ကျွန်တော်တို့ ဘဝမှာ တစ်ဦးတစ်ယောက်ချင်းစီအတွက် ငွေပင်ကြီး ၄ ပင် စီ ရှိကြပါတယ်။ လူတစ်ယောက်ရဲ့ ငွေပင်နဲ့ နောက်တစ်ယောက်ရဲ့ ငွေပင်ကတော့ မတူကြပါဘူး။ အပင်တိုင်းကလည်း ငွေသီး မသီးပါဘူး။
ကဲ ငွေပင်ကြီး ၄ ပင်ဆိုတာ ဘာတွေလဲ ကြည့်ကြရအောင်။
*********************************
ငွေပင် (၁) ကံထူးကံသာ ဝင်ငွေပင်
*********************************
ဒီငွေပင်ကိုတော့ ပျိုးထောင် ပေါင်းသင် ရေလောင်းစရာ မလိုပါဘူး။ မျိုးစေ့ကောင်းရင် သူ့ဖာသာသာသူ ငွေသီးတွေ သီးပါတယ်။ အချို့လူတွေ အတွက် ပြွတ်နေအောင် သီးပေမဲ့ လူအများစု အတွက်ကတော့ ဘာဆိုဘာမှ မသီးတဲ့ အပင်မျိုးပါ။
ထီပေါက်တာတို့၊ မိဘချမ်းသာတာတို့၊ အမွေရတာတို့ စတဲ့ ရှေးကံကြောင့် ရတဲ့ ဝင်ငွေမျိုးပါ။
အချို့ဆို ဒီငွေပင်က ဝင်ငွေနဲ့တင် လုံလောက်ပိုလျှံလို့ အခြားငွေပင်တွေဘက်တောင် လှည့်စရာ မလိုတဲ့ သူတွေရှိပါတယ်။
ကျွန်တော်တို့လို ထီလည်း မပေါက်၊ ကံစမ်းမဲလည်း မပေါက်၊ မိဘကလည်း မချမ်းသာတဲ့လူမျိုးကျတော့ ဒီငွေပင်က အလကား သုံးစားမရပါဘူး။ အခြားငွေပင်တွေကိုပဲ အားကိုးရပါတယ်။
******************************
ငွေပင် (၂) မတ်တတ် ဝင်ငွေပင်
******************************
ဒီငွေပင်က ငွေသီး သီးဖို့ နေ့တိုင်း ရေလောင်း ပေါင်းသင်ပေးရပါတယ်။ ရေလောင်းပေါင်းသင်နေရင် ငွေသီးမယ်။ မလုပ်တဲ့နေ့ အသီးရပ်သွားတတ်တဲ့ အပင်မျိုးပါ။
ဝန်ထမ်းအလုပ်လုပ်တာတို့၊ ပွဲစားလုပ်တာတို့၊ ဈေးရောင်းတာတို့၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်တာတို့ စတဲ့ ကိုယ်လုပ်မှ ကိုယ်ရတဲ့ လုပ်အားခနဲ့ အမြတ်ငွေတွေဟာ ဒီသဘောပါပဲ။
အချို့ကလည်း ဒီလိုနည်းနဲ့ ရတဲ့ ဝင်ငွေက နည်းလွန်းလို့ အခြေခံ အသုံးစရိတ်တောင် မလောက်ငှတာတွေ ရှိပါတယ်။ ဥပမာ ဝန်ထမ်းအလုပ်ကရတဲ့ လခဟာ နည်းလွန်းလို့ မလောက်ငှလို့ လတိုင်း မိဘတွေဆီကနေ လက်ဖြန့်တောင်း နေရတာမျိုး၊ အပြင်ကနေ ချေးငှါးနေရတာမျိုးပါ။ ဒီလိုမျိုး ဖြစ်နေတယ်၊ ရှေ့လျှောက် ဝင်ငွေပိုကောင်းဖို့ အလားအလာလည်း နည်းတယ်ဆိုရင်တော့ ဒီအလုပ်ကို စွန့်ပြီး အခြားဝင်ငွေပိုကောင်းတဲ့ အလုပ်ကို ပြောင်းဖို့လိုပါပြီ။ ရောင့်ရဲပါတယ်ဆိုပြီး ဇွတ်မှိတ်ဆက်လုပ်နေတာ ဒီနေရာမှာတော့ ရောင့်ရဲရာမရောက်ပဲ ပျင်းရာ ဖျင်းရာရောက်ပါတယ်။
အချို့ကလည်း ဒီနည်းနဲ့ရှာတဲ့ ဝင်ငွေက ကောင်းပါလျက်နဲ့ အသုံးအဖြုန်းကြမ်းလွန်းလို့ မစုမိ မဆောင်းမိ ဖြစ်နေတာမျိုးပါ။ ဒါဆိုရင်တော့ အဖြုန်းတွေကို လျှော့ဖို့ လိုပါတယ်။
အချို့ကျတော့ ဝင်ငွေထဲက ရာခိုင်နှုန်း အတော်များများကို စုနိုင်တယ်။ ဒီလိုလူမျိုးတွေ အတွက် ကတော့ နောက်ထပ် ငွေပင်နှစ်ပင်ကို ဆက်ပြီး ငွေသီး သီးအောင် လို့ရပါပြီ။
***************************
ငွေပင် (၃) အထိုင် ဝင်ငွေပင်
***************************
ဒီငွေပင် တွေကတော့ ထူးဆန်းပါတယ်။ ငွေသီးတွေသီးဖို့ ရေလောင်းပေါင်းသင် လုပ်စရာ မလိုပါဘူး။ ကိုယ့်မှာရှိတဲ့ ငွေသီးတွေကို အပင်ရဲ့ အမြစ်ထဲမှာ ထည့်မြှုပ်မှ ငွေသီး သီးတဲ့ အပင်မျိုးပါ။
အိမ်၊ ခြံ၊ မြေ၊ ကား၊ စက်ပစ္စည်း စတာတွေ ငှါးရမ်းခ လစဥ် ပုံမှန် ဝင်နေတဲ့ ဝင်ငွေ၊ အတိုးရတဲ့ ငွေ၊ ကိုယ်ဝင်ပါပြီး လုပ်စရာမလိုတော့တဲ့ ကိုယ်တိုင် ထူထောင်ထားတဲ့ စီးပွားရေးလုပ်ငန်းက အမြတ်ငွေ၊ စိတ်ချရတဲ့ အလိမ်မဟုတ်တဲ့ စီးပွားရေးလုပ်ငန်း ကုမ္ပဏီတွေမှာ ငွေရင်းနှီး မြှုပ်နှံထားလို့ ရလာတဲ့ အမြတ်ငွေ စတာတွေပါဝင်ပါတယ်။
ဒီကရတဲ့ဝင်ငွေဟာ ကိုယ်အလုပ်မလုပ်ပဲ အိပ်နေ၊ ကမ်းခြေမှာ အေးဆေးနှပ်နေလည်း ဝင်နေမှာ ဖြစ်ပါတယ်။ အထိုင်ဝင်ငွေပေါ့။
ငွေနဲ့မရင်းပဲ လုပ်အားနဲ့ ရင်းပြီးရတဲ့ အထိုင်ဝင်ငွေတွေလည်း ရှိပါတယ်။ အဲဒါတွေကတော့ တီထွင်မှုတစ်ခုခု အတွက် အဲဒီ တီထွင်မှုကို လူသုံးနေသမျှရနေတဲ့ ဝင်ငွေ၊ စာတစ်အုပ်ရေးထားပြီး အဲဒီစာအုပ်ကိုထပ်ပြီး ရိုက်ထုတ်ရောင်းနေရသမျှ ရနေတဲ့ ဝင်ငွေ စတဲ့ မူပိုင်ခွင့် ဝင်ငွေတွေပါ။
********************************
ငွေပင် (၄) တန်ဖိုးတက် ဝင်ငွေပင်
********************************
ဒီငွေပင် တွေကလည်း ထူးဆန်းပါတယ်။ ကိုယ့်မှာရှိတဲ့ ငွေသီးတွေကို အပင်ရဲ့ အမြစ်ထဲမှာ ထည့်မြှုပ်ရင် အချိန်ကြာလာတာနဲ့ အမျှ ငွေသီးတွေကနေ ရွှေသီးဖြစ်လာပါတယ်။ ဆိုလိုတာက ထည့်ထားတာတွေ တန်ဖိုးတက်လာတာပေါ့။ ပုံမှန် ဝင်ငွေတော့မရပဲ ပြန်ရောင်းမှ အမြတ်ရော အရင်းပါ ပြန်ရတာမျိုးပါ။
အိမ်၊ ခြံ၊ မြေ၊ ကား၊ စတော့ရှယ်ယာ လက်မှတ် စတာတွေကို ဈေးတော်တုန်းမှာ ဝယ်ဥထားပြီး ဈေးကောင်းတော့မှ ပြန်ရောင်းတာမျိုးပါ။
အထိုင်ဝင်ငွေ နဲ့ တန်ဖိုးတက် ဝင်ငွေရဖို့ ငွေနဲ့ရင်းရတာကို သတိပြုစေလိုပါတယ်။ အဲဒီငွေကို ဘယ်ကရမလဲဆိုတော့ ငွေပင် (၁) နဲ့ (၂) က ရနိုင်ပါတယ်။ ကံမကောင်းတဲ့သူတွေအတွက် ငွေပင် (၁) ကို မေ့ထားပြီး ငွေပင် (၂) ကနေ အရင်းရှာရမှာပါ။ ဒီလိုပဲ ငွေပင် (၂) ကို ဖြည်းဖြည်းချင်း ပြုစုပျိုးထောင် ငွေစုရင်း ငွေပင် (၃) နဲ့ (၄) ကို ရနိုင်အောင် ကြိုးစားရမှာပါ။ လုပ်အားခနဲ့ ငွေရှာရင်း အရင်းအနှီးရအောင် စုရမှာပါ။
ကြွက်သေတစ်ခု အရင်းပြုဆိုသလို လုပ်အားခလေးတွေ စုဆောင်းရင်း တစ်ဖြည်းဖြည်းနဲ့ လုပ်သွားရမှာပါ။ ကျောထောက်နောက်ခံမရှိပဲ ကုမ္ပဏီကြီး ချက်ချင်းထောင် စီးပွားရေးလုပ်ငန်းရှင်ကြီး ချက်ချင်းဖြစ်ဖို့ဆိုတာ ကျွန်တော်တို့လို သာမန်လူတွေ အတွက် မလွယ်လှပါဘူး။ စိတ်ကူးယဥ် ဆန်ပါတယ်။
ငွေရင်းမရှိလို့ စီးပွားရေး လုပ်ငန်းကြီး ဝုန်းကနဲ ထမလုပ်နိုင်လို့ ဝမ်းနည်းပက်လက်နဲ့ ထိုင်နေမလား၊ ကိုယ်လုပ်နိုင်တဲ့ အခြေအနေမှာ လုပ်နိုင်သမျှကို သေးသေးက စလုပ်မလား စဥ်းစားကြည့်ကြပါ ခင်ဗျာ။
ငွေလိုတယ်၊ အရင်းအနှီးမရှိလို့ ဘာမှ မလုပ်နိုင်ဘူး ဆိုပြီး ထိုင်ညည်းနေတဲ့သူတွေ လက်တွေ့ကျကျ တွေးတတ်ဖို့ပါ။ နေ့ချင်းညချင်းတော့ ဖြစ်မလာပါဘူး။ အချိန်ပေးပြီး တစ်ထစ်ချင်း တက်ရမှာပါ။
လူတိုင်း ငွေပင် (၂) မှာတင် ရပ်မနေပဲ ငွေပင် (၃) နဲ့ (၄) က အကျိုးရလဒ်တွေကိုပါ ခံစားနိုင်အောင် ကြိုးစားသွားကြပါလို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။
ငွေပင် (၁) နဲ့ အဆင်ပြေနေတဲ့ သူတွေ ကိုလည်း အားကျပါရဲ့ဗျာ။ ဒါပေမဲ့ အားတော့ မပျက်ပါဘူး။ ကြိုးစားရင်း ငွေပင် (၃) နဲ့ (၄) ကို ပျိုးထောင်ထားရင် တစ်နေ့မှာ ငွေပင် (၁) ထက် သာသွားနိုင်တာပဲလေ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment