အမေရိကန်နိုင်ငံမှာ ၁၉၃၀ ခုနှစ် ပတ်ဝန်းကျင်လောက်က ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဖြစ်တော့ ပြည်သူတွေ အရမ်း ကျပ်တည်းခဲ့ကြပါတယ်။ အဲဒီကျပ်တည်းခဲ့တဲ့ ကာလတွေမှာ ပြည်သူတွေ ကျင့်ကြံဖို့ဆိုပြီး အစိုးရက ချွေတာရေး ဆောင်ပုဒ်လေးနဲ့ ပညာပေးလုပ်ခဲ့ပါတယ်။
အဲဒီ ဆောင်ပုဒ်လေးဟာ အမေရိကန်နိုင်ငံသားတွေမှ မဟုတ်ပါဘူး။ ကျပ်တည်း ဆင်းရဲနေတဲ့ ဘယ်သူမဆို အသုံးတည့်ပါတယ်။ ကျွန်တော် ငွေသခင်ဖြစ်ဖို့အတွက်လည်း ဒီဆောင်ပုဒ်လေးက အထောက်အကူ ဖြစ်စေခဲ့လို့ မျှဝေလိုက်ပါတယ်။
လူတိုင်းဟာ ဘဝမှာ ငွေကြေးကြောင့် သောကရောက်ရတဲ့ အချိန်တွေ အကြိမ်ကြိမ် ရှိကြစမြဲပါ။ ချမ်းသာလှပါတယ်ဆိုတဲ့ သူဌေးတွေတောင် ငွေအတွက် တောင့်တ ကြောင့်ကြရတဲ့ အချိန်တွေ ရှိခဲ့၊ ရှိနေကြဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ငွေအတွက် ပူပင် သောကရောက်နေရပြီဆိုရင် အားမလျှော့လိုက်ပါနဲ့ဦး။ ဒါဟာ လူတိုင်း ကြုံတွေ့ရတဲ့ ဒုက္ခပါ။ အမှားကို သိ၊ သင်ခန်းစာယူ ပြီး ဆက်ကြိုးစားသွားမယ်ဆို ဒီ အပူအပင်တွေ အေးငြိမ်းသွားမှာပါ။ "ငါ ကံဆိုးလှပါလား" ဆိုပြီး လဲကျရာက ပြန်မထရင်တော့ လဲကျလို့ နာတဲ့ ဒဏ်ရာ အပြင် လူတက်နင်း ကားတက်ကြိတ်တဲ့ သေရာပါ ဒဏ်ရာတွေ ထပ်ရနေပါလိမ့်မယ်။ ဒါကြောင့် ပြန်ထကြပါ။ ကျွန်တော် (အရောင် မှိန်မှိန်) ပိုးစုန်းကြူးလေးက တတ်နိုင်သလောက် အမှောင်ထဲမှာ လမ်းပြသွားပါ ဦးမယ်။
ခုလည်း ဒီဆောင်ပုဒ်လေးဟာ ငွေအကျပ်အတည်းဖြစ် နေလို့ ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေသူတွေအတွက် ချွေတာဖို့ နည်းလမ်း အချို့ကို လမ်းညွှန်ပေးလိမ့်မယ် လို့ မျှော်လင့်ပါတယ်။
ဆောင်ပုဒ်လေးကတော့ "Use It Up, Wear It Out, Make It Do, Or Do Without" ပါတဲ့ ခင်ဗျာ။
အချက် လေးချက် ပါပါတယ်။
ကျွန်တော်က ဒီလို ကဗျာလေးနဲ့ ဘာသာ ပြန်ပေးထားပါတယ် ခင်ဗျာ။
ကုန်အောင်သုံးပါ၊ စုတ်ဟောင်းဖာလို့
ရှိတာနဲ့နေ၊ ရောင့်ရဲပေက
မသွေချမ်းသာ၊ နည်းလေးဖြာတည်း။
သေချာ ရှင်းပြပါ့မယ်။
**************
(၁) Use It Up
**************
တိုက်ရိုက် ဘာသာပြန်ရရင်တော့ "ကုန်အောင်သုံးပါ " ပေါ့။ ရှိသမျှ ငွေနဲ့ စည်းစိမ် ပစ္စည်းတွေကို ကုန်အောင် သုံးခိုင်းတာတော့ မဟုတ်ပါဘူး ခင်ဗျာ။ အိမ်မှာ စားသုံးနေတဲ့ စားစရာတွေ၊ သုံးနေတဲ့ ပစ္စည်းတွေကို မကုန်ခင် လွှင့်ပစ်တာမျိုး မလုပ်ကြဖို့ ပြောတာပါ။
ဥပမာ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည် စတာတွေကိုအကပ်အသက် ကျန်တာလေးတွေကို မသုံးတော့ပဲ လွှင့်ပစ်ပြီး အသစ်ဝယ်တာမျိုး ရှောင်ကြဉ် ရပါမယ်တဲ့။
ပစ္စည်းနဲ့ စားစရာ တွေကို မကုန်ခင် မဝယ်ပဲ လုံးဝ ကုန်မှ ထပ်ဝယ်သင့်ပါတယ်တဲ့။ စိတ်ပညာသဘောအရ အိမ်မှာ နောက်တစ်ခု အပိုမရှိတော့ဘူးဆိုရင် နောက်ဆုံးကျန်တာလေးကို တာရှည်ခံအောင် ချွေတာ သုံးတတ်ကြလို့ ပါတဲ့။
****************
(၂) Wear It Out
****************
ဟောင်းစုတ်တဲ့ အထိသုံးပါ တဲ့။ မဟောင်းသေးပဲနဲ့ လွှင့်ပစ်တာမျိုး ပေးပစ်တာမျိုး မလုပ်သင့်ပါဘူး။ အဝတ်အစား၊ ပရိဘောဂ၊ အသုံး အဆောင် ပစ္စည်း အားလုံး အကျုံးဝင်ပါတယ်။
ဟောင်းနေတဲ့ အင်္ကျီအဝတ် အစုတ်တွေကိုလည်း အခြားနေရာမှာ (ဥပမာ ကြမ်းတိုက် အဝတ်၊ လက်နှီး အဖြစ်) ပြန်သုံးသင့်ပါတယ် တဲ့။
***************
(၃) Make It Do
***************
ရှိတာလေးနဲ့ အဆင်ပြေအောင် နေပါ တဲ့။ ရှိတာလေးကိုပျက်နေရင်ပြင်သုံး၊ စုတ်နေရင် ဖာသုံးပါ။ ပစ္စည်းတွေ အပြင်မှာ ပေါပေါလောလော ဝယ်လို့ရနေတော့ ချုပ်ဖို့၊ ဖာဖို့၊ ပြင်ဖို့ထက် အသစ်ဝယ်ကြဖို့သာ စိတ်အားသန်ကြပါတယ်။ ဒီ အချက်ကိုလည်း သတိထားရပါမယ်။
"အချိန်မီချုပ် အစုတ်သက်သာ" ဆိုတဲ့ ဆောင်ပုဒ် ကိုလည်း သတိမူစေလိုပါတယ်။
တစ်ခုခုကို အသစ်မဝယ်ခင်မှာ အိမ်မှာရှိသလား စဉ်းစားပါ။ ပျောက်နေတာ ဆိုရင် ရှာကြည့်ပါဦး။ အသစ်ဝယ်မဲ့အစား အိမ်မှာ ရှိတာလေးတွေနဲ့ အဆင်ပြေ အောင် သုံးကြည့်ပါ။ မဖြစ်မနေ ဝယ်ရမယ်ဆိုရင်လည်း ဈေးတော်တဲ့ ပစ္စည်းဟောင်းဆိုင်တွေ မှာ ရှာကြည့်ပါဦး။
****************
(၄) Do Without
****************
မရှိတာတွေကို တောင့်တ မနေပဲ ရောင့်ရဲပါ တဲ့။ လိုချင်တာနဲ့ လိုအပ်တာ ကို ခွဲခြားသိပါ။ လိုချင်တာတွေ လျှော့ပါ။ မရှိပဲ နေတတ်အောင် ကြိုးစားပါ။ မဝယ်ခင် ကိုယ့်ကိုယ်ကို ပြန်မေးရမှာက ဒီပစ္စည်းမဝယ်ပဲနဲ့ကော နေလို့မရဘူးလား။ သေရေး ရှင်ရေးလား။ နေလို့ ရသေးတယ်ဆိုရင် မဝယ်ပါနဲ့။
မရှိတာတွေကို မတောင့်တရုံ မက တကယ် ကျပ်တည်းလာရင် ရှိတာကိုပါ စွန့်လွှတ်သင့်ရင် စွန့်လွှတ်ရပါမယ်။ ရောင်းသင့်ရင် ရောင်းရပါမယ်။ အရင်က ဝယ်ထားတဲ့ လိုအပ်လို့ မဟုတ်ပဲ လိုချင်လို့ ဝယ်ထားတာတွေ ပိုနေတာတွေကိုလည်း ပြန်ရောင်းလို့ရရင် ရောင်းပါ။ အရင်ကလုပ်ထားတဲ့ ကိစ္စတွေကို နောက်ကြောင်းပြန်လှည့်လို့ရရင် ပြန်လှည့်ပါ။ ဥပမာ အပျော်ခရီးထွက်ဖို့ စီစဉ်ထားတာကို ဖျက်လိုက်တာမျိုး၊ သားသမီးကို ငွေကုန်ကြေးကျ အရမ်းများတဲ့ ကျောင်းကနေ မိမိတတ်နိုင်ပြီး ဈေးသင့်တော်တဲ့ ကျောင်းကို ပြောင်းတာမျိုး၊ ဆီစားကြီးတဲ့ တန်ဖိုးကြီးကားကနေ ဆီစား သက်သာတဲ့ တန်ဖိုးသင့်ကား ပြောင်းတာမျိုး၊ အိမ်ငှားနေတယ်ဆိုရင် ဈေးကြီးပေးရတဲ့ နေရာကနေ ဈေးသက်တာတဲ့နေရာမှာ ပြန်ငှားနေတာမျိုး ပါ။ ဒါမျိုးလုပ်ဖို့ မရှက်ပါနဲ့ လို့ပြောပါရစေ။ ပိုကျပ်တည်းလာလို့ အတိုးပေါ်အတိုးဆင့်၊ အကြွေးတွေမပေးနိုင် မရှူနိုင်မကယ်နိုင် ဖြစ်လာတာကမှ ရှက်စရာပါ။
ဒီလောက်ဆိုရင် ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဖြစ်တော့ အမေရိကန် နိုင်ငံသားတွေ ဘယ်လိုနည်းတွေနဲ့ ချွေတာခဲ့တယ်ဆိုတာ သဘောပေါက် နားလည်ကြမယ်လို့ထင်ပါတယ်။
ငွေကျွန် မဖြစ်ချင်ရင် ချွေတာကြပါ၊ ငွေသခင်ဖြစ်မှ ဖြုန်းချင်ဖြုန်းကြပါလို့လည်း ထပ်ပြီး တိုက်တွန်းလိုက်ပါတယ်။
Youtube ကြည့်ဖို့
အစ အဆုံးဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment