လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။
သင်တန်းပေးတဲ့ သူတွေကလည်း စားဝတ်နေရေးအတွက် အခကြေးငွေယူရတာမှန်ပေမဲ့ သင်ယူလေ့လာလိုတဲ့ သူတွေဘက်က ပြန်ကြည့်ရင်လည်း ဒီလို သင်တန်းတိုင်းကိုသာ ပိုက်ဆံပေးပြီး လိုက်တက်ရရင် အကုန်အကျ အလွန်များမှာ ကိုယ်ချင်းစာမိပါတယ်။
ဒါ့ကြောင့် စီးပွားရေး ပန္နက် (Business Plan) ကို ရေးတင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ တစ်ခုပြောချင်တာက ကျွန်တော်ဟာ စီးပွားရေး ပညာရှင်မဟုတ်ပါဘူး။ ကျွန်တော် သိသလောက် ဖတ်ထားမိသလောက် အင်တာနက်မှာတွေ့တာတွေကို ကိုးကားဘာသာပြန်ပြီး ပြန်လည် မျှဝေတာ ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းတစ်ခုမလုပ်ခင် စီးပွားရေး ပန္နက်ကို သေချာ ရေးဆွဲထားသင့်ပါတယ်။ စာစီပြီး သေချာချရေးတာ မလုပ်နိုင်ရင်တောင် ဒီစီးပွားရေး ပန္နက်ထဲမှာပါတဲ့ အဓိက လိုအပ်ချက်တွေကို တွေးတောတိုင်ပင်ပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမှာပါ။ တွက်ချက်လေ့လာမှုတွေ လုပ်ရမှာပါ။
အချက်တိုင်းကို ထောင့်စေ့အောင် ကြိုတင်ပြင်ဆင်ပြီး လုပ်မှလည်း လုပ်ငန်းအောင်မြင်ဖို့ ရာခိုင်နှုန်း ပိုများပါမှာ။ ဒီလိုပြင်ဆင်မှုတွေ မလုပ်ရင် လုပ်ငန်း အရှုံးပေါ်နိုင်ပါတယ်။ တွက်ကြည့်လိုက်လို့ အမြတ်မရှိဘူးဆိုရင် ဆက်မလုပ်သင့်ဘူးလို့ အဖြေကြိုထွက်လာတာပေါ့။
လက်ရှိ လုပ်ကိုင်လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေရှိရင်လည်း ခုရေးပေးထားတဲ့ စီးပွားရေး ပန္နက်ကို ဖတ်ပြီး လိုအပ်တာတွေ ပြင်ဆင်ဆောင်ရွက်စေချင်ပါတယ်။ အရှုံးပေါ်နေရင်ဖြစ်စေ၊ အမြတ်နည်းနေရင်ဖြစ်စေ ဒီစီးပွားရေး ပန္နက်ကို ဖတ်ပြီး သေချာပြန်သုံးသပ်စေချင်ပါတယ်။ လုပ်ငန်းတိုးတက်ဖို့အတွက် အသုံးတည့်မယ်ထင်တဲ့ အချက်လေးတွေကို ပြန်လုပ်ကြည့်စေချင်ပါတယ်။
မတိမ်ကောတဲ့ စီးပွားရေး
************
အပိုင်း ၈ ပိုင်း
************
စီးပွားရေး ပန္နက်ရေးတဲ့ အခါမှာ ယေဘုယျအားဖြင့် အပိုင်း ၈ ပိုင်း ရှိပါတယ်။
အဲဒါတွေကတော့
အပိုင်း (၁) စီးပွားရေး ပန္နက် အနှစ်ချုပ် (Executive Summary)
အပိုင်း (၂) စီးပွားရေး လုပ်ငန်းကြောင်းတစ်ခုလုံး ခြုံငုံသုံးသပ်ချက် (Business/Industry Overview)
အပိုင်း (၃) ဈေးကွက် နဲ့ ပြိုင်ဘက် စိစစ်သုံးသပ်ချက် (Market and Competition Analysis )
အပိုင်း (၄) ရောင်းချခြင်း နဲ့ ဈေးကွက်ရှာခြင်း စီမံချက် (Sales and Marketing Plan)
အပိုင်း (၅) ပိုင်ဆိုင်မှု နဲ့ စီမံအုပ်ချုပ်မှု (Ownership and Management Plan)
အပိုင်း (၆) လုပ်ငန်း လည်ပတ်မှု စီမံချက် (Operating Plan)
အပိုင်း (၇) ဘဏ္ဍာရေး စီမံချက် (Financial Plan)
အပိုင်း (၈) နောက်ဆက်တွဲ အထောက်အထားများ (Appendices and Exhibits)
**********
အပိုင်း (၁)
**********
စီးပွားရေး ပန္နက် အနှစ်ချုပ် (Executive Summary)
စီးပွားရေး ပန္နက် တစ်ခုလုံးရဲ့ အနှစ်ချုပ်ကို ရေးရမှာပါ။ အပိုင်း (၁) ဆိုပေမဲ့ အခြား အပိုင်းတွေ အားလုံးကို ရေးပြီး စီမံကိန်း ဆွဲပြီးမှ ဒီအပိုင်းကို ရေးသင့်ပါတယ်။
လိုတိုရှင်းနဲ့ စီးပွားရေးရဲ့ အရေးကြီးတဲ့ အချက်တွေကို ဖတ်တဲ့သူစိတ်ဝင်စားပြီး ပိုမို သိချင်စိတ်ပေါက်လာအောင် ရေးရပါမယ်။ ဒီအပိုင်းကို ဖတ်လိုက်တာနဲ့ ကိုယ်လုပ်ချင်တဲ့ စီးပွားရေး လုပ်ငန်းရဲ့ အဓိက အချက်တွေကို ဖတ်တဲ့သူက နားလည် သဘောပေါက်သွားရပါမယ်။ စာ နှစ်မျက်နှာ ထက် မပို သင့်ပါဘူး။ အခြား အပိုင်းတွေက အနှစ်ချုပ်တွေကို ပါအောင် ရေးရပါမယ်။
ဒီ အပိုင်းမှာ ရေးရမယ့် အကြောင်းတွေက
- လုပ်ငန်းရဲ့ ရည်ရွယ်ချက်။ ဘာ့ကြောင့် ဒီလုပ်ငန်းကို လုပ်ရသလဲ။
- ကုမ္ပဏီ အဖွဲ့အစည်း၊ စီမံအုပ်ချုပ်ရေး နဲ့ ပိုင်ဆိုင်မှုတွေကို မိတ်ဆက်ပေးပါ။
- အဓိက ထုတ်ကုန် နဲ့ ဝန်ဆောင်မှုတွေ ကို ဖော်ပြပါ။
- သတ်မှတ်ထားတဲ့ ဝယ်ယူအားပေးစားသုံးသူတွေ က ဘယ်သူတွေလဲ။ လုပ်ငန်းက ဒီလူတွေကို ဘယ်လို ဝန်ဆောင်ဖြည့်ဆည်းပေးမလဲ။
- လက်ရှိ ပြိုင်ဘက်တွေ အကြောင်း အကျဉ်းချုပ်နဲ့ သူတို့ကိုပြိုင်ပြီး ဈေးကွက်ရအောင် ဘယ်လိုလုပ်မလဲ။ သူတို့ထက် ကိုယ်က ဘယ်နေရာတွေမှာ သာလဲ။
- အစောပိုင်း နှစ်အနည်းငယ်အတွက် ဘဏ္ဍာရေး အရှုံးအမြတ် ခန့်မှန်းချက်တွေ ထည့်ပါ။
- လိုအပ်နေတဲ့ ငွေကြေးအကူအညီ (လိုအပ်ရင် ထည့်ပါ။)
**********
အပိုင်း (၂)
**********
စီးပွားရေး လုပ်ငန်းကြောင်းတစ်ခုလုံး ခြုံငုံသုံးသပ်ချက် (Business/Industry Overview)
- ဒီစီးပွားရေးလုပ်ငန်းကြောင်း တစ်ခုလုံးကို ကိုယ် လေ့လာထားတာတွေ သိသလောက် ရေးရမှာပါ။ စီးပွားရေးလုပ်မယ့် နိုင်ငံ၊ ဒေသ၊ မြို့ရွာရဲ့ စီးပွားရေးလုပ်ငန်း အလားအလာ၊ အထွက်နှုန်း၊ ရောင်းအား၊ ဈေးနှုန်း၊ ဝယ်ယူအားပေး စားသုံးသူ လူဦးရေ စာရင်း၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ အစိုးရက ဒီစီးပွားရေးနဲ့ ပတ်သက်ပြီး ပြဌာန်းထားတဲ့ သက်ဆိုင်တဲ့ ဥပဒေ စတာတွေပါ ထည့်ရေးရပါမယ်။ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး ဘယ်လောက် အကျယ်တဝင့် လေ့လာသိရှိနားလည်ထားတယ်ဆိုတာ ပြရမှာပါ။ မသိသေးဘူးဆိုရင်တော့ အရင်လေ့လာ ဆည်းပူးရပါမယ်။
- ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းဟာ နိုင်ငံ၊ ဒေသ၊ မြို့ရွာရဲ့ စီးပွားရေးလုပ်ငန်းခွင်ကြီးတစ်ခုလုံးမှာ ဘယ် အကန့်ကနေ ပါဝင်ဆက်နွယ်နေမလဲ။
- ကိုယ့်လုပ်ငန်းရဲ့ လက်ရှိ ပြိုင်ဘက်တွေ အကြောင်း အကျဉ်းချုပ်ကိုလည်း ထည့်ရေးရပါမယ်။
- ဈေးကွက်ကြီးတစ်ခုလုံးရဲ့ ဘယ်နေရာတွေကို ပစ်မှတ်ထားမှာလဲ ဆိုတာရယ်၊ ကိုယ့်ရဲ့ ထုတ်ကုန် နဲ့ ဝန်ဆောင်မှုက ဘယ်လို တစ်မူထူးပြီး ပိုကောင်း၊ (သို့) ပိုဈေးသက်သာ သလဲဆိုတာ ဖော်ပြရမှာပါ။
**********
အပိုင်း (၃)
**********
ဈေးကွက် နဲ့ ပြိုင်ဘက် စိစစ်သုံးသပ်ချက် (Market and Competition Analysis)
ဒီအပိုင်းမှာတော့ ကိုယ့်ရဲ့ ပစ်မှတ်ထားတဲ့ ဈေးကွက်အခြေအနေကို သေချာ သုံးသပ် နားလည်ထားကြောင်းနဲ့ ကိုယ့်စီးပွားရေး ရှင်သန်အောင်မြင်ဖို့အတွက် ကိုယ့်ရဲ့ ထုတ်ကုန် (သို့) ဝန်ဆောင်မှုလုပ်ငန်းကို ဈေးကွက်မှာ ဝယ်လိုအား ရှိကြောင်း ပြသရမှာဖြစ်ပါတယ်။
ပြိုင်ဘက်တွေအကြောင်း စိစစ်သုံးသပ်ချက်လုပ်တဲ့အခါ ကိုယ့်လုပ်ငန်း ရဲ့ အဓိက ပြိုင်ဘက်တွေကို စာရင်းလုပ်ပြီး သေချာ သုံးသပ်လေ့လာရမှာပါ။ ဒီဈေးကွက်မှာ သူတို့ကို ဘယ်လို ယှဉ်ပြိုင် ထိုးဖောက်မှာလဲ ဆိုတာ ရေးရပါမယ်။
- ဈေးကွက်ဖောက်ရာ ဒေသမှာ ကိုယ့်ရဲ့ ထုတ်ကုန် (သို့) ဝန်ဆောင်မှုလုပ်ငန်းကနေ ပစ်မှတ်ထားတဲ့ ဈေးကွက်ကို အတိအကျ သတ်မှတ် ဖွင့်ဆိုပါ။
- ကိုယ့်ရဲ့ ထုတ်ကုန် (သို့) ဝန်ဆောင်မှုလုပ်ငန်းကို ဈေးကွက်က တစ်ကယ်လိုအပ်နေတယ်ဆိုတာကို ရှင်းပြပါ။
- ဈေးကွက်တစ်ခုလုံးရဲ့ ပမာဏကို ခန့်မှန်းပြီး ဈေးကွက်မှာ ကိုယ့်ရဲ့ ထုတ်ကုန် (သို့) ဝန်ဆောင်မှုကို ဘယ်နှစ်ယောက်က ဘယ်လောက်ဖိုး ဝယ်ယူမလဲ၊ အဖန်ဖန် လာပြန်ဝယ်မယ့် ပမာဏတို့ကိုလည်း ခန့်မှန်းရပါမယ်။ စီးပွားရေး၊ လူမှုရေး၊ ရာသီဥတု စတာတွေရဲ့ အပြောင်းအလဲတွေကြောင့် ဈေးကွက်ကို ဘယ်လို သက်ရောက်မှုရှိနိုင်တယ် ဆိုတာကိုလည်း ခန့်မှန်းရပါမယ်။
- ရနိုင်တဲ့ ဝင်ငွေ၊ အမြတ်ငွေ၊ အလုပ်သမားဦးရေ၊ ဈေးနှုန်း၊ အရည်အသွေး စတာတွေကို ဈေးကွက်မှာရှိပြီးသား ပြိုင်ဘက်တွေနဲ့ နှိုင်းယှဉ် ခန့်မှန်းပြရပါမယ်။
- ပြိုင်ဘက်တွေနဲ့ ယှဉ်ရင် ကိုယ့်ရဲ့ အားသာချက်တွေ၊ အားနည်းချက်တွေ၊ ရှိနေတဲ့ အခွင့်အလမ်းတွေ၊ တွေ့လာနိုင်မယ့် အခက်အခဲတွေ ကို သုံးသပ် ပြရပါမယ်။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
No comments:
Post a Comment