(မနေ့က မေးထားတဲ့ "ကိုကိုညီညီ ပဟေဠိ" ရဲ့အဖြေကို ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။)
ငွေရဲ့ တာရှည်ပွား အာနိသင် (Time Value of Money) ဆိုတာက ခုလောလောဆယ် လက်ထဲမှာ ရှိတဲ့ ငွေတစ်သိန်းဟာ နောက် ၁၀ နှစ်မှာ လက်ထဲကို ရောက်လာမယ့် ငွေတစ်သိန်းထက် ပိုပြီး တန်ဖိုးရှိတယ်ဆိုတဲ့ သဘောတရားပါ။ ဘာကြောင့်လဲဆိုတော့ ခုလောလောဆယ် လက်ထဲမှာရှိတဲ့ ငွေ တစ်သိန်းကို ရင်းနှီးမြှုပ်နှံထားလိုက်ရင် နောင် ၁၀ နှစ်မှာ ငွေတစ်သိန်းကနေ သိန်းပေါင်းများစွာ ပွားများလာနိုင်လို့ပါ။
ငွေကို အချိန်ကြာကြာ ရင်းနှီးမြှုပ်နှံထားနိုင်လေလေ ငွေပိုပွားလေလေ၊ ပွားများနှုန်း ပိုမြန်လာလေလေပါပဲ။ ဒါကြောင့်လည်း "တာရှည်ပွားအာနိသင်" လို့ ခေါ်တာပါ။ အချိန်ရဲ့ တန်ခိုးအာနိသင်ကြောင့် ရေရှည်မှာ ငွေတွေ ပွားလာတာမျိုးပါ။
မျက်လုံးထဲမြင်အောင်ပြောရရင် ယုန်ထီးလေးနဲ့ ယုန်မလေး နှစ်ကောင်ဟာ အချိန်ကြာလာတာနဲ့အမျှ မျိုးဆက်ပွားရင်း ၂ ကောင်ကနေ ၄ ကောင်၊ ၈ ကောင်၊ ၁၆ ကောင်၊ ၃၂ ကောင် စသဖြင့် အများကြီးဖြစ်လာတာမျိုးပါ။
နောက်တစ်မျိုး ဥပမာပေးရရင် သစ်တစ်ပင်ရဲ့ မျိုးစေ့လေးဟာ လက်ရှိမှာတော့ သေးသေးလေးပါ။ ဒီသေးသေးလေးကို ရှင်သန်အောင် စိုက်လိုက်နိုင်ရင် အချိန်ကြာလာတာနဲ့အမျှ အပင် ကြီးထွားလာပါမယ်။ ကနဦးက မျိုးစေ့လေးနဲ့ ယှဉ်လိုက်ရင် အဆမတန် ပွားများ ကြီးထွားသွားပြီ။ အချိန်တစ်ခုရောက်လာရင် အသီးတွေ သီးတော့မယ်။
အသက် ၂၀ ကနေ အသက် ၃၀ အထိ ငွေစုခဲ့တဲ့ ကိုကိုက ငွေရင်း သိန်း ၁၀၀ စိုက်ထုတ်ခဲ့တယ်။
အသက် ၃၅ နှစ်ကနေ ၅၅ နှစ်အထိ ငွေစုခဲ့တဲ့ ညီညီကတော့ ငွေရင်း သိန်း ၂၀၀ စိုက်ထုတ်ခဲ့တယ်။
တစ်နှစ်ကို ၁၀% ဘဏ်တိုးရတဲ့ ဘဏ်မှာ တိုးရင်းပေါင်းပြီး အသက် ၅၅ ထိ စုထားကြတယ်။ (တွက်ရလွယ်အောင် ၁၀% နှုန်းနဲ့ ဥပမာပေးထားတာပါ။ ဒီခေတ်မှာ ၁၀% မပေးတော့ပါဘူး။)
အသက် ၅၅ နှစ်မှာ ကိုကို့ရဲ့ ဘဏ်ထဲမှာ ငွေပေါင်း ၁၇၂၆ သိန်းကျော်ရှိနေပါပြီ။ သူ့ရဲ့ ငွေရင်းထက် ၁၇ ဆကျော် ပိုများသွားပါပြီ။ ဒါဟာ ငွေရဲ့ တာရှည်ပွားအာနိသင်ကြောင့်ပါပဲ။ အသက် ၂၀ အရွယ်က စစုတာဖြစ်လို့ ငွေတွေဟာ အသက် ၅၅ နှစ်အရွယ်မှာ ဆယ်စုနှစ် ၃ ခုကျော် အချိန်တွေ ရင်းထားခဲ့တာကိုး။
ညီညီ့ရဲ့ ဘဏ်ထဲမှာတော့ ငွေပေါင်း သိန်း ၅၇၀ ကျော် ရှိနေမှာပါ။ သူ့ရဲ့ ငွေရင်းထက် ၃ ဆတောင် မပွားပါဘူး။ သူက အသက် ၃၅ နှစ်မှ ငွေစစုတာမို့ တာရှည်ပွားအာနိသင် အားနည်းသေးလို့ပါ။
(ငွေကို နှစ်ကုန်မှတစ်ခါ ၁၀ သိန်းစီ စုတယ်၊ အတိုး ၁၀% တစ်နှစ်တစ်ခါရတယ်၊ တိုးရင်းပေါင်းပြီး ပြန်ထည့်တယ်ဆိုတဲ့ ယူဆချက်တွေနဲ့ တွက်ထားတာပါ။ ယူဆချက်နဲ့ တွက်နည်း နည်းနည်းပါးပါးကွာသွားရင် အဖြေလည်း နည်းနည်းပါးပါးကွာသွားနိုင်ပါတယ်။)
၇၂ စည်းမျဥ်းအရ တစ်နှစ်ကို ၁၀% အတိုးရရင် ငွေ သိန်း ၁၀၀ ကနေ သိန်း ၂၀၀ နှစ်ဆပွားဖို့ ၇ နှစ်ကျော်ကြာပါတယ်။ ၁၄ နှစ်ကျော်ရင် သိန်း ၄၀၀ ဖြစ်ပြီ။ ၂၁ နှစ်ကျော်ကျော်မှာ သိန်း ၈၀၀၊ ၂၈ နှစ်ကျော်ရင် သိန်း ၁၆၀၀ ဖြစ်ပါပြီ။ တာရှည်ပွားအာနိသင် ကတော့ အံ့ဩစရာပါပဲ။
သတိပြုစရာရှိတာက ငွေရဲ့ တာရှည်ပွားအာနိသင်ဟာ အကျိုးအမြတ်ရနေတဲ့ နေရာမှာ ထည့်ထားနိုင်မှသာ တန်ခိုးရှိတာပါ။ ကိုကိုသာ စုမိငွေကို ဘဏ်မှာ မအပ်ပဲ အိမ်က မီးခံသေတ္တာထဲမှာပဲ လုံခြုံအောင် ထည့်သိမ်းထားရင် သူ အသက် ၅၅ နှစ်ပြည့်တဲ့အခါ ငွေသိန်း ၁၀၀ က သိန်း ၁၀၀ ပဲ မတိုးပွားပဲ ရှိနေမှာပါ။
ခုတော့ ဘဏ်ထဲထည့်ထားလို့ ဘဏ်တိုးရနေလို့ သိန်း ၁၀၀ ကနေ သိန်း ၁၇၀၀ ကျော်ဖြစ်သွားပါပြီ။
ကိုကိုညီညီ ဥပမာမှာ ငွေရဲ့ တာရှည်ပွား အာနိသင်ကို မြင်စေချင်လို့သာ လူတိုင်းနားလည်တဲ့ ဘဏ်တိုးနဲ့ ဥပမာပေးထားရတာပါ။ ဘဏ်တိုးကလည်း ငွေကြေးဖောင်းပွမှုကြောင့် သိပ်မဟန်ပြန်ပါဘူး။
(ဘဏ်တိုးရတာကြောင့် အိမ်မှာ သိမ်းထားတာထက်တော့ အများကြီး ပိုကောင်းပါတယ်။ ဘဏ်ဒေဝါလီခံသွားနိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုပေမဲ့ ဒီခေတ်မှာ ဖြစ်ဖို့ ခဲယဉ်းပါတယ်။)
အကယ်၍ ကိုကိုဟာ ငွေသိန်း ၁၀၀ ကို ဘဏ်ထဲ မထည့်ပဲ ငယ်ရွယ်စဥ်မှာ တန်ဖိုးသင့်တင့်တဲ့ မြေတစ်ကွက်ဝယ်ထားခဲ့ရင် အသက် ၅၅ နှစ်အရွယ်မှာ အဲဒီမြေကွက်ဟာ သိန်း ၁၇၀၀ မက အဆများစွာ ဈေးရနိုင်ပါတယ်။ (ခြွင်းချက်တော့ ရှိပါတယ်။)
(Time Value of Money ကို အချို့က ငွေရဲ့ ကာလတန်ဖိုးလို့ အလွယ်ဘာသာပြန်ကြပါတယ်။ "ကာလတန်ဖိုး" ဆိုတဲ့စကားဟာ "လက်ရှိပေါက်ဈေး" နဲ့ အဓိပ္ပာယ် သွားဆင်နေတာကြောင့် နားလည်ရပိုလွယ်တဲ့ "တာရှည်ပွား အာနိသင်" ဆိုတဲ့ ဝါဟာရလေးကို ထွင်သုံးထားပါတယ်။)
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Thursday, October 29, 2020
တာရှည်ပွား အာနိသင်
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment