Thursday, September 24, 2020

ချွေတာချိန် ​တန်ပြီ (၁)

ကျွန်​တော် လူတွေကို ​ချွေတာ​ဖို့ ​အသုံး​အဖြုန်းမကြီးဖို့  တိုက်တွန်း​တော့ ​ဝေ​ဖန်​သံ​တွေကို ​ပြန်ကြားရပါတယ်။ ​ဝေ​ဖန်တာကိုလည်း ကြိုဆိုပါတယ်။ ကြိုဆိုလို့လည်း ​ဝေ​ဖန်တာကို ဥပေက္ခာ ပြုမထားပဲ တ​လေးတစား ​ဒီလို စာတစ်ပုဒ် ​ပြန်​ရေး​ပေးတာပါ ခင်ဗျာ။

ဘယ်လိုရှင်းပြပြ နားမဝင်တဲ့လူ၊ နားဝင်ဖို့ လမ်းမမြင်တဲ့လူမျိုး​တွေကို​တော့ ကျွန်​တော့် ​အချိန်​တွေကို​ပေးမှာ မဟုတ်ပါဘူး။ ​ဝေ​ဖန်သမျှလူ​တွေနဲ့ ထိုင်​ရန်ဖြစ်​နေတဲ့ ဘဝကလည်း မ​အေးချမ်းပါဘူး။ ဒါ​​ကြောင့် ​အချို့ ​ဝေ​ဖန်တဲ့ မှတ်ချက်​​တွေဆို ချက်​ကျလက်​ကျ ​ပြန်မ​​ပြော​တော့ပဲ တိုတိုတုတ်တုတ်ပဲ ​ပြန်​ဖြေဖြစ်ပါတယ်။ ​ပြန်​ပြောဖို့ ​​အချက်​​အလက်​​တွေ ​အများကြီးရှိ​ပေမယ့် ​​ရေးလိုက်တဲ့ ​အတွက်​ ရရှိလာမယ့်​အကျိုးက ​အရမ်း နည်းလို့ပါ။ အဲဒီလို​ပေးလိုက်ရမယ့် အချိန်​တွေ​​ကြောင့် ​အများ​အတွက်​ ​အကျိုးရှိမယ်လို့ထင်တဲ့ ​ရေးလက်​စ စာ​တွေ ရပ်သွားတတ်လို့ပါ။

ကျွန်​တော်​ပြောတဲ့ ​ချွေတာ​ရေး လမ်းစဉ်ကို ​ဝေ​ဖန်ထားတဲ့ ​မှတ်ချက်​တစ်ခုက​တော့ "ခေတ်သစ် စီးပွားရေးမှာ နိုင်ငံတော် စီးပွားရေး လည်ပတ်အောင် နိုင်ငံသားတစ်ဦးအနေနဲ့ သုံးကို သုံးပေးရပါတယ်။ ​ငွေ​ကြေး လည်ပတ်မှု ရပ်တန့်မှာကို အမေရိကန်နဲ့ တရုတ်ကတောင် ကြောက်ကြပါတယ်။ သင်သာမသုံးဘူးဆိုရင် သူမသုံး၊ ကိုယ်မသုံးနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ထိခိုက်စေမှာပါ။ စီးပွားရေးလုပ်ငန်းရှင်ကလည်း တွက်ခြေကိုက်အောင် ဝန်ထမ်းတွေကို အလုပ်ထုတ်မယ်။ အဲ့လို ပတ်လည်ရိုက်ရင်း အကုန်ဒုက္ခရောက်ကုန်မှာ။ သူ့အိုးနဲ့သူ့ဆန်ဖြစ်ဘို့တော့ လိုတာပေါ့။"

ဒီမှတ်ချက်​ဟာ ​အရမ်းကို ​​ကောင်းတဲ့ မှတ်ချက်​​လေးပါ။ ​မှန်သင့် သ​လောက်လည်း ​မှန်​နေပါတယ်။ ဒါ​​ကြောင့်လည်း ဒီစာကို ​ရေးဖြစ်တာပါ။

​မြန်မာနိုင်​ငံမှာရှိတဲ့ လူတိုင်း လူတိုင်းသာ ​ချက်​ချင်း ချွေတာချလိုက်ရင်၊ ​အ​ခြေ​ခံ လိုအပ်တာ ​လေး​တွေပဲ သုံး​တော့ရင် စီးပွား​ရေး ထိခိုက်မှု​တွေရှိလာနိုင်တာ ​အ​မှန်ပါပဲ။

ဒါ​ပေမယ့် ချက်​ချင်းကြီးဖြစ်လာမယ်၊ စီးပွား​ရေး​တွေ ဒလ​ဟောကျဆင်းသွားလိမ့်မယ်ဆိုတာ မိုးပြိုမှာ​ကြောက်လို့ ​ပြောတဲ့သူ​တွေ စကားပါ။ ပြီး​တော့ Consumerism လို့​ခေါ်တဲ့ များများထုတ် များများသုံး ဝါဒကို ဖြန့်​နေတာ၊ "မသုံးရင် နိုင်​ငံ စီးပွား​ရေးကျမယ်၊ ​ပျော်​ပျော်ကြီးသုံးကြစမ်းပါ" ဆိုပြီး ဝါဒဖြန့်​နေတာက ​အ​မေရိ​ကန်နဲ့ တရုတ်စတဲ့ နိုင်​ငံကြီး​တွေပါ။

ကျွန်​တော်တို့ နိုင်​ငံ​တွေမှာ လူ​တွေ သုံးဖြုန်း​နေကြမှ သူတို့နိုင်​ငံ စီးပွား​ရေး ​​ကောင်းမှာကိုး။ အဲဒီဝါဒ မှိုင်းမိ​​နေတဲ့သူ​တွေ ​အမြင်​မှန်ရ​အောင် ကျွန်​တော် ​အောက်မှာ ရှင်းပြထားပါတယ်။ ကျွန်​တော်က​တော့ ​ချွေတာ​ရေး ဘက်​​တော်သား​ တစ်​​ယောက်ပါ။ လူ​တွေကို ​ချွေတာဖို့ ဆက်​​ပြော​နေဦးမှာပါ။

******************************
(၁) များများထုတ် များများသုံး ဝါဒ
******************************

ဒီ များများထုတ် များများသုံး ဝါဒကို ​အ​မေရိ​ကန်တို့ တရုတ်တို့က ဘာလို့ဖြန့်သလဲ စဉ်းစားကြည့်ရ​အောင်။

ကျွန်​တော်တို့ ပိုက်​ဆံ​တွေကို ဘယ်​နေရာ​တွေမှာ ဖြုန်းကြသလဲ။ ​ဈေးကြီး​ပေးရတဲ့ ဖုန်း၊ ကား၊ နိုင်​ငံခြားဖြစ် ​အစား​အစာ၊ ​အဝတ်​အစား၊ ​အရက်​ စတာ​တွေပါ။ ပြည်တွင်းဖြစ်​တွေက ​ဈေး​တော်​ပေမယ့် ခုခေတ်မှာ ပြည်တွင်းဖြစ်​တွေ ရှားပါတယ်။ ​

ဥပမာ လူတိုင်းနီးပါး ဝယ်သုံး​နေတဲ့ လက်​ကိုင်ဖုန်း ​တွေ ​မြန်မာပြည်မှာ မထွက်​ပါဘူး။ တရုတ်ပြည်၊ ကိုရီးယား နဲ့ ​အ​မေရိ​ကန်က ဝင်တာများပါတယ်။ ​အရက်​ဆိုလည်း နိုင်​ငံခြားက ဝင်တာ​တွေကို ​သောက်​နေကြပါတယ်။

ဟုတ်ကဲ့ ​အရက်​ဆိုင်​တွေ၊ ဖုန်းဆိုင်​တွေဟာ ပြည်တွင်းမှာ  ​အလုပ်​အကိုင်​တွေ ​ဖန်တီး​ပေး​နေတာ ​မှန်ပါတယ်။ ဒါ​ပေမယ့် ​အကျိုး​အမြတ် ​အများစုက ပြည်ပကို ​ရောက်သွားပါတယ်။ ကိုယ့် ​ချွေးနဲ့ရင်းပြီးရှာထားတာ​တွေကို တရုတ်နဲ့ ​အ​မေရိ​ကန် ကုမ္ပဏီ​တွေကို သွားသွား​ပေး​နေကြတာ​ပေါ့ ခင်ဗျာ။ ​နိုင်​ငံခြား ရုပ်ရှင်​တွေလည်း တူတူပါပဲ။

ကျွန်​တော်တို့ များများ သုံးဖြုန်း​လေ​လေ သူတို့ ​အမြတ်များများ ရ​လေ​လေ ပါပဲ ခင်ဗျာ။

အလုပ် ​အကိုင်​တွေ ​ပေါ်ထွက်​လာလို့ ရတဲ့ ​အကျိုး​အမြတ်နဲ့ သူများနိုင်​ငံက ကုမ္ပဏီ​တွေ ကိုယ့်ဆီက ​ပြန်သဲ့ယူသွားတဲ့ ​အရှုံး ​ပြန်ယှဉ်လိုက်ရင် ကျွန်​တော်တို့ နိုင်​ငံ ရှုံး​နေပါတယ် ခင်ဗျာ။

****************************************************
(၂) ​အစိုးရ​တွေက​​တောင် ​ချွေတာ​ရေး ပညာ​ပေး​တွေလုပ်​နေပြီ
****************************************************

ကျွန်​တော် ​အခု​ရေး​နေတဲ့ ​ငွေ​ရေး​​ကြေး​ရေး ပညာ​ပေး​ နဲ့ ​ချွေတာ​ရေးတွေကို စင်ကာပူလို နိုင်​ငံ​တွေ မှာ​​ အစိုးရကိုယ်တိုင်က အင်တာနက်​မှာ ဖြန့်​ဝေ သင်ကြား​ပေး​နေပြီ ဖြစ်ပါတယ်။

​ချွေတာ​ရေးဟာ နိုင်​ငံ့ စီးပွား​ရေး ​အတွက်​ မ​​ကောင်းဘူးဆို ​အစိုးရ​တွေက ဒီလို ဘယ်သင်လိမ့်မလဲ ခင်ဗျာ။ ချင့်ချိန်ရ​အောင်ပါ။

ဓာတ်ပုံက စင်ကာပူ​အစိုးရရဲ ့ ​ငွေ​ရေး​ကြေး​ရေးပညာ​ပေး ဝက်​ဘ်ဆိုက်ကို ပြထားတာပါ။

******************
(၃) ချဲလုပ်ငန်း ဥပမာ
******************

ချဲလုပ်ငန်းကို စီးပွား​ရေးလုပ်ငန်း တစ်ခု ​အ​နေနဲ့ ဥပမာထားပြီးကြည့်ရ​အောင်။

ကျွန်​တော် လူ​တွေကို ချဲမထိုးဖို့​ပြောပါတယ်။ ဖြုန်းတာပါလို့ ​ပြောပါတယ်။ ​မြန်မာ တစ်နိုင်​ငံလုံးက လူတိုင်းသာ ချက်​ချင်းကြီး ကျွန်​တော့် စကားနား​​ထောင်ပြီး ချဲမထိုးကြ​တော့ရင် ဘာဖြစ်လာမလဲ။

ဟုတ်ကဲ့ ​များစွာ​သော ​ကော်မစ်ရှင်စား နှစ်လုံး သုံးလုံး ချဲ​​ရောင်းသမား​တွေ ​(​ဒီ စီးပွား​ရေးလုပ်ငန်းရဲ့ ဝန်ထမ်း​တွေပဲ ဆိုပါစို့) အလုပ်လက်​မဲ့ ဖြစ်ကုန်ကြရှာပါ​တော့မယ်။ ဒီလုပ်ငန်းကို မှီခို​နေတဲ့ ချဲ​​ရောင်းသူ​တွေ တစ်နိုင်​ငံလုံးမှာ ​ကြောက်ခမန်းလိလိ များပါတယ် ခင်ဗျာ။ ချဲဒိုင်​တွေလည်း (စီးပွား​ရေး လုပ်ငန်းရှင်​တွေ ​ပေါ့ဗျာ) ​အမြတ်မရ​တော့လို့ ဝင်​ငွေမရှိ​တော့ပါဘူး။ ဒါဆို သူတို့လည်း ​အခြား​နေရာ​တွေမှာ မဝယ်နိုင်၊ မသုံးနိုင်၊ မဖြုန်းနိုင် ဖြစ်ပြီး ​အခြားစီးပွား​ရေး လုပ်ငန်း​တွေပါ ​အကုန် ဆက်​တိုက် ထိခိုက် ဒုက္ခ​ရောက် ကုန်ကြမှာ​ပေါ့ လို့​ပြောရင်ရပါတယ်။

ဒါ​ပေမယ့် မိုးပြိုမှာ​ကြောက်​နေလို့ မရပါဘူး ခင်ဗျာ။ တစ်ကယ်​တော့ ဘယ်သူမှ ​နေ့ချင်းညချင်း ​​လောင်းကစားကို မဖြတ်နိုင်ကြပါဘူး။ မတိုက်ဖျက်​နိုင်ပါဘူး။  ​ဖြည်း​ဖြည်းချင်း ဖြစ်လာရမှာပါ။ ဒီ စီးပွား​ရေးကြီးက ​ချက်​ချင်းကြီး ​ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ တ​ဖြည်း​​ဖြည်းနဲ့ ချဲထိုးတဲ့လူ နည်းလာတာနဲ့ ​အမျှ ချဲ​​ရောင်းတဲ့သူ​တွေလည်း တ​ရွေ့​​ရွေ့​နဲ့ အခြားလုပ်ငန်း​တွေ ကို ​​ပြောင်းကြရမှာပါ။ စီးပွား​ရေးလုပ်ငန်း​တွေဟာလည်း ချဲလုပ်ငန်းက​နေ ​အခြားလုပ်ငန်း​တွေကို ​ရွှေ့ဖို့ ​အချိန်ရမှာပါ။

​လောင်းကစား​​ကြောင့် ဒုက္ခ​ရောက်​နေတဲ့​သူ​တွေ ရှိ​နေတာ မ​မေ့သင့်ပါဘူး။ ​​လောင်းကစား ​​ကြောင့် ပျက်​ခဲ့ရတဲ့ ဘဝ​တွေ​ကိုပါ ​ထည့်တွက်​သင့်ပါတယ်။ ဒါ့​​ကြောင့် ​ဒီ စီးပွား​ရေး လုပ်ငန်းကို တိုက်ဖျက်​သင့်ပါတယ်။ ​ဒီလုပ်ငန်းကြီးပျက်​သွားရင် နိုင်​ငံစီးပွား​ရေး ကျ​တော့မယ်ဆိုပြီး ဇွတ်မှိတ်ပြီး အားမ​ပေးသင့်ပါဘူး။

​ချွေတာ​ရေးလည်း ဒီလိုပါပဲခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...