အသုံးနဲ့ အဖြုန်းကို ခွဲပြပါဆို နည်းနည်းတော့ တိုင်ပတ်ပါတယ်။ ဒါတွေက အသုံးတွေပါ၊ ဒါတွေကတော့ အဖြုန်းတွေပါဆိုပြီး အဖြူနဲ့ အမည်း ကန့်သတ် ခွဲခြားလို့မရတာတွေ များပါတယ်။ ပစ္စည်းတစ်ခုတည်းကို ဝယ်သုံးတာချင်းတူပေမဲ့ တစ်ယောက်အတွက်က အသုံးဖြစ်ချင်ဖြစ်ပြီး နောက်တစ်ယောက်အတွက်ကတော့ အဖြုန်းဖြစ်ချင် ဖြစ်နေပါလိမ့်မယ်။
ဥပမာ ပေးရရင် ဈေးကြီးပေးရတဲ့ အကောင်းစား မိတ်ကပ်တွေ ကို အမျိုးသမီးနှစ်ယောက် ဝယ်သုံးပါတယ်။ တစ်ယောက်ကတော့ ရုပ်ရှင်မင်းသမီးပါ။ နောက်တစ်ယောက်ကတော့ ရုပ်ရှင်မင်းသမီးမဟုတ်တဲ့ သာမန် ဝန်ထမ်းပါ။ ရုပ်ရှင်မင်းသမီး ဝယ်သုံးတယ်ဆိုတာက သူ့အတွက် လိုအပ်လို့ပါ။ အလုပ်အတွက် သုံးတဲ့ ငွေပါ။ မင်းသမီးဆိုတော့ သူ့မျက်နှာလေးလှနေဖို့ လိုတယ်မဟုတ်လား။ သူ့ဝင်ငွေ ကောင်းမကောင်းက သူ့သရုပ်ဆောင်ကောင်းတာ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းတာအပြင် သူ့မျက်နှာလေးလှနေတာပေါ်လည်း မူတည်နေတာကိုး။ မင်းသမီးကို အားကျပြီး သာမန် ဝန်ထမ်းမလေးက အဲဒီ မိတ်ကပ် ဝယ်လူးနေရင်တော့ (ဝယ်လူးတဲ့ အတွက် လှချင်ရုံကလွဲပြီး မြင်သာတဲ့ အကျိုးအမြတ် ရေရေရာရာ မရှိရင်တော့) ဒါ အဖြုန်းဖြစ်သွားပါပြီ။ ဈေးသင့်ပြီး အရည်အသွေးကောင်းတာမျိုး ရွေးဝယ်သင့်ပါတယ်။ သနပ်ခါးရေကျဲလေး လိမ်းထားလည်း ရပါတယ်။
ဒီတော့ အသုံးနဲ့ အဖြုန်းကို ဘယ်လိုခွဲမလဲ။
*********************************
(၁) လိုအပ်တာလား၊ လိုချင်တာလား။
*********************************
ငွေမသုံးခင် မဝယ်ခင်မှာ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ပြန်မေးရမှာက တကယ် လိုအပ်လို့ သုံးတာလား၊ လိုချင်ရုံ သက်သက် သုံးတာလား ဆိုတာပါပဲ။ လိုချင်ရုံသက်သက် ဆိုရင် ဒါအဖြုန်း ပါပဲ။
အပေါ်က ဥပမာမှာ အကောင်းစား မိတ်ကပ်ကို မင်းသမီးက လိုအပ်ပါတယ်။ ဝန်ထမ်း အမျိုးသမီးအတွက်ကတော့ လိုချင်ရုံ သက်သက်ပါ။
ငွေမသုံးခင် မေးရမှာက ဒါဟာ သေရေးရှင်ရေး အတွက် အရေးကြီးလား၊ ဒါမှ မဟုတ် ဝင်ငွေရပေါက်ရလမ်း အတွက် လိုအပ်လား ဆိုတာပါပဲ။ သေရေးရှင်ရေးမဟုတ်ရင်၊ ကိုယ့် အတွက် အကျိုးအမြတ် အလားအလာ မရှိရင် အဖြုန်းပါ။ ငွေမထုတ်ပါနဲ့။
**********************************
(၂) ဈေးသက်သာလား၊ ဈေးကြီးလား။
**********************************
လိုအပ်တာတော့ ဟုတ်ပါပြီ။ ဒီလောက် ဈေးကြီးပေးစရာ လိုလို့လား။ အခြား ဈေးတော်တဲ့နေရာတွေ ရှိဦးမလား။ အခုဝယ်ဖို့လိုလို့လား။ လျှော့ဈေးချနေတဲ့ အချိန်ကျမှ ဝယ်ရင်ကောင်းမလား။ ဒါမှမဟုတ် ဈေးပိုသက်သာတဲ့ အလားတူ ပစ္စည်းကိုပဲ ဝယ်ရင်ကောင်းမလား။ ဈေးသက်သာပြီး အရည်အသွေးမကောင်းလို့ အဆင်မပြေ ဖြစ်မလား။ စတဲ့ အချက်တွေ စဉ်းစားရပါမယ်။ တွက်ချက်ရပါမယ်။ ကိုယ့်အတွက် လိုအပ်ချက်ကို ပြည့်မီမယ့် ဈေးအသက်သာဆုံး ရွေးချယ်မှုကို လုပ်ရပါမယ်။ အလကားရရင်တော့ အကောင်းဆုံးပေါ့။
ဥပမာ အလုပ်အတွက် အချိန်မရွေး ဆက်သွယ် စကားပြောနိုင်ဖို့ လက်ကိုင်ဖုန်း လိုတာတော့ ဟုတ်ပါပြီ။ ဈေးအကြီးဆုံး ဖုန်းတွေကို ဝယ်ဖို့ လိုအပ်လို့လား။
ဝမ်းရေး အတွက် ထမင်းစားတာတော့ ဟုတ်ပါပြီ။ ဈေးကြီးတဲ့ဆိုင်မှာ စားဖို့ လိုအပ်လို့လား။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို အိမ်မှာ ဈေးသက်သက်သာသာနဲ့ ချက်စားလို့ရပါတယ်။
**********************************
(၃) ပြင်သုံးမလား၊ အသစ်ဝယ် မလား။
**********************************
ဈေးသက်သက်သာသာနဲ့ ပြင်သုံးလို့ ရနေရဲ့သားနဲ့ အသစ်လိုချင်လို့ ဝယ်တာဟာလည်း အဖြုန်းပါပဲ။
ဥပမာ လက်ရှိသုံးနေတဲ့ ဖုန်းလေးပျက်သွားရင် ပြင်ကြည့်ပါဦး။ တကယ် လိုအပ်မှ အသစ်ဝယ်ပါ။ အဝတ်အစား၊ ဖိနပ်၊ အသုံးအဆောင် အားလုံး အကျုံးဝင်ပါတယ်။
************************************
(၄) ချွေတာရဲ့လား၊ အသုံးကြမ်းနေလား။
************************************
လိုအပ်လို့ သုံးတာတော့ ဟုတ်ပါပြီ။ ချွေတာသုံးနေလား။ စည်းမရှိ ကမ်းမရှိ သုံးနေလား။
ဥပမာ အခန်းထဲကထွက်ရင် မီတာခ ချွေတာဖို့ လေအေးပေးစက်နဲ့ မီးကို ပိတ်မသွားရင် ဖြုန်းတာပါ။ အိမ်မှာချက်စားတာတွေ ပိုလျှံပြီး အမြဲ သွန်ပစ်နေရရင် ဒါလည်း ဖြုန်းတာပါ။ ဝယ်ထားတာတွေ မသုံးဖြစ် မစားဖြစ်လို့ လွှင့်ပစ် နေရတာလည်း အဖြုန်းပါပဲ။
*******************************************
(၅) ကိုယ်တိုင် လုပ်မလား၊ သူများကို ခိုင်းမလား။
*******************************************
လိုအပ်တာတော့ ဟုတ်ပါပြီ။ သူများကို ပိုက်ဆံပေးခိုင်းမလား။ ကိုယ်တိုင် လုပ်မလား။ ကိုယ်က အခြား ပိုက်ဆံပိုရတဲ့ အလုပ်တွေ လုပ်နေလို့ သူများကို ခိုင်းတယ်ဆိုရင်တော့ အသုံးပါ။ ဒါမှမဟုတ် ပျင်းနေလို့ သူများကို ခိုင်းတာဆိုရင်တော့ အဖြုန်းပေါ့။
ဒါကတော့ ကျွန်တော် ကျင့်သုံးတဲ့ အသုံးနဲ့ အဖြုန်းခွဲနည်းပါ။
ဒါပေမဲ့ ဖြုန်းနိုင်သူတွေ ဖြုန်းလို့ရပါတယ်။ ဖြုန်းနိုင်သူတွေ ဖြုန်းတာကို အပြစ်မပြောလိုပါဘူး။ ဒါပေမဲ့ ဖြုန်းနိုင်တဲ့ အဆင့်ရောက်မှ ဖြုန်းပါ။
************************************
(၆) ဖြုန်းနိုင်တဲ့ အဆင့်ရောက်ရင် ဖြုန်းပါ။
************************************
ဒါဆိုဘယ်သူတွေ ဖြုန်းနိုင်လည်း ကြည့်ရအောင်။
ဝင်ငွေကောင်းတိုင်း ဖြုန်းနိုင်တာ ဖြုန်းသင့်တာ မဟုတ်ဘူးဆိုတာ ကျွန်တော် အကြိမ်ကြိမ် ရေးခဲ့ပြီးပါပြီ။
ချွေးနဲ့ ပညာနဲ့ ရင်းပြီး ရှာထားရတဲ့ ငွေတွေကို မဖြုန်းပါနဲ့။ ကိုယ့်ကိုယ်ကို ခိုင်းပြီး ရလာတဲ့ ငွေကို မဖြုန်းပါနဲ့။ အဲဒီငွေတွေကို စုပြီး ရင်းနှီးမြှုပ်နှံပါ။ ရင်းနှီးမြှုပ်နှံလို့ ရလာတဲ့ငွေ၊ တစ်နည်းအားဖြင့် ငွေကိုခိုင်းထားပြီး ငွေကရှာပေးတဲ့ ငွေကို ဖြုန်းချင်ဖြုန်းပါ။
ဘာမှ လုပ်စရာ မလိုပဲ ရင်းနှီးမြှုပ်နှံမှုတွေကနေရနေတဲ့ငွေ ဥပမာ ဆိုင်ခန်း၊ အိမ်ခန်း ငှားရာက ရတဲ့ငွေ၊ ဘဏ်တိုးရဲ့ တစ်ချို့တစ်ဝက်၊ ကုမ္ပဏီအစုရှယ်ယာကရတဲ့ အမြတ်ငွေ၊ ကိုယ်ဝင်ပါစရာ မလိုပဲ လည်ပတ်နေတဲ့ လုပ်ငန်းက ရတဲ့ အမြတ်ငွေ စတာတွေကနေ မပင်မပန်းရနေတဲ့ ငွေဆိုရင်တော့ ဖြုန်းချင်ဖြုန်းနိုင်ပါတယ်။
တကယ်လို့ ကိုယ့်မှာ အကြွေးမရှိရင်တော့ နည်းနည်းဖြုန်းချင်ဖြုန်းလို့ရပါတယ်။ စုမိတဲ့ ရာခိုင်နှုန်း ၃၀% ချန်ထားပြီးလို့ ပိုရင်တော့ အဖြုန်းကို ဝင်ငွေရဲ့ ၅% ကနေ ၁၀% ကြား လျာထားလို့ရပါတယ်။ စုမိငွေ မကျန်တော့အောင် ဖြုန်းတာမျိုးနဲ့ ချေးပြီး ဖြုန်းတာမျိုးကိုတော့ လုံးဝ (လုံးဝ) မလုပ်သင့်ပါ ခင်ဗျာ။
ဥပမာ ကိုယ့်ရဲ့ဝင်ငွေက တစ်လ ၁၀ သိန်းဖြစ်ပြီး အကြွေးလည်းမရှိဘူး ဆိုရင်တော့ တစ်လ ၅ သောင်းကနေ တစ်သိန်းကြားကို အပျော်သုံးငွေ (အဖြုန်း) အဖြစ် ထားနိုင်ပါတယ်။ ဒါပေမယ့် ၃၀% ဖြစ်တဲ့ ၃ သိန်းကို အရင်စုပြီးမှ ပိုတဲ့ငွေထဲက ဖြုန်းပါ။
ဒီလောက်ဆိုရင် အသုံးနဲ့ အဖြုန်းကို ဘယ်လိုခွဲရမယ်၊ ဖြုန်းချင်ရင်တောင် ဘယ်လိုအချိန် ဘယ်လိုအခြေအနေမှာမှ ဘယ်ကရတဲ့ငွေကို ဖြုန်းလို့ရတယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။
အသုံးနဲ့ အဖြုန်း Youtube
အစ အဆုံးဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment