မိအေးတစ်ယောက် ကြွေးပူတွေကြောင့် အကြံအိုက်နေရပါပြီ။ ယောကျ်ားပေးတဲ့ ပိုက်ဆံနဲ့ စားဖို့သောက်ဖို့ မလောက်လို့ ဟိုက နည်းနည်းချေး ဒီက နည်းနည်းချေးနဲ့ အတိုးပေါ်အတိုးဆင့်ပြီး ကြွေးနည်းနည်းလေးကနေ အများကြီး ဖြစ်လာပါပြီ။ ပြန်ဆပ်ဖို့ ငွေက အလုံအလောက်မရှိ။
အမှန်ကတော့ သေချာပြန်တွေးကြည့်ရင် အဖြုန်းတွေကိုလျှော့ပြီး ချွေတာစားရင် လောက်ပါတယ်။ အကြွေးမတင်အောင် နေလို့ရပါတယ်။ ခုဟာက မချွေတာတဲ့အပြင် နှစ်လုံး သုံးလုံးထိုးတာတွေကြောင့်လည်း ပိုဆိုးသွားတာပါ။
ကြွေးပူတွေကို အမြန်ဆပ်ဖို့ နည်းလမ်းကလည်း မမြင်။
"ငွေမျောငွေနဲ့လိုက်" ဆိုတဲ့ စကားလည်း ရှိတယ် မဟုတ်လား။ ဒီတော့ မျောသွားတဲ့ငွေတွေ ပြန်ရအောင် ငွေနဲ့ပဲလိုက်ရမယ်လေ။ အခြားနည်းလည်း မမြင်တာမို့ နှစ်လုံးထီကိုပဲ အောပြီး ထိုးရတော့တာပေါ့။ မနေ့ညကပဲ ပေါက်ဂဏန်းကို ကွက်ကွက်ကွင်းကွင်းကြီး အိပ်မက်မက်ထားတာ။
ဟော နှစ်လုံးထီ ထွက်တော့မယ်။ ရင်တွေတောင် ခုန်နေပါပြီ။ ပေါက်မှကို ဖြစ်မှာ။ မပေါက်ရင် သွားပြီ။ ဒိုင်ကို ငွေမရှင်းရသေးဘူး။ ကြွေးတွေအားလုံး ကျေချင်တော့လည်း ဒီတစ်ခေါက် တော်တော်ကြီးကို ထိုးလိုက်မိတယ်။
ထွက်ပါပြီ။ ဟယ် တစ်လုံးတည်း ကပ်လွဲသွားတာ ရင်နာလိုက်တာ။
ဒါမှ ဒုက္ခပဲ။ ကြွေးပူရှင်းချင်လို့ နှစ်လုံးထီထိုးလိုက်တာ ခုတော့ ဒိုင်ကိုပေးဖို့ နှစ်လုံးထီ အကြွေးပါထပ်တင်နေပြီ။
ကြွေးပူတွေကြောင့် ရပ်ကွက်ထဲမှာ ထပ်ချေးလို့မရတော့ လိုင်းပေါ်မှာ ရှာချေးရပြီပေါ့။ လိုင်းပေါ်က ငွေချေးလုပ်ငန်းက သဘောကောင်းတယ်။ သိပ်တောင်မကြာဘူး။ ချေးငွေ ချပေးဖို့ ခွင့်ပြုချက်ကျပါပြီတဲ့။ အာမခံကြေး ဝေ့မန်းနီးကနေ အရင်လွှဲပေးပါတဲ့။
"ထောင်မြင် ရာစွန့်" ဆိုတဲ့ စကားလည်း ရှိတာပဲလေ။ ချေးငွေရဖို့ အရေးကြီးတယ်။ ရှိစုမဲ့စုငွေလေးကိုအာမခံကြေး အရင်သွင်းလိုက်တယ်။ ငွေသွင်းပြီးတော့ ချေးငွေကို မက်စင်ဂျာကနေ သွားတောင်းတော့ ဟိုနေ့ရမယ် ဒီနေ့ရမယ် ရက်တွေချိန်းပြီး မကြာခင်မှာပဲ သူ့ကို ဘလော့ခ်သွားတယ်။ အာမခံကြေးလေးတောင် ပလုံသွားပြီ။ "ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာ" ဆိုသလိုပါပဲ။ လုပ်ရက်လိုက်ကြတာ။
အကြွေးတွေကလည်း တော်တော်ပူလာပြီ။ လိုင်းပေါ်မှာလည်း အလိမ်တွေပေါလို့ မချေးရဲတော့ဘူး။ ကြံရာမရ ဖြစ်နေပါပြီ။ ဒီလိုနဲ့ ဘဝတူ မိတ်ဆွေ တစ်ယောက်က လမ်းညွှန်လို့ လိုင်းပေါ်ကပဲ ထပ်ချေးဖို့ လုပ်ပြန်ပါတယ်။
ဒီတစ်ခါတော့ အာမခံကြေးတွေ ဘာတွေ အရင်သွင်းစရာမလိုပါဘူး။ မက်စင်ဂျာကနေ ဗီဒီယိုဖုန်းခေါ်ပြီး သက်သေအနေနဲ့ ရုပ်ရောအသံကိုပါ record လုပ်ထားလိုက်ပါသတဲ့။ မှတ်ပုံတင်နဲ့ အခြားစာရွက်စာတန်းတွေ ဓာတ်ပုံရိုက်ပြီး ပို့ပေးရတယ်။
၁၀ ရက် တစ်ကြိမ် ၁၀ တိုးတဲ့။ တစ်လ ၃၀ တိုးပေါ့။ လစဥ်တိုးလည်း မဟုတ်ပါဘူး။ နေ့ပြန်တိုးသဘောမျိုး အရစ်ကျ ပြန်သွင်းရတာပါ။ (လူတွေကို ဘဝပျက်စေတဲ့ တရားမဝင်လုပ်စားနေတဲ့ နေ့ပြန်တိုး အတိုးကြီး အမြတ်ကြီးစား ငွေချေးလုပ်ငန်းတွေပါ။ သက်ဆိုင်ရာက ထိထိရောက်ရောက် နှိမ်နင်းဖို့ လိုနေပါပြီ။)
အကြွေးတွေ ပြန်မဆပ်နိုင်ရင် ဗီဒီယိုဖိုင်တွေ၊ မှတ်ပုံတင်တွေနဲ့ လိုင်းပေါ်တင်ပြီး အရှက်ခွဲမယ်တဲ့။
မတတ်နိုင်ဘူး။ "နောင်ခါလာ နောင်ခါဈေး" ပဲ။ လတ်တလော ကြွေးပူတွေ ဆပ်နိုင်ဖို့ က အရေးကြီးတယ်လေ။
ဒီလို နေ့ပြန်တိုး အရစ်ကျတွေအတွက် ပေးဖို့ ငွေလိုရင် ဒီလိုမျိုး ဆင်တူ အခြားအဖွဲ့တွေဆီကနေ ထပ်ချေးရင်း အကြွေး ၁၀ သိန်းကနေ မကြာခင်မှာ သိန်း ၃၀ လောက်ထိ ဖြစ်သွားပါတော့တယ်။
မိအေးလို ဘဝတူတွေလည်း ရှိပါတယ်။ ကြွေးပူတွေကို ဖြေရှင်းဖို့ ဒီလို ကျိတ်လုပ်ကြတဲ့ထဲမှာ ပညာတတ် တက္ကသိုလ် ဆရာ ဆရာမတွေပါ ပါတယ်ဆိုပဲ။ နောက်ဆုံး မနိုင်ဝန်တွေဖြစ်လာတော့မှ ပြန်မဆပ်ပဲ ထွက်ပြေးတဲ့သူတွေကလည်း ထွက်ပြေးကြပါတယ်။ အရှက်ကွဲမခံနိုင်လို့ အသက်ကို စတေးသွားခဲ့တဲ့ သူတွေရှိပါတယ်။ စာချုပ်စာတန်း အခိုင်အမာနဲ့ ချုပ်ထားမိလို့ တရားစွဲခံရတဲ့သူတွေလည်း ရှိပါတယ်။ ဒီလို ဘဝပျက်နေတဲ့သူတွေ အတော်များပါတယ်။
မိအေးလည်း တစ်ယောက်တည်း ဖုံးဖိပြီး လုပ်နေရာက ကြံရာမရတော့ သူ့ယောကျ်ားကို အားလုံးဖွင့်ပြောပြီး ငိုချင်းချပါပြီ။ အစကတည်းက နှစ်လုံးထီမထိုးခင်၊ လိုင်းပေါ်မှာ မချေးခင်လောက်က ယောကျ်ားကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ရင် ရှိတဲ့ ဆိုင်ကယ်လေးရောင်းပြီး ဆပ်လိုက်ရင် အကြွေးအားလုံး ကျေတာပေါ့။
ဒါပေမဲ့ မပြောရဲလို့တဲ့။ ကျိတ်လုပ်တာ။ ခုတော့ ဆိုင်ကယ်ရောင်းလိုက်ပြီးတာတောင် အကြွေးတွေအများကြီးကျန်သေးတာ။ အကြွေးတွေအားလုံးကျေအောင် အိမ်ဝိုင်းလေးကို ရရာဈေးနဲ့ ထိုးရောင်းဖို့ လုပ်ရပါပြီ။
"နောက်တစ်ခါဆို လင်မယားအကွဲပဲ" လို့ ယောကျ်ားက ရာဇသံပေးပါပြီ။
မိအေးအနေနဲ့ ဒါတွေကို သင်ခန်းစာယူပြီး ပြုပြင်သွားရင်တော့ ဒါဟာ အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေပေါ့။ ဒီလိုမှမဟုတ်ပဲ "ပိုးဖလံမျိုး မီးကိုတိုး" ဆိုသလို ကြွေးသံသရာထဲ ထပ်ဆင်းရင်တော့ နောက်တစ်ခါဆို ရောင်းစရာ ဆိုင်ကယ်လည်း မရှိတော့သလို အိမ်ဝိုင်းလေးလည်းမရှိတော့ပါဘူး။ ယောကျ်ားကလည်း ဘေးမှာ ရှိချင်မှရှိတော့မှာ။
ဆင်ခြင်ကြပါ။ လိမ္မာကြပါ။ ဒီလို အဖြစ်မျိုးတွေ အဖြစ်မခံကြပါနဲ့။
(ကာယကံရှင်က အားလုံး သင်ခန်းစာယူလို့ရအောင်ရယ်၊ နိုင်ငံတော်က သိအောင်ရယ် ရေးတင်ပေးပါဆိုလို့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေး နှစ်ပုဒ်ကို တစ်ပုဒ်ပေါင်းပြီး ကွန့်ရေးထားပါတယ်။ နာမည်ကိုလည်း လွှဲပြောင်းထားပါတယ်။)
လူသား အားလုံး ကြွေးသံသရာကနေ လွတ်မြောက်နိုင်ကြပါစေ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment