Saturday, September 26, 2020

မာ့ခ်တွိန်း​ရဲ့ ​အရှုံး

​"ငွေမရှိခြင်းဟာ မ​​ကောင်းမှု​တွေ​အားလုံး​ရဲ့ ဇစ်မြစ်ပါပဲ" လို့​ပြော​ခဲ့​တဲ့ စကား​နဲ့ပတ်သက်ပြီး  ​ဝေ​ဖန်​သံ​တွေ​နဲ့ ပွက်​လောရိုက်​စေနိုင်​ခဲ့သူက​​တော့ ​အ​မေရိ​ကန် စာရေးဆရာကြီး မာ့ခ်တွိန်း​ပါပဲ ခင်ဗျာ။ ၁၉ ရာစုခေတ်​ရဲ့ ​အထင်ရှား​အ​​ကျော်ကြားဆုံး ​ကမ္ဘာ​​ကျော် စာရေးဆရာ​တွေထဲက တစ်ယောက်ပါ။

​စာရေးဆရာကြီး မာ့ခ်တွိန်း​​ရဲ့ ဘဝတစ်စိတ်တစ်ပိုင်း​ ​အ​​ကြောင်း​ပြောပါရ​စေ။

သူရေး​ခဲ့​တဲ့ နာမည်ကြီးစာအုပ်​တွေဟာ ​​ရောင်း​အား​​ကောင်းလွန်းတာ​​ကြောင့် ဝင်​ငွေ​​​တော်​​တော်​​ကောင်း​ခဲ့ပါတယ်။ စူပါစတား စာရေးဆရာပါ။ သူယူ​တဲ့ မိန်းမကလည်း ကျောက်မီးသွေးလုပ်ငန်း သူဌေး​ရဲ့ သမီးဆို​​တော့ ဘာ​ပြော​​ကောင်းမလဲ။ ​နေ​နဲ့လ ရွှေ​နဲ့မြ​​ပေါ့။

ဒီလိုမျိုး ဝင်​ငွေ​​ကောင်းပြီး ဥစ္စာဓနကြွယ်ဝ​တဲ့သူ​တွေဟာ ​အရှုံး​အမြတ်နည်းပြီး ပျင်းစရာ​​ကောင်း​တဲ့ ရင်းနှီးမြှုပ်​နှံမှု​တွေကို ရွေးပြီး ​ငွေကို ရင်းနှီးမြှုပ်​နှံထားသင့်တာပါ။ ဥပမာ အိမ်​ခြံ​မြေဝယ်ပြီး ငှါးစားတာမျိုး၊ ​အကျိုး​အမြတ် ​​စိတ်ချရ​တဲ့၊ အ​ခြေတကျရှိ​တဲ့ လုပ်ငန်းလည်ပတ်​နေပြီးသား ​ကုမ္ပဏီကြီး​တွေ​ရဲ့ စ​​တော့ရှယ်ယာလက်မှတ်​တွေ ဝယ်ထားတာမျိုး​တွေပါ။

ဒါ​ပေ​မဲ့ မာ့ခ်တွိန်းခမျာ ကိုယ်ပိုင် စီးပွားရေးကို အရမ်း လုပ်ချင်​ခဲ့တာ။ ​စီးပွား​ရေး​တွေလုပ်၊ လုပ်ငန်းရှင်ဖြစ်ပြီး ​အမြတ်​တွေ ပိုးစိုးပက်​စက်ရချင်​ခဲ့တာ။ အဲဒီနည်း​နဲ့ လူ​အထင်ကြီးတာကို ​ခံချင်တာ။ အဲဒီခေတ်ကလည်း "စီးပွားရေးသမား ဘဝကပဲ ​​ကောင်းတယ်၊ ​ဝန်ထမ်းလုပ်တာ​တွေ စာရေးဆရာလုပ်တာ​တွေက ​အောက်တယ်" လို့ ​ပြော​ခဲ့​တဲ့ သူ​တွေ ရှိပုံရပါတယ်။

လခစားလား စီးပွားလား https://www.facebook.com/fireflypsk/posts/140404770631140

ဒီ​​တော့ သူက သမားရိုးကျ ပျင်းစရာ ရင်းနှီးမြှုပ်​နှံမှု​တွေကို စိတ်မဝင်စားပါဘူး။ စိတ်လှုပ်ရှားရတာ ကြိုက်တယ်။ ဈေးကစား ဝယ်​​ရောင်းလုပ်ရတာ ကြိုက်တယ်။ ​အမြတ်များ ​အရှုံးများနိုင်​တဲ့ စီးပွားရေးလုပ်ငန်း​တွေကို စိတ်ဝင်စားတယ်။ စာရေး​တဲ့​နေရာမှာ ​အရမ်း​​တော်​ပေ​မဲ့ စီးပွားရေးလုပ်ငန်းလုပ်​တဲ့​နေရာမှာ​​တော့ ​​​​ရှော်​နေ​ခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းလုပ်ရင် စာရင်းအင်းနိုင်ရမယ်။ ကိုယ်လုပ်​မယ့် လုပ်ငန်းကို အသေးစိတ်နားလည်ရမယ်။ ကိုယ်​ငွေ​ထည့်​မယ့် ကုမ္ပဏီ​ရဲ့ ​ငွေကြေး​နဲ့ နည်းပညာဆိုင်ရာ ​အချက်​အလက်​တွေကို ​သေချာ​အသေးစိတ် သိရပါမယ်။ မာ့ခ်တွိန်းက​​တော့ ဒီလို ​အသေးစိတ်​တွေ ​​လေ့လာဖို့ စိတ်မဝင်စားပါဘူး​တဲ့။ ယုံလွယ်တယ်။ သူ့စိတ်ထဲမှာ အောင်မြင်မယ်လို့ထင်​တဲ့ လုပ်ငန်းဆို ​အားတက်သ​ရော ​ငွေ​တွေ ပုံ​ထည့်လိုက်တာပဲ။

ဒီလို​နဲ့ ​​ငွေ​တွေ ဆုံးရှုံး​​​ခဲ့တာ ​အခါခါ။

ပုံနှိပ်စက် တီထွင်​တဲ့ ကုမ္ပဏီတစ်ခုက လက်​​တွေ့ စမ်းသပ်ပြသ​တဲ့ ပုံနှိပ်စက် ​အသစ်တီထွင်မှုကို သ​ဘောကျလွန်းလို့ ​ငွေ​တွေပုံ​အောပြီး ​ထည့်လိုက်တယ်။ အဲဒီ ပုံနှိပ်စက်က ​ခဏခဏ ပျက်တတ်လို့ ဈေးကွက် ​စံချိန်မီအောင် အချိန်မီ မထုတ်လုပ်နိုင်​ခဲ့ပဲ ပြိုင်ဘက်​တွေထက် နောက်ကျသွားလို့ ရင်းထားသမျှ​ငွေ​တွေ ပလုံသွားတယ်။

နောက်တစ်​ဖန် စာပုံနှိပ်တိုက်တစ်ခု​​ထောင်တယ်။ ​အချီကြီး ရှုံး​ပြန်တယ်။ ​အခြား ဈေးကစား ဝယ်​​ရောင်းလုပ်ငန်း​တွေ​​ကြောင့် ဆုံးရှုံး​ခဲ့ရ​တဲ့ ​ငွေ​တွေကလည်း ​အများကြီးပါ။

ဒီလို​နဲ့ရှိသမျှ စည်းစိမ်တွေ ကုန်သလောက်ရှိပြီး သူပါ ​ဒေဝါလီ​ခံသွားရပါတယ်။

ဒီလို​နဲ့ စာ​တွေ​ပြန်ရေး၊ ​ကမ္ဘာတစ်လွှား ဟော​ပြောပွဲ​တွေ​​လုပ်ရင်း ​အကြွေး​တွေကျေပြီး ​​ချောင်လည်လာ​ပြန်ပါတယ်။ အဲဒီမှာလည်း ပရိုတင်းမုန့်ထုတ်​တဲ့ ကုမ္ပဏီတစ်ခုမှာ ငွေ​တွေ သွား​ထည့်မိလို့ ဆုံးရှုံးမှု​တွေများ​ခဲ့​ပြန်ပါသေးတယ်။

​သူဟာ စာရေး​တဲ့ ​နေရာမှာ ပါရမီရှင်ပါ။ စာရေးလို့ရ​တဲ့​ငွေ​တွေ​ရယ်၊ သူ့မိန်းမဘက်ကရ​တဲ့ ​အ​မွေ​တွေရယ်​နဲ့ တစ်သက်လုံး မ​​တောင့်မတ ချမ်းချမ်းသာသာ​နေနိုင်ပါလျက် ​လောဘမသတ်နိုင်ပဲ ကိုယ်​မကျွမ်းကျင်​တဲ့ လုပ်ငန်း​တွေမှာ ​ငွေ​ထည့်၊ စီးပွားရေး​တွေ လျှောက်လုပ်ရင်း ​ငွေ​တွေ ဆုံးရှုံး​ခဲ့ရပါတယ်။

​ဒီ​​တော့ စီးပွားရေးလုပ်တိုင်း ချမ်းသာတာ မဟုတ်ဘူး၊ မလုပ်တတ်လုပ်တတ်​နဲ့ လောင်းကစား ​ဆန်​ဆန်​တွေ လျှောက်လုပ်ရင် ရှိတာလေးပါ ​​ပြောင်တတ်​​ကြောင်းကို စာ​ရေးဆရာကြီး မာ့ခ်တွိန်း​က သူ့ဘဝ​နဲ့ရင်းပြီး သင်ခန်းစာပေး​ခဲ့​​ကြောင်းပါ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment