)
သူများနိုင်ငံမှာ ခရက်ဒစ်ကဒ်သုံးကြလို့ ခေတ်မီသူတိုင်း ခရက်ဒစ်ကဒ်သုံး အကြွေးယူကြသည်ဆိုပြီး သွား အတုခိုးလို့ မရပါဘူး။
ချမ်းသာတဲ့ နိုင်ငံတွေမှာတောင် မဆင်မခြင် ငွေကြိုသုံးတတ်တဲ့သူတွေဟာ အကြွေးတွေ အတိုးတွေကြောင့် ဒုက္ခရောက်နေကြရပါတယ်။ ဆင်းရဲတဲ့နိုင်ငံက ကျွန်တော်တို့ဆို ပိုဆင်ခြင်ရမှာပေါ့ ခင်ဗျာ။
တိုးတက်တဲ့ နိုင်ငံတွေကနေ ကောင်းတာလေးတွေကို အတုယူပါ။ မကောင်းတဲ့ ငွေချေးသုံးတဲ့အကျင့်ကိုတော့ သွားပြီး အတုမယူပါနဲ့။ အလုပ်အကိုင်ရှားပါး၊ ဝင်ငွေနည်းပြီး အတိုးကြီးတဲ့ ဒီနိုင်ငံမှာ ကြွေးသံသရာထဲ နစ်သွားရင် ရူးသွားနိုင်ပါတယ်။
#ခရက်ဒစ်ကဒ်ရဲ့ကောင်းကွက်လေးတွေ
ကျွန်တော်ရော နိုင်ငံခြားမှာနေတုန်းက ခရက်ဒစ်ကဒ် မသုံးဘူးလား။ သုံးပါတယ် ခင်ဗျ။ ခုလည်း နိုင်ငံခြား ခရီးတွေ ထွက်ရင် သုံးပါတယ်။
ငွေချေးသုံးချင်လို့၊ ငွေလည်အောင် တစ်လစာလောက် ကြိုသုံးချင်လို့ သုံးတာ လုံးဝ မဟုတ်ပါဘူး ခင်ဗျာ။ သုံးတဲ့ ပမာဏဟာ ကိုယ် တတ်နိုင်တဲ့ ပမာဏကိုပဲ ချင့်ချိန်သုံးတာပါ။ သုံးလိုက်တဲ့ ပမာဏအတွက် ငွေလက်ငင်းချေဖို့ ဘဏ်ထဲမှာ ငွေ လုံလုံလောက်လောက် ရှိပြီးသားပါ။
ဒါဆိုဘာလို့များ ခရက်ဒစ်ကဒ်ကို သုံးနေသေးလဲဆိုတော့ ခရက်ဒစ်ကဒ်သုံးခြင်းရဲ့ အကျိုးကျေးဇူးတွေ ရှိနေလို့ပါ။
အချို့ဆိုင်တွေက ခရက်ဒစ်ကဒ်သုံးရင် ဈေးလျှော့ပေးတာမျိုးတွေ ရှိတယ်။ ခရက်ဒစ်ကဒ် ကုမ္ပဏီက ကဒ်သုံးတဲ့ သူတွေကို သုံးတဲ့အပေါ်မူတည်ပြီး လက်ဆောင်တွေ၊ ငွေတွေ ပြန်ပေးတာမျိုးတွေ ရှိတယ်။ အချို့ ခရက်ဒစ်ကဒ်တွေဆို ကဒ်နဲ့ လေယာဉ်လက်မှတ်ဝယ်ရင် ခရီးသွား အသက် အာမခံကို အလကား ထည့်ပေးတာမျိုး၊ နောက်ပိုင်း ခရီး သွားတာများရင် လေယာဉ်လက်မှတ် အလကားပေးတာမျိုးတွေပါ ရှိပါတယ်။ ပြီးတော့ ကဒ်လေးနဲ့ပေးတာ ငွေကိုင်သုံးတာထက် စမတ်ပိုကျပြီး အလုပ်ရှုပ် သက်သာပါတယ်။
ဒီလို ခရက်ဒစ်ကဒ်နဲ့ ဝယ်ထားတဲ့ မှတ်တမ်းတွေ၊ ခရက်ဒစ်ကဒ် ကုမ္ပဏီကို အချိန်မီ ငွေပြန်သွင်းမသွင်း မှတ်တမ်းတွေဟာ အရမ်းအရေးပါလှပါတယ်။ အိမ်တွေဘာတွေကို ချေးငွေနဲ့ဝယ်ချင်ရင် အဲဒီ ခရက်ဒစ်ကဒ် မှတ်တမ်းတွေကို ပြန်ကြည့်ပြီး ဘဏ်က ကိုယ့်ကို ငွေချေးသင့် မချေးသင့်စဥ်းစားပါတယ်။ ခရက်ဒစ် မှတ်တမ်းလုံးဝ မရှိတဲ့သူတို့၊ ငွေကို မှန်မှန် ပြန်မသွင်းထားတဲ့သူတို့ဆို ဘဏ်ကနေ ငွေချေးဖို့ ခက်ခဲပါတယ်။
ဒီတော့ ခရက်ဒစ်ကဒ်ကို သုံးပါတယ်။ ဒါပေမဲ့ ချေးချင်လို့ သုံးတာမဟုတ်ပဲ ခရက်ဒစ်ကဒ်က ပေးတဲ့ အကျိုးကျေးဇူးတွေကို လိုချင်လို့ပါ။ ကိုယ့်ဘဏ်ထဲမှာ ရှိတဲ့ငွေထက် ပိုမသုံးပါဘူး။ လကုန်မှာ ရမယ့် လစာကို ကြိုပြီး သုံးထားတာမျိုးလည်း မလုပ်ပါဘူး။ တစ်လသုံးတာကို အချိန်မစေ့ခင် ပြန်ပေးပါတယ်။ ဒီတော့ ခရက်ဒစ်ကဒ် ကုမ္ပဏီတွေက ကျွန်တော့်ဆီက နှစ်စဥ်ကြေး ဘယ်တော့မှ မကောက်ပါဘူး။
ဒီလိုမျိုး စည်းကမ်းရှိရှိ သုံးရင်တော့ အကျိုးရှိပါတယ်။ ဒီတော့ ဒါမျိုးကို ချေးသုံးတယ်လို့ မသတ်မှတ်ပါဘူး။
တကယ် လိုအပ်တာတွေ မဟုတ်တဲ့ လိုချင်တာတွေကို လစဥ်ပေး စနစ်၊ အကြွေးစနစ်နဲ့ ဝယ်တာမျိုးကို ရှောင်ပါ။ လိုအပ်တယ်ဆိုရင်တောင် ကြွေးမတင်အောင် ကြိုတင် ငွေစုပါ။
ငွေကို မရသေးခင် ကြိုပြီး မသုံးမိပါစေနဲ့။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment