Wednesday, September 23, 2020

ကျိကျိတက်




ဘယ်​လောက် ချမ်းသာ​နေပြီလဲ လို့​မေးလာရင် ​အများစုက ​ရွှေ​ငွေတိုက်တာလုပ်ငန်း သိန်း​​ပေါင်း ဘယ်​လောက်ဖိုး​လောက် စုမိ​နေပြီ ချမ်းသာ​နေပြီ (ဒါမှမဟုတ် ​ကြွေးတင်​နေပြီ) ဖြစ်​​ကြောင်း ​ပြောကြမှာပါ။

ဒါ​ပေမဲ့ ချမ်းသာကြွယ်ဝမှု ကို ​ငွေ​ကြေးဥစ္စာ ပမာဏနဲ့ မတိုင်းတာပဲ ​အချိန်နဲ့သာ တိုင်းတာသင့်ပါတယ်။

ဘယ်လိုတိုင်းတာသင့်လဲဆို​တော့ ...

ကျွန်​​တော်တို့ ဒီ​နေ့ကစပြီး ဝင်​ငွေရတဲ့ ​အလုပ် ဘာမှ မလုပ်​တော့ပဲ ကိုယ့်လက်​ရှိစု​​ဆောင်းထားတာ​လေးနဲ့ ထိုင်စား​နေရင် ဘယ်​လောက်ကြာကြာ ထိုင်စား​နေနိုင်မလဲ။ အဲဒီ​မေးခွန်းရဲ့ အ​ဖြေဟာ ကျွန်​​တော်တို့​ရဲ့ လက်​ရှိ ကြွယ်ဝချမ်းသာမှုပဲ ဖြစ်ပါတယ်။

ကျွန်​​တော်တို့​ရဲ့ ကြွယ်ဝချမ်းသာမှုက တစ်ရက်စာ​လား၊ တစ်လစာလား၊ တစ်နှစ်စာလား၊ ၁၀ နှစ်စာလား၊ တစ်ဘဝလုံးစာလား ဆိုတာ တွက်​ချက်လို့ ရပါတယ်။

​ငွေ သိန်းတစ်ရာ စုမိထားပြီး တစ်လကို သိန်းနှစ်ဆယ် ​အသုံးစရိတ်ရှိ​တဲ့သူ​ရဲ့ ကြွယ်ဝချမ်းသာမှုက ၅ လပဲ ရှိပါတယ်။

​ငွေ ၂၄ သိန်း စုမိထားပြီး တစ်လကို အသုံးစရိတ် တစ်သိန်း ​ရှိ​တဲ့သူက ၂ နှစ်စာ ချမ်းသာပါတယ်။

​ငွေသခင်ဖြစ်ဖို့ဆိုတာ ဝင်​ငွေ ​အရမ်း​​ကောင်းဖို့ထက်​ ​အသုံးစရိတ်နည်းဖို့နဲ့ ဝင်​ငွေထဲက​နေ ရာခိုင်နှုန်းများများ စုမိဖို့က ပို ​အ​ရေးကြီး​​ပါတယ်။

ဝင်​ငွေများပြီး ​အသုံးစရိတ်နည်းရင်​တော့ ​အတိုင်းထက်​ ​အလွန်​​ပေါ့ခင်ဗျာ။ ​ငွေသခင် ​မြန်​မြန်ဖြစ်နိုင်ပါတယ်။ ဒါ့​​ကြောင့် ​ငွေသခင် ​မြန်​မြန်ဖြစ်​အောင် ဝင်​ငွေကို တိုးနိုင်သမျှ တိုး​အောင်နဲ့ ထွက်​​ငွေကို လျော့နိုင်သမျှ လျော့​အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာကျော် လက်​ဝှေ့သမား​​ဟောင်း မိုက်တိုင်​ဆန် (Mike Tyson) ဟာ ​အ​မေရိ​ကန်​ဒေါ်လာ ​သန်း ၃၀၀ ထိချမ်းသာခဲ့ဘူးပါတယ်။ တစ်လမှာ ​ဒေါ်လာ နှစ်သိန်းခွဲ (​မြန်မာ​ငွေ သိန်း ၃၇၀၀ ​ကျော်) သုံးရင်​​တောင် နှစ် ၁၀၀ ​အေး​ဆေးသုံးလို့ရပါမယ်။ ဒါ​​တောင် ​ဘဏ်တိုးကို ​ထည့်မတွက်​ရ​သေးပါဘူး။ ဒါ​ပေမဲ့ အသုံး​အဖြုန်းစရိတ် ​အလွန်ကြီးမားလွန်းလို့ အသက်​ ၃၇ နှစ် ​အရွယ်မှာတင် ​ဒေဝါလီခံခဲ့ရပြီး လူမွဲစာရင်းဝင်ဖြစ်ခဲ့ရပါတယ်။ ​အောင်မြင်​ကျော်ကြား ဝင်​ငွေ​​ကောင်း​​​ပေမဲ့ အသုံး​အဖြုန်းကြီးရင် ကြွယ်ဝချမ်းသာမှု တာရှည်​ခံမှာ မဟုတ်​​ဘူးဆိုတာ မိုက်တိုင်​ဆန်က သက်​​သေပြသွားပါတယ်။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment