Saturday, September 26, 2020

စီးပွားရေး ပန္နက် (Business Plan) (၂)






စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေကို ငွေကုန်ကြေးကျခံပြီး မတက်ပဲ Business Plan အကြောင်း နားလည်နိုင်ဖို့ မျှဝေပါတယ်။

စီးပွားရေး ပန္နက် (Business Plan) (၁) ကို အရင်ဖတ်ပေးပါ ခင်ဗျာ။ 

စီးပွားရေး ပန္နက် (Business Plan) (၁) 

**********
အပိုင်း (၄)
**********

ရောင်းချခြင်း နဲ့ ဈေးကွက်ရှာခြင်း စီမံချက် (Sales and Marketing Plan)

သင့်ရဲ့ ထုတ်ကုန် (သို့) ဝန်ဆောင်မှုတွေအတွက် ဝယ်ယူစားသုံးသူတွေကို ဆွဲဆောင်နိုင်ဖို့ ဘယ်လိုနည်းတွေ သုံးမလဲဆိုတာ ဖော်ပြရမှာပါ။ ကြော်ငြာ နဲ့ အရောင်းမြှင့်တင်ရေးလှုပ်ရှားမှု၊ ဈေးနှုန်းသတ်မှတ်ချက် ဗျူဟာ၊ ရောင်းချရေးနဲ့ ဖြန့်ဝေရေး၊ ရောင်းချပြီးနောက် ဝန်ဆောင်မှုတွေကိုပါ ထည့်စဉ်းစားရပါမယ်။

ကိုယ့်ရဲ့ ထုတ်ကုန် (သို့) ဝန်ဆောင်မှုကို ဖော်ပြပြီး ဝယ်ယူစားသုံးသူတွေကို ဘယ်လိုအကျိုးပြုသလဲ ဆိုတာနဲ့ ပြိုင်ဘက်တွေနဲ့ယှဉ်ရင် ဘယ်လို ထူးခြားကွဲထွက်နေလဲ ဆိုတာ ဖော်ပြရပါမယ်။

ဈေးနှုန်းသတ်မှတ်ချက် ဗျူဟာ
ကိုယ့်ရဲ့ ထုတ်ကုန် (သို့) ဝန်ဆောင်မှုကို ဈေးနှုန်း ဘယ်လိုသတ်မှတ်မလဲဆိုတာ ဖော်ပြရပါမယ်။ ဝယ်ယူစားသုံးသူ အသစ်တွေကို ဆွဲဆောင်နိုင်အောင် ဈေးချိုရမှာဖြစ်သလို ကုန်ကျစရိတ်တွေကို ထေမိတဲ့အပြင် အမြတ်ရနိုင်တဲ့ ဈေးနှုန်းဖြစ်ရပါမယ်။ ဈေးနှုန်းသတ်မှတ်ရာမှာ ကုန်ကျစရိတ်ရဲ့ ရာခိုင်နှုန်းတစ်ခုကို အမြတ်တင်တာမျိုး၊ ဝယ်သူဘက်က သတ်မှတ်တဲ့ တန်ဖိုး၊ ဈေးကွက်ထဲက ပုံစံတူ ထုတ်ကုန် ဝန်ဆောင်မှုတွေရဲ့ ဈေးနှုန်း စတာတွေနဲ့ ချိန်နှိုင်း ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ရောင်းချရေး နဲ့ ဖြန့်ဝေရေး
ကိုယ့်ရဲ့ ထုတ်ကုန် (သို့) ဝန်ဆောင်မှုတွေကို ဝယ်ယူစားသုံးသူတွေလက်ထဲ ဘယ်လို ဖြန့်ဝေမလဲ ဆိုတာ ဖော်ပြရမှာပါ။ လက်လီ ရောင်းမှာလား၊ လက်ကား ရောင်းမှာလား။ ဘယ်လို ထုပ်ပိုးမှုတွေ လုပ်ပေးမှာလဲ။ ပစ္စည်းတွေကို ဘယ်လို ပို့ဆောင်ပေးမှာလဲ။ ငွေကို ဘယ်လို ရှင်းရမလဲ စတာတွေကို ဖော်ပြရမှာပါ။

ကြော်ငြာ နဲ့ အရောင်းမြှင့်တင်ရေးလှုပ်ရှားမှု
ဝယ်ယူစားသုံးသူတွေ သိရှိအောင် ဘယ်လို လုပ်မလဲဆိုတာ ဖော်ပြပါ။ Facebook စတဲ့ လူမှုကွန်ရက်၊ သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယို၊ ကြော်ငြာ လက်ကမ်းစာစောင် စတာတွေပါ။ အစပိုင်းမှာ အလကား ဖြန့်ဝေပေးတာမျိုး လုပ်မလုပ် ဖော်ပြရမှာပါ။ ဈေးရောင်း ပွဲတော်တို့၊ ဖွင့်ပွဲတို့ လုပ်ဖြစ်မယ်ဆို ဖော်ပြရပါမယ်။ ဒါတွေ အတွက် ကုန်ကျနိုင်တဲ့ စရိတ်ကို အကြမ်းဖျင်း ခန့်မှန်းဖော်ပြရပါမယ်။

**********
အပိုင်း (၅)
**********

ပိုင်ဆိုင်မှု နဲ့ စီမံအုပ်ချုပ်မှု (Ownership and Management Plan)

တရားဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပုံစံ၊ ပိုင်ဆိုင်မှု ခွဲတမ်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ အလုပ်သမားလိုအပ်ချက်တွေ အကြောင်း ဖော်ပြရမှာပါ။

ပိုင်ဆိုင်မှု ခွဲတမ်း - ဥပဒေအရ ကုမ္ပဏီ ဖွင့်လှစ်ဖို့ ရှိမရှိ၊ ရှိရင် ဘယ်လို ကုမ္ပဏီ အမျိုးအစားလဲဆိုတာ ဖော်ပြရပါမယ်။ ပိုင်ဆိုင်သူ တစ်ယောက်ထက်ပိုရင် တစ်ယောက်စီရဲ့ ပိုင်ဆိုင်မှု ရာခိုင်နှုန်း ခွဲတမ်းကို ဖော်ပြရမှာပါ။

စီမံအုပ်ချုပ်ရေးအဖွဲ့ - မန်နေဂျာတွေလိုအပ်ရင် မန်နေဂျာနဲ့တစ်ကွ အခြားအရေးကြီး ဝန်ထမ်းတွေရဲ့ တာဝန်အသေးစိတ်နဲ့ တစ်ကွ လစာ နဲ့ အခြားအကျိုးခံစားခွင့် ဘယ်လောက်ပေးမယ်ဆိုတာပါ ထည့်ရေးရပါမယ်။

ပြင်ပကလိုအပ်တဲ့ ဝန်ဆောင်မှုများ - အမြဲတမ်း ခန့်ထားဖို့မလိုပေမယ့် တစ်ခါတစ်လေမှာ အပြင်က ငှားဖို့ လိုအပ်တဲ့ ဝန်ဆောင်မှု တွေကို ထည့်သွင်းဖော်ပြပါ။ စာရင်းစစ်၊ ရှေ့နေ၊ အကြံပေးစတဲ့ ဝန်ဆောင်မှုတွေပါ။

ဝန်ထမ်း - ဘယ်လို ဝန်ထမ်းမျိုးတွေ ဘယ်နှစ်ယောက်လိုမယ်ဆိုတာနဲ့ သူတို့အတွက် လစာနဲ့ အကျိုးခံစားခွင့်တွေကို ဖော်ပြရပါမယ်။

အကြံပေး ဘုတ်အဖွဲ့ - အကြံပေး ဘုတ်အဖွဲ့ရှိရင် ဖော်ပြပါ။ မဖြစ်မနေ လိုအပ်တာတော့ မဟုတ်ပါဘူး။

**********
အပိုင်း (၆)
**********

လုပ်ငန်း လည်ပတ်မှု စီမံချက် (Operating Plan)

ကိုယ့်စီးပွားရေးလုပ်ငန်း လည်ပတ်ဖို့ အတွက် လိုအပ်တဲ့ ရုံးခန်း၊ ဂိုထောင်၊ ဈေးခန်း၊ စက်ပစ္စည်း၊ ကုန်ကြမ်း၊ ကုန်ချော၊ အလုပ်သမားတွေ အကြောင်း အသေးစိတ် ဖော်ပြရမှာပါ။

လုပ်ငန်းလည်ပတ်မှုကို အစကနေ အဆုံးထိ အသေးစိတ် ရှင်းပြရမှာပါ။

ထုတ်လုပ်မှု
ရောင်းကုန်တစ်ခုကို ထုတ်လုပ်ဖို့ အချိန်ဘယ်လောက် ကြာလဲ ဆိုတာနဲ့ ဘယ်တော့လောက်ကစပြီး စထုတ်လုပ်နိုင်မယ်ဆိုတာ ရှင်းပြရပါမယ်။
ထုတ်လုပ်မှုကြာချိန်ကို သက်ရောက်မှုရှိနိုင်တဲ့ အကြောင်းတရား များကို ဖော်ပြရပါမယ်။ ပြုံကျလာတဲ့ အော်ဒါတွေနဲ့ အခြား ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ ဖော်ပြရပါမယ်။

မြေနဲ့ အဆောက်အဦး
လုပ်ငန်းလုပ်မယ့်နေရာရဲ့ တည်နေရာ၊ မြေအကျယ်နဲ့ အဆောက်အဦး လိုအပ်ချက်တွေကို ဖော်ပြရမှာပါ။ ငှားရမ်းခ စရိတ်တွေကိုလည်း ဖော်ပြရပါမယ်။ အဆောက်အဦးအတွက် ပြုပြင်ထိန်းသိမ်းခ၊ ရေမီး စရိတ်နဲ့ အခြား အထွေထွေ အသုံးစရိတ်တွေ ခန့်မှန်း ဖော်ပြရမှာပါ။ လုပ်ငန်းအတွက်လိုအပ်တဲ့ ပါမစ်တွေ၊ လိုင်စင်တွေကိုလည်း ထည့်သွင်း ဖော်ပြရမှာပါ။

ဝန်ထမ်း
ဝန်ထမ်းဘယ်နှစ်ယောက် ဘယ်နေရာတွေအတွက် လိုအပ်လဲ ဆိုတာနဲ့ သူတို့ရဲ့ အဓိက တာဝန်တွေကို ဖော်ပြရပါမယ်။ အလုပ်သမားတွေကို ဘယ်က ရှာမလဲဆိုတာနဲ့ အချိန်ပြည့်/အချိန်ပိုင်း ဘယ်လို ဝန်ထမ်းမျိုးတွေ ခေါ်မလဲဆိုတာ ဖော်ပြပါ။ ဝန်ထမ်းတွေအတွက် သင်တန်းတွေကို ဘယ်လို စီစဉ်ပေးမလဲဆိုတာလည်း ဖော်ပြရမှာပါ။

စက်ပစ္စည်း ကိရိယာ
လိုအပ်တဲ့ စက်ပစ္စည်း ကိရိယာ စာရင်းနဲ့တကွ ဝယ်မှာလား၊ ငှားသုံးမှာလား၊ ဘယ်ကနေ ဝယ်/ငှား မှာလဲ၊ ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲဆိုတာ ဖော်ပြရပါမယ်။

ကုန်ကြမ်း
လိုအပ်တဲ့ ကုန်ကြမ်းတွေ က ဘာတွေလဲ၊ ဘယ်ကရမလဲ ဆိုတာကို ဖော်ပြရပါမယ်။ ရှိတဲ့ ကုန်ကြမ်းစာရင်း တွေကို ဘယ်လို စာရင်းမှတ်မလဲ ဖော်ပြရပါမယ်။

**********
အပိုင်း (၇)
**********

ဘဏ္ဍာရေး စီမံချက် (Financial Plan)

ဒီအပိုင်းဟာ စီးပွားရေး ပန္နက်ရဲ့ အရေးအကြီးဆုံး အပိုင်းဆိုလည်း မမှားပါဘူး။ စီးပွားရေးလုပ်ငန်း ဖြစ်ထွန်းအောင်မြင် အမြတ်ထွက်နိုင်ကြောင်း ပြသရမှာ ဖြစ်ပါတယ်။

အမြတ်ငွေ စာရင်း၊ ငွေလည်ပတ်မှု စာရင်းရှင်းတမ်း နဲ့ ငွေလက်ကျန် ရှင်းတမ်းတွေ ခန့်မှန်း ပြုလုပ်ရမှာဖြစ်ပါတယ်။ ခန့်မှန်းတဲ့အခါမှာ ဝင်ငွေကို လျှော့ပေါ့ ခန့်မှန်းပြီး ကုန်ကျစရိတ်တွေကို ပိုမိုခန့်မှန်း သင့်ပါတယ်။ လုပ်ငန်းအတွက် ငွေချေးပြီးလုပ်တာဆိုရင်တော့ လစဉ်ပေးရတဲ့ အတိုးတွေကို ထည့်သွင်းစဉ်းစားပြီး အရင်းကို ဘယ်တော့ ဆပ်နိုင်မယ်ဆိုတာ တွက်ချက်ရပါမယ်။

အမြတ်ငွေ စာရင်း
ဒီစာရင်းမှာ ဝင်ငွေ၊ ကုန်ကျစရိတ်နဲ့ အမြတ်ငွေ တို့ကို ခန့်မှန်းတွက်ပြရမှာပါ။ လုပ်ငန်းသစ်ဆိုရင် အစပိုင်း နှစ်တွေမှာ တစ်လတစ်ခါ ပုံမှန်လုပ်ရမှာပါ။

ငွေလည်ပတ်မှု စာရင်းရှင်းတမ်း
ဝင်တဲ့ငွေက ဘယ်လောက် ဘယ်အချိန်ဝင်ပြီး ထွက်တဲ့ ငွေက ဘယ်လောက် ဘယ်အချိန်ပေးရမယ်ဆိုတာ ခန့်မှန်းရပါမယ်။ ရစရာရှိတဲ့ ငွေတွေ ဝင်မလာသေးခင် လက်ထဲမှာရှိတဲ့ငွေနဲ့ ပေးစရာရှိတာတွေကို ပေးဖို့ မလုံလောက်ရင် ဒါ ငွေလည်ပတ်မှု ပြဿနာဖြစ်တာပါပဲ။ဒီလိုမဖြစ်အောင် ကြိုတင် စီစဉ်ထားရပါမယ်။

ငွေလက်ကျန် ရှင်းတမ်း
လုပ်ငန်းရဲ့ လက်ရှိ ပိုင်ဆိုင်မှုတွေရဲ့ တန်ဖိုးတွေ၊ ပေးစရာရှိတဲ့ အကြွေးတွေနဲ့ စတော့ရှယ်ယာ ကုမ္ပဏီဆိုရင်တော့ ဈေးကွက်ထဲမှာ ရောင်းထားတဲ့ ရှယ်ယာ တန်ဖိုးတွေကို ပုံမှန် ရှင်းတမ်း ထုတ်ရမှာပါ။

အရင်းကျေ စိစစ်ချက်
လစဉ် ကုန်ကျစရိတ် အရင်းကျေဖို့ တစ်လကို ဘယ်လောက်ဖိုး ဘယ်ဈေးနဲ့ ရောင်းရမယ် ဆိုတဲ့ ခန့်မှန်း စိစစ်ချက်ကိုလည်း ထည့်သွင်းရမှာပါ။

**********
အပိုင်း (၈)
**********

နောက်ဆက်တွဲ အထောက်အထားများ (Appendices and Exhibits)

ပြီးခဲ့တဲ့ အပိုင်းတွေမှာ ဖော်ပြထားတာတွေအတွက် အသေးစိတ်အချက်အလက်တွေနဲ့ အထောက်အထား စာရွက်စာတမ်းတွေကို ဒီအပိုင်းမှာ ထည့်သွင်းရမှာပါ။

ထည့်သွင်းနိုင်တဲ့ စာရွက်စာတမ်းတွေကတော့
- ဈေးကွက် သုတေသနနဲ့ ပြိုင်ဘက် စိစစ်သုံးသပ်ချက် အသေးစိတ်
- ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအကျဉ်း CV များ
- လုပ်ငန်းခွင်တစ်ခုလုံးရဲ့ အချက်အလက်များ
- သင့် ထုတ်ကုန် (သို့) ဝန်ဆောင်မှု အသေးစိတ် အချက်အလက်များ
- အဆောက်အဦး ပုံစံ ဒီဇိုင်းများ
- မြေနေရာ၊ အဆောက်အဦး၊ စက်ပစ္စည်း ပိုင်ဆိုင်မှု (သို့) ငှားရမ်းမှု အထောက်အထားများ
- ဈေးကွက်ချဲ့ထွင်ဖို့လိုအပ်တဲ့ ကြော်ငြာပစ္စည်း အထောက်အထားများ
- အခြား စာရွက်စာတမ်းများ

ခုဆိုရင် Business Plan ဘယ်လိုဆွဲရမလဲ သိကြပြီထင်ပါတယ် ခင်ဗျာ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။

ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment