Saturday, October 31, 2020

ငွေလာချေး​တဲ့​အခါ

​​ချွေတာစု​​ဆောင်းရင်း ​ငွေလေးစုမိပြီး ​​ချောင်လည်လာ​တဲ့​အခါ ကြုံ​​တွေ့ရ​တဲ့ ပြဿနာတစ်ခုက ​ကိုယ့်ဆီ ငွေလာချေးကြ​တဲ့ ကိစ္စပါ။ ​အားနာပြီး ​ငွေချေးလိုက်မိတယ်။ ပြီးရင် ​​ပေးထား​တဲ့ ကတိ​အတိုင်း လာမဆပ်ကြ​​တော့ တောင်းရမှာ ထပ်ပြီး ​အားနာ​နေမိ​ပြန်​ရော။ ​အားမနာ ပါးမနာ ​ပြန်​​တောင်း​တဲ့​အခါမှာလည်း ​အချင်းချင်း ​အမုန်းပွားစရာ​တွေ ဖြစ်လာတတ်ပါတယ်။ "ကြွေးယူပြုံးပြုံး ​​တောင်း​​တော့မုန်း" ဆိုသလို​​ပေါ့။

​ငွေလာချေး​တဲ့ကြသူ​တွေထဲမှာ ကတိတည်ပြီး ​သေချာ​ပြန်ဆပ်​တဲ့သူ​တွေလည်း​ ​အများကြီးရှိပါတယ်။ ဒါ​ပေ​မဲ့ ကိုယ်က ​အတိုးမယူပဲ ​စေတနာ​နဲ့ ချေးတာ ဆိုပါစို့။ မိတ်​ဆွေ ၅ ယောက်ကို တစ်ယောက်ကို ​ငွေ တစ်သိန်းစီ ချေးပေးလိုက်တယ်။ ၄ ယောက်က ကတိတည်တယ်။ ​ပြန်ဆပ်တယ်။ ၁ ယောက်က ကတိမတည်လို့ ​ငွေဆုံးတယ်။ ဒါဆိုရင် ​​ငွေ တစ်သိန်း ဆုံးပြီ။ စိတ်ဆိုးလို့ မ​​ခေါ်မ​ပြော​ပြန်ရင်လည်း မိတ်​ဆွေတစ်ယောက် ဆုံးပြီ။

ကတိတည်လှပါတယ်ဆို​တဲ့ မိတ်​ဆွေ​တွေ​​တောင် တစ်ကယ်ကြပ်တည်း​နေ​တဲ့​အခါ ကတိပျက်တတ်ကြပါတယ်။ ​ငွေချေးပေးလိုက်​တဲ့​အခါ ငွေ​ကိုရော မိတ်​ဆွေကိုပါ ဆုံးရှုံးဖို့ များပါတယ်။ ​

​ဒီ​​တော့ ငွေလာချေး​ကြတဲ့​အခါ ငြင်းပုံငြင်းနည်းလေး​တွေ ​ပြောပြပါရ​စေ။ မုသား​ပြောရာလည်း မရောက်အောင် ကိုယ့်ဘဝ​အ​ခြေ​အ​နေ​နဲ့ သင့်​​တော်​တဲ့ ငြင်းနည်းကို ယူသုံးပါခင်ဗျာ။

(၁) ​​ငွေချေးပေးလိုက်မိတာ ​ပြန်မရပဲ ဆုံးတာ​တွေများလို့ ​ငွေချေးပေးတာကို လုံးဝ ထပ်မလုပ်​​တော့​တဲ့​အ​​ကြောင်း ​ပြောပါ။ ​ငွေ ဆုံးတာများလွန်းလို့ မိဘ၊ ဇနီး (သို့) ခင်ပွန်းက ​ငွေထပ်မချေးဖို့ တားမြစ်ထားတယ် လို့​ ပြောလည်းရပါတယ်။ ​ငွေချေးလိုက်တာဟာ ​​နောင်တစ်ချိန်မှာ မိတ်​ဆွေ​အချင်းချင်း၊ ​ဆွေမျိုး​အချင်းချင်း ​အမုန်ပွားစရာ​တွေဖြစ်တတ်​တဲ့​အတွက် ​ငွေချေး​တဲ့​အလုပ်ကို မလုပ်​​တော့ ​​ကြောင်း ​ပြောလို့လည်း ရပါတယ်။ ခုနောက်ပိုင်း ဘယ်သူ​လာချေးချေး ငြင်းလွှတ်တယ်လို့ ​ပြောပါ။

(၂) ​ငွေ​တွေ လုပ်ငန်းထဲ မြုပ်​နေလို့ လက်ထဲမှာ ငွေမရှိ​​ကြောင်း​ပြောပြီး ငြင်းလည်းရပါတယ်။ ဒါမှ မဟုတ်လည်း ကိုယ်ကြုံ​​တွေ့​နေရ​တဲ့ ​ငွေရေး​ကြေးရေး ပြဿနာ​တွေ ​အ​​ကြောင်း ငိုချင်းချပြီး ငြင်းလည်းရပါတယ်။

(၃) ​​မိမိ ​ငွေမကိုင်​​ကြောင်း၊ သုံးဖို့ စွဲဖို့ ​ငွေနည်းနည်းပဲ လက်ထဲမှာ ရှိ​​ကြောင်း၊ ​ငွေကို မိဘ၊ ဇနီး (သို့) ခင်ပွန်း ကသာ ကိုင်​​ကြောင်း ​ပြောပြီး ငြင်းလို့လည်း ရပါတယ်။

(၄) လာချေး​တဲ့သူဟာ ​အရင်က ချေးထားဖူးပြီး ​ပြန်မဆပ်ဖူး​တဲ့သူဆိုရင် ငြင်းရပိုလွယ်ပါတယ်။ ​အရင်က ​အကြွေးကို ​ပြန်ဆပ်ဖို့ ပြောလိုက်ပါ။ ​အကြွေး​​ဟောင်း မ​ကျေမချင်း ထပ်မချေးပေးနိုင်ဘူးလို့ ​ပြောပါ။

(၅) ​အလိမ်​​ဖော်ပြီး ငြင်းပါ။ လိမ်လည်ပြီး လာချေးတတ်​တဲ့သူ​တွေရှိပါတယ်။ ဥပမာ ​အ​မေဆေးရုံတတ်ရလို့ ဆိုပြီး လိမ်တာမျိုးပါ။ ဒါမျိုးဆိုရင် နောက်​​ကြောင်းကို စုံစမ်းဖို့လိုပါတယ်။ သူ​ပြော​နေတာ​တွေဟာ ​အ​မှန်​တွေ ဟုတ်မဟုတ် တစ်နည်းနည်း​နဲ့ စုံစမ်းပါ။ ဖုန်း​နံပါတ်ရှိရင် ဖုန်းဆက်ကြည့်လိုက်ပါ။ ဆေးရုံကို လိုက်သွားပါ။ လိမ်​နေတာဆိုရင် ငြင်းလို့ရပါပြီ။ ဒီ​​တော့ ​ငွေမချေးခင် ဘာလို့​ငွေချေးချင်တာ​လဲ မေးပါ။ လိမ်​နေတာ ဟုတ်မဟုတ် စုံစမ်းပါ။

ဒါ​ပေ​မဲ့ ငြင်းလို့​ မ​​ကောင်း​တဲ့ ​အ​ခြေ​အ​နေ​တွေလည်း ရှိပါတယ်။ ဥပမာ ကိုယ့်​အ​​ပေါ် ကျေးဇူးရှိထားဖူးသူ​တွေ၊ ​အ​မှန်တကယ် ဒုက္ခရောက်​နေသူ​တွေ​​ပေါ့။ ဒီလို လူမျိုး​တွေ​အတွက်​​တော့ ကူညီဖို့ နည်း နှစ်နည်းရှိပါတယ်။

(က) ငွေချေးပေးလိုက်မိတာ ​ပြန်မရပဲ ဆုံးတာ​တွေများလို့ ​ခုနောက်ပိုင်း ​ငွေမချေး​​တော့ပဲ တတ်နိုင်သလောက် ကူညီဖြစ်​​ကြောင်း ​ပြောပါ။ သူ​​တောင်းသလောက် ချေးစရာမလိုပဲ ကိုယ်တတ်နိုင်​တဲ့ ​ငွေပမာဏတစ်ခုကို လှူဒါန်းကူညီ ကုသိုလ်ယူလိုက်ပါ။ ဒုက္ခရောက်​နေ​တဲ့​အချိန်မှာ ကူညီပေးတာဟာ မိတ်​ဆွေ​​ကောင်း၊ ​ဆွေမျိုး​​ကောင်းတစ်ယောက်​ရဲ့ လုပ်ရပ်မို့ တတ်နိုင်သလောက် ကူညီတတ်တာ ​​ကောင်းပါတယ်။ ​

(ခ) ကိုယ်အဆုံးရှုံး​ခံနိုင်​တဲ့ ပမာဏတစ်ခုကို ချေးပေးလိုက်ပါ။ (​ပြန်မရလည်း စိတ်မညစ်ရ​တဲ့ ​ငွေပမာဏ တစ်ခု​​ပေါ့။) ​အ​​ပေါ်မှာ ​ပြောထား​တဲ့ ငြင်းပုံငြင်းနည်း (၅) ချက်ထဲက ကိုယ်​နဲ့သင့်​​တော်ရာ တစ်ချက်ချက်​နဲ့ အ​​ကြောင်းပြပြီး ငွေနည်းနည်း ထုတ်ချေးလိုက်ပါ။

ချေး​တဲ့​ငွေ နည်းလို့ မယူဘူးဆိုရင်လည်း သူ့သ​ဘောပါပဲ။ ဒီလူဟာ ဒီ​ငွေကို ​ပြန်မဆပ်နိုင်မချင်း ကိုယ့်ဆီက နောက်ထပ် ထပ်မချေး​ရဲ​​တော့ဖို့ များပါတယ်။ ​အရင်ကချေးထားတာကို ​ပြန်မဆပ်ပဲ မျက်နှာ​​ပြောင်တိုက်ပြီး လာထပ်ချေးရင်​​တော့ ​အရင်က ​အကြွေး​​ဟောင်း​အ​​ကြောင်း ​အစ​​ဖော်ပြီး ငြင်းလို့ရပါပြီ။

မိတ်​ဆွေ​အ​​ပေါင်း​အသင်း​တွေက ​အတိုး​နဲ့ ​ငွေချေးချင်​တဲ့​အခါမှာ​​တော့ ငြင်းရခက်ပါပြီ။ ​အတိုးလေးကလည်း လိုချင်တာကိုး။ ​လောဘ​တွေပါလာပြီ။ ​မဆင်မခြင် ငွေချေးမိရင် ဆုံးဖို့ များပါတယ်။ မဆုံးသင့်တာ မဆုံးရအောင် ​အတိုး​နဲ့ ​ငွေမချေးပေးခင် သိထားသင့်​တဲ့​ အ​​ကြောင်း​အရာလေး​တွေကို ရေးပေးပါဦးမယ်ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment