စီးပွားရေးလုပ်တဲ့အခါ risk လို့ခေါ်တဲ့ အရင်းအနှီး ဆုံးရှုံးမှု အန္တရာယ် ရှိပါတယ်။ စွန့်စားရပါတယ်။
Risk ကတော့ စီးပွားရေးမလုပ်ပဲ ငွေပုံပေါ် ဒီတိုင်း ထိုင်နေရင်လည်း ရှိပါတယ်။ ငွေကို အိမ်မှာထားရင် သူခိုးနောက် ပါသွားနိုင်တဲ့ risk ရှိပါတယ်။ ဓားပြတိုက်ခံရနိုင်တဲ့ risk ရှိပါတယ်။ မီးလောင်လို့ ပါသွားနိုင်တဲ့ risk ရှိပါတယ်။ ငွေကြေးဖောင်းပွမှုဒဏ် risk ရှိပါတယ်။
ဒီတော့ risk ကို ရှောင်လို့မရပါဘူး။ ဒါပေမဲ့ risk နည်းနိုင်သမျှနည်းအောင် ကာကွယ်ဖို့တော့ လိုပါတယ်။
ကျွန်တော်က စီးပွားရေးလုပ်တဲ့အခါ သတိထားလုပ်ဖို့၊ ကျွမ်းကျင်မှလုပ်ဖို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ မကျွမ်းကျင်ရင် စီးပွားရေးလုပ်ရင်း စီးပွားပျက်နိုင်ကြောင်းကိုလည်း ဥပမာတွေနဲ့ ရေးခဲ့ပြီးပါပြီ။
မာ့ခ်တွိန်းရဲ့ အရှုံး https://www.facebook.com/fireflypsk/posts/156002222404728/
ဒါပေမဲ့ စီးပွားရေးမလုပ်နဲ့လို့ တားနေတာ မဟုတ်ပါဘူး။ ချင့်ချိန်ပြီး လုပ်ကြဖို့ ပြောနေတာပါ။ သူများတွေရဲ့ အမှားတွေကနေ သင်ခန်းစာယူနိုင်ဖို့ သတိပေးနေတာပါ။
အချို့သော ငွေရေးကြေးရေး စာအုပ်တွေဟာ စီးပွားရေးသမားတွေကို အမွှန်းတင် ရေးသားထားပြီး လခစားသမားတွေကို နှိမ်ချင်ကြပါတယ်။ အဲဒီစာအုပ်တွေကို ဖတ်ပြီးရင် လခစားဘဝကို စိတ်ကုန်လာကြပြီး အရဲစွန့် risk ယူပြီး စီးပွားရေးသမား ကောက်လုပ်ချင်စိတ်တွေ ပေါက်သွားကြပါတယ်။
ခက်တာက လိုအပ်တဲ့ အရင်းအနှီး (လုပ်ငန်းပေါ် မူတည်ပြီး အရင်းအနှီး အနည်းအများကွာပါတယ်) နဲ့ စီးပွားရေးဝမ်းစာ မပြည့်သေးပဲ အလျင်စလို ကမူးရှူးထိုး ထလုပ်မိရင် မအောင်မြင်ပဲ ဆုံးရှုံးနိုင်ခြေ အရမ်းများသွားတာပါ။
စီးပွားရေးကို အရဲစွန့်ပြီးလုပ်ရင် ချမ်းသာလာနိုင်တာတော့ အမှန်ပါ။ ဒီလိုလုပ်ရင်း risk ယူပြီးချမ်းသာလာခဲ့ကြတဲ့ သက်သေ သာဓကတွေ အများကြီး ရှိပါတယ်။ ဥပမာ Jack Ma ဂျက်မာ ပေါ့။
ဒါပေမဲ့ လူတွေက ဂျက်မာ အောင်မြင်သွားတာကိုပဲ မြင်ကြတာကိုး။ ဂျက်မာလို ကြိုးစားခဲ့တဲ့ လူပေါင်းများစွာ မအောင်မြင်ပဲ ခွေးဖြစ်သွားတာကိုတော့ မမြင်ကြပါဘူး။ ဘယ်မြင်ကြမှာလဲ။ စီးပွားပျက်လို့ လမ်းဘေးရောက်ပြီး မွဲတေသွားတဲ့လူတွေကို အရေးတယူလုပ် စင်ပေါ်တင်ပြီး ဟောပြောခိုင်းတာ မရှိသလောက် ရှားလို့ပါ။
ဂျက်မာကို အားမကျနဲ့လို့ ပြောတာမဟုတ်ပါဘူး။ အားကျပါ။ သူ့လို ဖြစ်အောင် ကြိုးစားကြပါ။ အားပေးပါတယ်။ မြန်မာပြည်မှာ ဒီလို ဖောက်ထွက်အောင်မြင်တဲ့ လုပ်ငန်းရှင်တွေ အများကြီး လိုအပ်ပါတယ်။ ဒါပေမဲ့ ကြိုးစားတိုင်း ဖြစ်မလာတတ်တာကို သိနေဖို့ လိုပါတယ်။ ကြိုးစားသမျှ အရာထင်အောင် ကြိုတင် လေ့လာပြင်ဆင်ထားပြီး ဝမ်းစာဖြည့်ထားဖို့လိုပါတယ်။
ဘုရင့်နောင် ဖောင်ဖျက်တယ်၊ risk ယူတယ်ဆိုတာ ဘုရင့်နောင်လို တိုက်ရည်ခိုက်ရည် စစ်ရေးကျွမ်းကျင်တဲ့ ခေါင်းဆောင်မျိုးမို့ အောင်မြင်တာပါ။ ဘုရင့်နောင်ဟာ စစ်ပညာ မကျွမ်းကျင်ပဲ စစ်အင်အား ၈ ဆကြီးတဲ့ တပ်ကို အနိုင် တိုက်လိုက်နိုင်မှာ မဟုတ်ပါဘူး။
ဟိုးရှေးရှေးတုန်းက မြန်မာပြည်မှာ ပိုးစုန်းကြူးဆိုတဲ့ စစ်သူကြီး တစ်ပါးရှိသတဲ့။ ဘုရင်နဲ့ အမျိုးတော်လို့သာ စစ်သူကြီးဖြစ်လာတာ၊ ဘာစစ်ပညာမှ တတ်တာ မဟုတ်ဘူးရယ်။ ဒီလိုနဲ့ သူဟာ စစ်ပွဲတစ်ပွဲမှာ ဘုရင့်နောင်ကို အားကျပြီး "သေမြေကြီး ရှင်ရွှေထီး" ပဲ ဆိုပြီး စွန့်စားပစ်လိုက်တယ်။ ဘုရင့်နောင်လုပ်သလို လိုက်လုပ်တယ်။ ဖောင်ဖျက်ပြီး စစ်အင်အားကြီးတဲ့ ရန်သူကို သွားတိုက်တယ်။
စစ်တိုက်မကျွမ်းကျင်တော့ တိုက်ပွဲမှာ ပွဲချင်းပြီးပဲ။ စစ်သူကြီး ပိုးစုန်းကြူးဆိုတာကိုလည်း မြန်မာ့သမိုင်းမှာ အထူးတလည် မသင်ရပါဘူး။ ဘယ်သင်ရပါ့မလဲ၊ စစ်မတိုက်တတ်ပဲ မိုက်ရူးရဲ သွားလုပ်မိတာကိုး။ သမိုင်းမှာ နာမည်ဆိုးနဲ့ မကျန်ခဲ့တာတောင် ကံကောင်းလို့။ ဘုရင့်နောင်ကို အားကျပြီး လိုက်လုပ်ရာက ရှင်ရွှေထီးမဖြစ်ပဲ သေမြေကြီး ဖြစ်ကုန်တဲ့ စစ်သူကြီး ပိုးစုန်းကြူးလို လူမိုက်တွေ ဘယ်နှစ်ယောက်များ ရှိခဲ့ပြီလဲ။
ဒီတော့ ဘုရင့်နောင်လို စွန့်စားချင်ရင် ဘုရင့်နောင်လိုစစ်မဟာဗျူဟာတွေ နားလည်အောင် အရင်လုပ်ရမှာပါ။ အဆင့်မကျော်ပါနဲ့။
အချို့ကလည်း သနားဖို့ ကောင်းတယ်ခင်ဗျ။ ကိုယ်နဲ့ အပြင်မှာလည်းမသိ၊ နာမည်တောင် အမှန်မသိတဲ့လူလိမ်တွေကို "စွန့်စားမှ ကြီးပွားမှာမို့ စွန့်စားမယ်၊ လက်တွဲမယ်" လို့ ပြောပြီး ငွေတွေ ပုံပေးနေကြလေရဲ့။ တလွဲ ဆံပင်ကောင်းပြီး စွန့်စားနေကြတာပေါ့။
အမြင့်မှာ ပျံချင်လို့ဆိုပြီး စွန့်စားတာတော့ ဟုတ်ပါပြီ။ စကောနှစ်ချပ် ချိုင်းကြားညှပ်ပြီး တောင်စွန်းပေါ်ကနေ ခုန်ချတာမျိုးကိုတော့ အားမပေးပါဘူး။ အယ်ရိုဒိုင်နမစ် လေခွင်းအားပညာကို သေချာစူးစမ်းလေ့လာပြီးမှ လေထီးကို တီထွင်ဖန်တီးပြီး စွန့်စားတာမျိုးကိုတော့ အားပေးပါတယ်။
ဒီတော့ စွန့်စားပါ။ စွန့်စားရင် ချမ်းသာဖို့ ပိုမြန်နိုင်ပါတယ်။ ဒါပေမဲ့ ဉာဏ်ရှိရှိ စွန့်စားပါ။ မစွန့်စားခင် အထူးပြင်ဆင်ပါ။ အန္တရာယ်တွေကို သိပါ။ ဝမ်းစာကြိုဖြည့်ပါလို့ ပြောချင်ပါတယ်။
ဝိလုပ်ချင်ရင် ဝရှိဖို့ လိုပါတယ်။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment