ငွေသခင်ဖြစ်ဖို့ ဆေးရှိပါတယ်။ သောက်ရ၊ လိမ်းရတဲ့ ဆေးတော့ မဟုတ်ဘူး ခင်ဗျ။
SAIL လို့ ခေါ်ပါတယ်။ ဆေး(လ်) လို့ အသံထွက်ရမှာပေါ့။ ရွက်လွှင့်ခြင်းလို့ အဓိပ္ပါယ်ရတဲ့ SAIL မှာ အက္ခရာ တစ်လုံးစီတိုင်းက အဓိပ္ပါယ်ရှိနေပြန်ပါတယ်။
S - Savings (စုဆောင်းငွေ)
A - Assurance (အာမခံ)
I - Investment (ရင်းနှီးမြှုပ်နှံမှု)
L - Life Goals (ဘဝရည်မှန်းချက်များ)
————————————
S - Savings (စုဆောင်းငွေ)
————————————
စုဆောင်းထားတဲ့ ငွေဟာ ရွက်သင်္ဘောရဲ့ ကိုယ်ထည်နဲ့ တူပါတယ်။ သေးငယ်လွန်းရင် မုန်တိုင်းဒဏ်ကို ခံနိုင်မှာ မဟုတ်ပါဘူး။ ရေယိုပေါက်တွေရှိနေရင်တော့ ရေရှည်မှာ မတွေးရဲစရာပေါ့။
အရေးပေါ် ရန်ပုံငွေအနေနဲ့ ငွေသားကို အသုံးစရိတ်ရဲ့ ၃ လစာနဲ့ ၆ လစာကြား အနည်းဆုံး စုဆောင်းထားရမှာပါ။ ဒါမရှိရင် လှိုင်းထန်တဲ့ နေ့တွေမှာ ဒုက္ခရောက်တတ်ပါတယ်။
လက်ရှိမှာ ကိုဗစ်ဗိုင်းရပ်စ်် ကပ်ဆိုးကြောင့် စီးပွားရေးကျဆင်းနေလို့ ကမ္ဘာပေါ်မှာ အလုပ်လက်မဲ့ ဖြစ်ကုန်တဲ့ လူတွေ အများအပြား ရှိနေပါတယ်။ ရှေ့လျှောက် ဒီနှစ်အတွင်းမှာ ပိုများလာဖို့ရှိပါတယ်။ ဝမ်းနည်းစရာပါ။ ရောင်နီသာတဲ့ နေ့သစ်ကို မရောက်ခင် နေဝင်ညကို ဖြတ်သန်းရဦးမယ့် ကာလပါ။ စုဆောင်းထားတဲ့ အရေးပေါ် ရန်ပုံငွေသာ မရှိရင် ပြဿနာပါပဲ။
———————————
A - Assurance (အာမခံ)
———————————
အာမခံ ကတော့ ရွက်သင်္ဘောပေါ်က အသက်ကယ် ဗောကွင်းနဲ့ တူပါတယ်။
အသက်ကယ် ဗောကွင်းဟာ မုန်တိုင်းထန် သင်္ဘောမှောက်တဲ့အချိန် ပင်လယ်ထဲမှာ ရေမနစ်ရအောင် ကူညီပေးနိုင်သလို အသက် အာမခံ၊ မီး အာမခံ၊ ကျန်းမာရေး အာမခံ စတာတွေ လုပ်ထားတာဟာလည်း ဘဝမှာ မမျှော်လင့်တဲ့ အခြေအနေတွေ၊ ဆုံးရှုံးမှုတွေနဲ့ တွေ့ရတဲ့အခါ အထောက်အကူ ပြုမှာပါ။
——————————————
I - Investment (ရင်းနှီးမြှုပ်နှံမှု)
——————————————
ရင်းနှီးမြှုပ်နှံမှုဟာ ရွက်သင်္ဘောရဲ့ ပင်တိုင် ရွက်မကြီးနဲ့ တူပါတယ်။ ရွက်မ ကြီးမားခိုင်ခန့်ရင် ရည်မှန်းချက်ပန်းတိုင်ဆီကို မြန်မြန်ရောက်ဖို့ ကူညီမှာပါ။
—————————————————
L - Life Goals (ဘဝရည်မှန်းချက်များ)
—————————————————
ရွက်သင်္ဘောရဲ့ ကိုယ်ထည်နဲ့တူတဲ့ စုဆောင်းငွေ၊ အသက်ကယ် ဗောကွင်းနဲ့တူတဲ့ အာမခံ နဲ့ ပင်တိုင် ရွက်မကြီးနဲ့ တူတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိထားပြီဆိုရင်တော့ ဘဝရည်မှန်းချက်ပန်းတိုင်တွေဆီ ရည်မှန်းပြီး ရွက်လွှင့်လို့ ရပါပြီ။
ရည်မှန်းချက်ပန်းတိုင်တွေ အမျိုးမျိုးရှိနိုင်ပါတယ်။ မင်္ဂလာဆောင်ဖို့၊ ခရီးထွက်ဖို့၊ ကလေးပညာရေး၊ မိဘ ကျန်းမာရေး၊ အိမ်ဝယ်ဖို့၊ အငြိမ်းစားယူဖို့ စသဖြင့်ပေါ့။
ပန်းတိုင်အတွက်အချိန်ဘယ်လောက်ယူမယ်၊ တစ်လ ဘယ်လောက်စုမယ် စသဖြင့် စီမံတွက်ချက်ထားရမှာပါ။
————————————
ဟန်ချက်ညီတဲ့ ရွက်သင်္ဘော
————————————
ရွက်သင်္ဘောဟာ ဟန်ချက်ညီ သင့်တင့်မျှတနေဖို့ လိုပါတယ်။
ပင်တိုင် ရွက်မကြီး (ရင်းနှီးမြှုပ်နှံမှု) က သေးလွန်းနေရင်လည်း ခရီးသိပ်မတွင်နိုင်ပါဘူး။ ရင်းနှီးမြှုပ်နှံမှုမရှိရင် (သို့) နည်းနေရင် ငွေကြေးဖောင်းပွမှုတွေကြောင့် စုမိတဲ့ငွေလေးတွေ တန်ဖိုးနည်းသွားတတ်ပါတယ်။
ပင်တိုင် ရွက်မကြီး (ရင်းနှီးမြှုပ်နှံမှု) ကြီးလွန်းပြီး ရွက်သင်္ဘောရဲ့ ကိုယ်ထည် (စုဆောင်းငွေ) သေးလွန်းရင်လည်း အဆင်မပြေပါဘူး။ အောက်သေးအပေါ်ကြီး ဖြစ်ပြီး မုန်တိုင်းကြားမှာ သင်္ဘောမှောက်တတ်ပါတယ်။ ရှိသမျှ ငွေအားလုံးကို ငွေသား လက်ကျန်မထားပဲ စီးပွားရေးလုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေထဲ အကုန်ထည့်ထားမိခဲ့ရင် အရေးပေါ် ငွေလိုတဲ့အခါ အောက်ဈေးနဲ့ ထုတ်ရောင်းရရင် မဟန်ပါဘူး။
ငွေသခင်ဖြစ်ဖို့ ဆေး (SAIL) တွေ့ပြီမို့ ပန်းတိုင်ကို အရောက်လှမ်းဖို့ ခိုင်ခန့်ထည်ဝါတဲ့ ရွက်သင်္ဘောကြီးနဲ့ ရွက်လွှင့်လိုက်ကြပါစို့လား ခင်ဗျာ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment