Saturday, September 26, 2020

မတိမ်​ကောတဲ့ စီးပွား​ရေး




"​ဘာစီးပွား​ရေး ​လုပ်သင့်လဲ" လို့ ​မေးလာရင် ​​ဖြေရတာ တိုင်ပတ်ပါတယ်။ တစ်​ယောက်နဲ့ တစ်​ယောက် ​အ​ခြေ​အ​နေ၊ ကျွမ်းကျင်မှု၊ ပတ်ဝန်းကျင်၊ ​ဝါသနာ၊ အရည်​အချင်း၊ ​ငွေ​အရင်း​အနှီး စတာ​တွေ မတူတာ​​ကြောင့် တစ်​ယောက်​အတွက်​ သင့်​တော်တဲ့ လုပ်ငန်းက ​နောက်တစ်​ယောက်​အတွက်​ သင့်​တော်ချင်မှ သင့်​တော်ပါလိမ့်မယ်။

ဒါ​ပေမဲ့ ဘာလုပ်ရမလဲ ​ရေ​ရေရာရာ ​တွေးမရရင်​တော့ ​အစား​အ​သောက်လုပ်ငန်း ကို ​လေ့လာကြည့်​စေချင်ပါတယ်။

စားဝတ်​နေ​ရေးမှာ စားတာက ထိပ်ဆုံးကပါ။ ​ငွေမရှိရင် ​​အစုတ်အ​​ဟောင်း ဝတ်လို့ရတယ်၊ လမ်း​ဘေးအိပ်လို့ရတယ်၊ မစားမ​သောက်ပဲ​တော့ ဘယ်သူမှ ​နေလို့မရပါဘူး။

ဘယ်လို ​အစား​အ​သောက်လုပ်ငန်းမျိုး လုပ်ရမလဲ လို့ မေးရင်​တော့ လုပ်လို့ရတာ​တွေ ​အများကြီးပဲလို့ ​ဖြေချင်ပါတယ်။ ​ငွေရှာနည်း တစ်ရာမှာ ​ရေးခဲ့သလိုပဲ ကိုယ့်ပတ်ဝန်းကျင် မြို့ရွာ၊ ​အခြားပတ်ဝန်းကျင် မြို့ရွာ​တွေမှာ လုပ်​နေကြတဲ့ များစွာ​သော ​အစား​အ​သောက်လုပ်ငန်း​တွေကို ​လှည့်ပတ်ကြည့်လိုက်ပါ ခင်ဗျာ။

ငွေရှာနည်း တစ်ရာ 

​အရင်းမရှိပဲ လုပ်လို့ရတဲ့ သူများ​အ​ကြော်ယူ​​ရောင်းတာ တို့၊ ​ရေထမ်း​​ရောင်းတာတို့၊ ​ရေသန့်ပို့တာတို့ အပြင် ​အရင်းနည်းနည်း၊ ​အရင်း ​အသင့်​အတင့်၊ ​အရင်းများစွာနဲ့ လုပ်လို့ရတဲ့ ​အစား​အ​သောက် လုပ်ငန်း​တွေ ​အပုံကြီး ရှိပါတယ်။ လူတန်းစား ​အားလုံး​အတွက်​ စီးပွား​ရေး ​အခွင့်​အလမ်း​တွေရှိပါတယ်။

အီကြာ​ကွေး၊ စမူဆာ၊ တုတ်ထိုး၊ ပဲယာ​ကြော်၊ ငုံးဥပြုတ် ​​ရောင်းတတ်ရင် ​အကုန်မြတ်ပါတယ်။ စိုက်ပျိုး​ရေးလည်း လုပ်တတ်ရင် ကိုက်ပါတယ်။ ကိုက်နိုင်တာ မြတ်နိုင်တာကို ​ရွေးလုပ်ရမှာပါ။ ကြိုတွက်​ကြည့်ပြီး မကိုက်ရင် မလုပ်ပါနဲ့၊ မ​သေချာရင် မလုပ်ပါနဲ့ ခင်ဗျာ။ မကျွမ်းကျင်မပိုင်နိုင်ရင်၊ ​သေချာ မပြင်ဆင်မတွက်​ချက်​ခဲ့ရင်​တော့ ဘယ်​အလုပ်ဖြစ်ဖြစ် မြတ်ဖို့ ခဲယဉ်းပါတယ် ခင်ဗျာ။

​စီးပွား​ရေး လုပ်ငန်းတစ်ခု မလုပ်ခင် ဒါ​တွေ ​အားလုံးကို ​လေ့လာ တွက်​ချက်​ပြီးမှ လုပ်​စေချင်ပါတယ်။

- ကိုယ်လုပ်မယ့်လုပ်ငန်းကို ကျွမ်းကျင်ပိုင်နိုင်ရပါမယ်။ ​ဈေးကွက်​တစ်ခုလုံးကို နားလည်​နေရပါမယ်။ ​လုပ်ငန်းနဲ့ ပတ်သက်​တဲ့ ​အစိုးရ မူဝါဒ​တွေကို သိရပါမယ်။ နားမလည်​သေးရင် ​အရင်​လေ့လာပါဦး။

- ကိုယ် ပစ်မှတ်ထားတဲ့ ဝယ်ယူစားသုံးသူ အုပ်စုကို ​သေချာသိရှိနားလည်ထားရပါမယ်။

- ပစ္စည်း နဲ့ ​နေရာထိုင်ခင်း စတာ​တွေ ​အတွက်​ မတည်​ငွေ ဘယ်​လောက်လိုမယ်၊ ​နေ့စဉ် လစဉ် နှစ်စဉ် ကုန်ကျစရိတ်၊ ကုန်ကြမ်း စရိတ်၊ ​အ​လုပ်သမားစရိတ် ဒါ​တွေကို ကြိုတွက်​ထားရပါမယ်။

- ဝင်​ငွေဘယ်​လောက်ရှိပြီး ​အမြတ်ဘယ်​လောက်ရမယ်ဆိုတာ ခန့်မှန်းရပါမယ်။ ​ဈေးနှုန်း သတ်မှတ်ချက်​​တွေ ကြိုလုပ်ရပါမယ်။ တစ်လကို ​ဘယ်​လောက်ဖိုး ​​ရောင်းရမှ ​အရင်း​ကျေမယ် ဆိုတာ တွက်​ကြည့်ရပါမယ်။ တွက်​ကြည့်လို့ ​အမြတ်မရှိရင် လုပ်လို့ မဖြစ်ပါဘူး။

- ပြိုင်ဘက်​​တွေကို ​လေ့လာပါ။ ကိုယ့်ပြိုင်ဘက်​​တွေနဲ့ ယှဉ်ရင်ကိုယ့်ရဲ့ အားနည်း ချက်​၊ အားသာချက်​​တွေ၊ ရှိ​နေတဲ့ ​အခွင့်​အလမ်း​တွေ၊ ​တွေ့လာနိုင်မယ့် ​အခက်​​အခဲ ဒုက္ခ​တွေ ကိုကြိုတင် သုံးသပ် ပြင်ဆင်ရပါမယ်။ 

- ကိုယ့်ပြိုင်ဘက်​​တွေနဲ့ ယှဉ်ရင် ကိုယ့်မှာ ​ထူးခြား အားသာချက်​ ​အနည်းဆုံး တစ်ခု​တော့ရှိ​နေရပါမယ်။ ဥပမာ ​ဈေးပို​တော်တာ၊ ဆက်​​ဆံ​ရေးပို​​ကောင်းတာ။

- ဘယ်​နေရာမှာ လုပ်မလဲ ​ရွေးရပါမယ်။ ဘယ်လိုနည်းနဲ့ ဖြန့်ဖြူး ​​ရောင်းချမှာလဲ ​တွေးရပါမယ်။

- ​​ဈေးကွက်​ရ​အောင် အ​​ရောင်းမြှင့်တင်​ရေး ဘယ်လိုလုပ်မလဲ ​တွေးထားရပါမယ်။

- ​ငွေ​ချေးပြီးလုပ်တာဆို ​ပေးရမယ့် အတိုးနဲ့ ကိုက်မကိုက်၊ ​အရှုံး​ပေါ်ရင် ​အ​ကြွေးဘယ်လိုဆပ်နိုင်မလဲ ကြိုတွက်​ရပါမယ်။ ​လောဘ မကြီးပါနဲ့။ ​သေး​သေး ကစပါ။ ​ကြွေး​သံသရာ ငရဲထဲ မ​ရောက်သွား​အောင် ကြိုတင် ချင့်ချိန် ဆင်ခြင်ရပါမယ်။ ​ကြွေး​သံသရာက ငရဲကြီး (၄) ထပ် ​https://www.facebook.com/fireflypsk/posts/118751782796439

- ကုန်ကြမ်း​တွေ ဘယ်ကဝယ်မလဲ၊ ​အလုပ်သမား ဘယ်ကရမလဲ၊ ပြီး​တော့ တစ်​နေ့တာ လုပ်ငန်းစဉ်​တွေကိုလည်း ကြို​တွေးပြီး အ​သေးစိတ် စီစဉ်ထားရမှာပါ။

လုပ်ငန်းတစ်ခုလုံးကို မလုပ်ခင် ​ဒီလို အ​သေးစိတ် စဉ်းစားချင့်ချိန် တွက်​ချက်​ထားပါ။ အချဉ်ဖမ်းဖို့ ဂျင်း​ထည့်ဖို့ ​​ချောင်း​နေတဲ့ သူ​တွေ ရှိတာ​​ကြောင့် ကိုယ်မကျွမ်းကျင်တဲ့ ​အလုပ်ဆို ​​အရင်ဆုံး ​အချိန်​ပေး​ပြီးလေ့လာ​စေချင်ပါတယ်။

ခု​ပြောတဲ့ ​အချက်​​တွေဟာ ​အစား​အ​သောက်လုပ်ငန်း လုပ်မှ မဟုတ်ပါဘူး။ အဝတ်​အ​ထည်၊ ​နေ​ရေးထိုင်​ရေး၊ သွား​ရေးလာ​ရေး စသဖြင့် ဘာလုပ်ငန်း လုပ်လုပ် ​အသုံးတည့်မယ်လို့ ​မျှော်လင့်ပါတယ်ခင်ဗျာ။

မတိမ်​ကောတဲ့ စီးပွား​ရေး 

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment