ဝင်ငွေထက် ထွက်ငွေက များတဲ့အခါ အကြွေးတင်လာတတ်ပါတယ်။ အကြွေးနည်းနည်းလေးကနေ အတိုးတွေတက်၊ ဝင်ငွေနဲ့ထွက်ငွေမမျှလို့ ငွေ ထပ်လို၊ ထပ်လိုလို့ ထပ်ချေးနဲ့ ကြွေးသံသရာထဲ ရောက်သွားရင် ပြန်ထွက်ရခက်ပါတယ်။ နောက်ဆုံးမှာ ကိုယ်ပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာတွေကို အောက်ဈေးနဲ့ ထိုးရောင်းပြီး အကြွေးပူတွေကို ဆပ်ရတဲ့ထိ ဖြစ်တတ်ပါတယ်။
ဒီလိုဘဝမျိုး ရောက်ခဲ့ရတဲ့ နိုင်ငံကတော့ သီရိလင်္ကာ နိုင်ငံပါပဲ။
သီရိလင်္ကာနိုင်ငံဟာ မြန်မာပြည်သားတွေနဲ့ မစိမ်းလှပါဘူး။ ထေရဝါဒအထွန်းကားဆုံး နိုင်ငံ ၅ နိုင်ငံထဲက တစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဗုဒ္ဓစာပေတွေမှာ သီရိလင်္ကာနိုင်ငံရဲ့ လွှမ်းမိုးမှုတွေ မကင်းပါဘူး။
သီရိလင်္ကာနိုင်ငံဟာ နိုင်ငံတော်အသုံးစရိတ်က နိုင်ငံတော်ဝင်ငွေထက်များလို့ နိုင်ငံတကာက ချေးငွေတွေယူရင်း အကြွေးထူပါတယ်။
ဒီလိုအကြွေးထူနေတဲ့ကြားက တရုတ်နိုင်ငံက ချေးငွေချေးပေးမယ်ဆိုလို့ လွယ်လွယ်ရတာနဲ့ ဟမ်ဘန်တိုတာဒေသမှာ ပင်လယ်ရေနက် ဆိပ်ကမ်းတစ်ခုနဲ့ လေယာဉ်ကွင်းတစ်ခုကို ဆောက်လုပ်ခဲ့ပါတယ်။ တရုတ်နိုင်ငံက ချေးငွေတွေဟာ အများအားဖြင့် နိုင်ငံတကာက ချေးငွေတွေထက် ပိုပြီး အတိုးများလေ့ရှိပါတယ်။
တရုတ်နိုင်ငံရဲ့ "ခါးပတ်တစ်ခု လမ်းတစ်ခု စီမံကိန်း"ဟာ ကမ္ဘာ့အချက်အချာကျတဲ့ နေရာဒေသတွေမှာ လိုအပ်တဲ့ အခြေခံ အဆောက်အဦး၊ လမ်းတံတား၊ ဆိပ်ကမ်းတွေကို ဖွံ့ဖြိုးအောင် ကူညီပေးပြီး တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို တိုးချဲ့ဖို့ ရည်ရွယ်တဲ့ စီမံကိန်းပါ။
သီရိလင်္ကာနိုင်ငံဟာ ဒီအကြွေးတွေ မယူခင်ကတည်းက နိုင်ငံတကာအကြွေးတွေနဲ့ ခေါင်းစားနေခဲ့ရတာပါ။ အကြွေးတွေ ထပ်မယူခင် ရေရှည်ပြန်ဆပ်နိုင်ပါ့မလားလို့ သေချာ စဥ်းစားခဲ့သင့်တာပါ။
"အစိုးရဖြစ်နေတုန်း အာဏာရှိတုန်း ချေးထည့်လိုက်မယ်။ သုံးပစ်လိုက်မယ်။ အကြွေးပြဿနာကို နောင်ခါလာ နောင်ခါဈေး နောင်တက်လာတဲ့အစိုးရ ဖြေရှင်းလိမ့်မယ်" ဆိုတဲ့အတွေးဟာ စက်ဆုပ်စရာ အတွေးပါ။ အနာဂတ်ကနေ ချေးသုံးနေတာပါ။ ဘယ်သူတွေ ပြန်ဆပ်ရမှာလဲ။ တိုင်းပြည်ရဲ့ အနာဂတ်က လူငယ်တွေပါ။ သနားစရာကလေးတွေခမျာ မမွေးခင်ကတည်းက အကြွေးတင်နေရတဲ့ အဖြစ်ပါ။
ခုတော့ ချေးထားတဲ့အကြွေးတွေက ပူနေပြီ။ တရုတ်နိုင်ငံနဲ့တစ်ကွ နိုင်ငံတကာကို အရစ်ကျပြန်ဆပ်ဖို့ ငွေအလုံအလောက်မရှိဘူး။ အကြပ်တွေ့ရပါပြီ။
ကြွေးပူတွေနဲ့ ရင်ဆိုင်နေရတုန်းမှာ ကယ်တင်ရှင်ပေါ်လာပါတော့တယ်။ ကယ်တင်ရှင်ကတော့ တရုတ်နိုင်ငံအစိုးရပိုင် ကုမ္ပဏီတစ်ခုပါပဲ။ တရုတ်နိုင်ငံက ချေးငွေနဲ့ ဆောက်ထားတဲ့ ဟမ်ဘန်တိုတာ စီမံကိန်း ဆိပ်ကမ်းရဲ့ ၇၀% ကို တရုတ်ကုမ္ပဏီကို ၉၉ နှစ် နှစ်ရှည်ငှါးရမယ်။ တရုတ်နိုင်ငံဘက်က သီရိလင်္ကာကို ငှါးရမ်းခ ဒေါ်လာ ၁.၁၂ ဘီလီယံပေးမယ်။ စီမံကိန်းက ရရှိလာတဲ့ အကျိုးအမြတ်ရဲ့ ၇၀% ကို တရုတ်နိုင်ငံက ယူမယ်ပေါ့။
(၉၉ နှစ်ဆိုတာ အချိန်အကြာကြီးပါ။ သီပေါမင်းပါတော်မူတာနဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရတာနဲ့ကြားမှာ နှစ်ပေါင်း ၆၀ ကျော်လောက် ကြာပါတယ်။)
ကြွေးပူမိနေတဲ့ သီရိလင်္ကာနိုင်ငံဟာ သူတို့ရဲ့ အချုပ်အခြာအာဏာပိုင် ဒေသတစ်ခုမှာ ၉၉ နှစ်ကြာ စီးပွားရေးအရ ခြယ်လှယ်ခံရတော့မှာကို မတွေးအားတော့ပါဘူး။ ကြွေးပူတွေရှိနေပြီလေ။
ဒီလိုနဲ့ အနာဂတ်မှာ အချက်အချာကျလာနိုင်တဲ့ သီရိလင်္ကာနိုင်ငံ ပင်လယ်ဆိပ်ကမ်းဒေသတစ်ခုရဲ့ ၇၀% ဟာ တရုတ်နိုင်ငံရဲ့ လက်ထဲကို ၉၉ နှစ်တိတိ ရောက်သွားပါတော့တယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အဲဒီဆိပ်ကမ်း ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံကချေးယူထားတဲ့အကြွေးတွေကိုလည်း ဆက်ပြီး ဆပ်နေရဦးမှာပါ။ ၃၀% ပဲပိုင်တော့တဲ့ နေရာအတွက် ဆောက်လုပ်ရေး အကြွေးတွေကတော့ မကျေသေးပါဘူး။
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ ဒီဘက်ခေတ်မှာ လက်နက်တွေသုံးပြီး နယ်ချဲ့တဲ့အလုပ် သိပ်မလုပ်ကြတော့ပါဘူး။ စစ်ဖြစ်ရင် ငွေကုန်တယ်၊ အသေအပျောက်များတယ်လေ။ စစ်ပွဲတွေကြောင့်ပဲ နောက်ဆုံးမှာ ဗြိတိသျှအင်ပါယာကြီး ပြိုလဲခဲ့ရတယ်။
ဒီတော့ စစ်မတိုက်ရပါပဲ ငွေနဲ့တိုက်တဲ့အလုပ်က ပိုပြီး တွက်ချေကိုက်ပါတယ်။ အတိုးကြီးကြီးနဲ့ ချေးငွေတွေပေးထားမယ်။ အဲဒီအကြွေးတွေကို ပြန်မဆပ်နိုင်ပဲ နိုင်ငံ ကျဥ်းထဲကြပ်ထဲရောက်နေတဲ့အချိန် နိုင်ငံတွင်းက စီးပွားရေး အချက်အချာကျတဲ့ လုပ်ကွက်တွေကို ငွေပေးပြီး နှစ်ရှည်ငှါးဖို့ ကြိုးစားမယ်။
ပြန်တွေးကြည့်ရင် ဟိုခေတ်ရုပ်ရှင်တွေ ဝတ္ထုတွေ ထဲကလို ကြွေနွံထဲနစ်နေတဲ့ ဆင်းရဲသားလင်မယားကို တိုင်းတစ်ပါးသား သူဌေးတစ်ယောက်က ကူညီသလိုနဲ့ အကြွေးတွေဝိုင်းဆပ်ပေးပြီး သမီးကညာကို သိမ်းပိုက်လိုက်သလိုပါပဲ။
သီရိလင်္ကာ နိုင်ငံကနေ သင်ခန်းစာယူကြပါစို့။ လွယ်လွယ်နဲ့ ချေးလို့ရတိုင်း မချေးကြပါနဲ့။ အဲဒီ ငါးစာရဲ့နောက်ကွယ်မှာ ငါးမျှားချိတ်အကြီးကြီး ရှိနေတတ်ပါတယ်။
အကြွေးဆိုတာ ခေတ်သစ်ကျွန်ပြုနည်းတစ်ခုပါပဲ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment