Thursday, September 24, 2020

ချွေတာချိန် တန်ပြီ (၂)




ချွေတာချိန်တန်ပြီ (၁) မှာ ဘာကြောင့် များများသုံး များများထုတ်ဝါဒ (Consumerism) ကို အမေရိကန်၊ တရုတ် စတဲ့ နိုင်ငံကြီးတွေက အားပေးလဲ ရေးခဲ့ပြီးပါပြီ။

အခြားနိုင်ငံတွေမှာ အစိုးရ ကိုယ်တိုင်က ချွေတာဖို့ ငွေကို မဖြုန်းတီးဖို့ ပညာပေးတွေ လုပ်နေကြောင်းလည်း ရေးခဲ့ပြီးပါပြီ။

လူတိုင်း တစ်ပြိုင်တည်း ချက်ချင်း ချွေတာလိုက်ကြရင် တိုင်းပြည် စီးပွားရေး ထိခိုက်နိုင်တာမှန်ပေမဲ့ ဒီလိုကြောက်နေတာဟာ မိုးပြိုမှာ ကြောက်နေကြတာနဲ့ တူကြောင်း ချဲလုပ်ငန်းကို ဥပမာထားပြီး ရေးခဲ့ပြီးပါပြီ။

******************************
(၁) ချွေတာရေးနဲ့ ချဲလုပ်ငန်း ဥပမာ
******************************

ချွေတာရေးလည်း ဒီလိုပါပဲခင်ဗျာ။ နေ့ချင်းညချင်း လူတွေအားလုံး ပြိုင်တူ ချွေတာချလိုက်ကြမှာ မဟုတ်ပါဘူး။ ဖြည်းဖြည်းနဲ့ မှန်မှန် ဖြစ်လာမှာပါ။

ခုတောင် ကျွန်တော် ရေးနေတာကို မြင်တဲ့သူ ထောင်ဂဏန်းနဲ့ သေချာဖတ်သူ ရာဂဏန်းပဲ ရှိပါတယ်။ ဒီထဲကမှ သေချာ လိုက်လုပ်တဲ့သူ သိပ်မများပါဘူး။ လိုက်လုပ်ချင်ရင် တောင် အချိန်တစ်ခုလိုပါတယ်။ နေ့ချင်းညချင်း ဖြစ်မလာပါဘူး။ သိသူဖော်စား မသိသူကျော်သွား ပါပဲ။ သိရဲ့သားနဲ့ လက်မခံနိုင်လို့ လိုက်မလုပ်နိုင်လို့ ကျော်သွားသူတွေလည်း ရှိပါတယ်။

(ဒီ Page ကို Like နဲ့ Follow လုပ်ထားရင်တောင် ကျွန်တော် နေ့တိုင်း တင်သမျှစာတွေ အားလုံးမပေါ်ပါဘူး။ See First လုပ်ထားမှ၊ Page https://www.facebook.com/fireflypsk ထဲကို ဝင်ကြည့်မှ စာတွေ အားလုံး မြင်ရမှာပါ။)

ဒီတော့ တစ်နိုင်ငံလုံး ချက်ချင်းကြီး ချွေတာလိုက်လို့ တိုင်းပြည် စီးပွားပျက်မှာ ပူနေမယ့်အစား မိုးပြိုမှာကိုသာ ပူသင့်ကြောင်းပါ။

တဖြည်းဖြည်း ချွေတာပြုပြင်လာတဲ့ နိုင်ငံသားတွေအတွက် နိုင်ငံရဲ့ စီးပွားရေးဟာလည်း နေသားကျအောင် ထိန်းညှိပြုပြင်ဖို့ အချိန်ရမှာပါ။

ပြီးတော့ မချွေတာလို့၊ ချွေတာရမှန်း မသိလို့ ပျက်ခဲ့ရတဲ့ ဘဝတွေကို ထည့်တွက်သင့်ပါတယ်။

နောက်တစ်ခုက ချွေတာတာနဲ့ လုံးဝ မသုံးတော့တာနဲ့ မတူပါဘူး။ ချွေတာတဲ့ လူတွေလည်း မသုံးမဖြစ်တွေကို သုံးနေရတာပါပဲ။

ဖြုန်းနိုင်တဲ့ အဆင့် ရောက်နေသူတွေ လည်း ဆက်ဖြုန်းလို့ရပါတယ်။ ကျွန်တော် ရေးထားတဲ့ "အသုံးနဲ့ အဖြုန်း" စာ အဆုံးသတ်မှာ ဘယ်လို လူတွေ ဖြုန်းလို့ ရသလဲ ဆိုတာ ရေးခဲ့ပြီးပါပြီ။

အသုံးနဲ့ အဖြုန်း 

လုံးဝ မဖြုန်းတော့တာ မဟုတ်ပါဘူး။ အဖြုန်းကို လျှော့ထားတာ၊ ရက်ရွှေ့ထားတာ၊ ဖြုန်းနိုင်တဲ့ တစ်ချိန်ကျမှ ဖြုန်းတာ ဖြစ်ပါတယ်။

***********************
(၂) ကမ္ဘာကြီး ကျဉ်းလာပြီ
***********************

ကူးသန်းပို့ဆောင် ဆက်သွယ်ရေး နည်းပညာတွေ တိုးတက်လာတာနဲ့ အမျှ ကမ္ဘာကြီး ကျဉ်းမြောင်းလာပြီလို့ ပြောလို့ရပါတယ်။

ကိုယ့်နိုင်ငံသားတွေ သုံးနေမှ ဖြုန်းနေမှ အလုပ်တွေ ဖန်တီးနိုင်၊ စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာမှာ မဟုတ်ပါဘူး။ အခြားနိုင်ငံတွေက လူတွေ သုံးနေဖြုန်းနေတာတွေ အတွက် ထုတ်လုပ်ပေးနိုင်ရင်လည်း ကိုယ့်နိုင်ငံ စီးပွားရေး တိုးတက်နိုင်ပါတယ်။

တရုတ်၊ တောင်ကိုရီးယား၊ ဂျပန် နဲ့ အမေရိကန်တို့ဟာ ဒီလိုနဲ့ စီးပွားတိုးနေကြတာပါ။ သူတို့ စီးပွားတိုးအောင် ကူညီပေးနေကြသူတွေ ထဲမှာ ကျွန်တော်တို့ နိုင်ငံက အခြေခံလူတန်းစားတွေ အများကြီး ပါပါတယ်။

ဒီတော့ ကျွန်တော်တို့နိုင်ငံ စီးပွားတိုးအောင် ပို့ကုန်လုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ ဖြစ်ထွန်းအောင် ရေရှည်မှာ လုပ်သွားရမှာပါ။ ပြည်တွင်းထဲမှာတင် အသုံးကြမ်းနေလို့ကတော့ နိုင်ငံတော် လိုငွေပြမယ်။ သူများနိုင်ငံက ချေးသုံးရမယ်။ ဒါဆို နိုင်ငံကြီးတစ်ခုလုံး ချေးစားနေတဲ့ နိုင်ငံကြီး ဖြစ်နေမှာပေါ့။

********************************
(၃) ချွေတာစုဆောင်း သူဌေးလောင်း
********************************

အချုပ်အနေနဲ့ ပြောချင်တာကတော့ ချွေတာကြပါ။ ချွေတာလိုက်လို့ တိုင်းပြည်စီးပွားရေးကျသွားမှာ မစိုးရိမ်ပါနဲ့။

ဝင်ငွေကို အကုန်မသုံးပဲ တတ်နိုင်သမျှ စုကြပါ။ ရာခိုင်နှုန်း ပိုစုနိုင်လေလေ ငွေသခင်ဖြစ်ဖို့ အချိန်တိုလေပါပဲ။ ငွေသခင်ဖြစ်ဖို့ ဆိုတာ ဝင်ငွေများတာ မများတာထက် စုမိငွေ ရာခိုင်နှုန်းကသာ အရေးပါကြောင်း ထပ်ပြောလိုပါတယ်။ ဝင်ငွေဘယ်လောက်များများ လုံးဝ မစုမိရင် တစ်နေ့ ခွေးဖြစ်ပါမယ်။

ဝင်ငွေကို မစုဆောင်းပဲ KTV သွား၊ ပါတီပွဲပေး၊ မာဆတ်သွား၊ ကလပ်တက်၊ လောင်းကစားလုပ်၊ မိန်းမရှုပ်၊ ဘိန်းရှူ သုံးနေဖြုန်းနေတာကိုပဲ နိုင်ငံတော် စီးပွားရေး ကို အကျိုးပြုနေတယ်လို့ မပြောကြပါနဲ့။ မထင်ကြပါနဲ့။

ဂုဏ်ရှိဖို့ လူအထင်ကြီးဖို့ဆိုပြီး အကျိုးအမြတ်ရေရေရာရာ မရှိပဲ ကြွားချင်ရုံ လူဝင်ဆန့်ချင်ရုံ မျက်နှာရချင်ရုံ လျှောက်သုံးဖြုန်းနေတာတွေ ရပ်ကြပါ။ အဲဒီလို လူမျိုးတွေ အကြိမ်ကြိမ် တွေ့ဖူးပါတယ်။ ဇာတ်သိမ်း မလှကြပါဘူး ခင်ဗျာ။ အထည်ကြီး ပျက်တွေ ဖြစ်ကုန်ကြပါတယ်။

လောကဓမ္မ တရားအရ ဝင်ငွေ နည်းတဲ့ အချိန်၊ ဘာလုပ်လုပ် အဆင်မပြေတဲ့ အချိန် တစ်ချိန်ချိန်တော့ တွေ့တတ်ကြပါတယ်။ အဲဒီ အချိန်မှာ စုဆောင်းထားတာလေးတွေရှိရင် ပိုပြီး ခုသာ ခံသာ ရှိမှာပါ။ စုဆောင်းထားတာ မရှိရင် ဒုက္ခပိုရောက်ပါမယ်။

ဒါကြောင့် ငွေကို ချွေတာကြပါလို့ ထပ်ပြီး တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။

ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...