အသေးစားလုပ်ငန်းလေးတွေဖြစ်တဲ့ အိမ်ဆိုင်၊ စတိုးဆိုင်လုပ်ငန်းလေးတွေအတွက် ဝင်ငွေထွက်ငွေစာရင်းလုပ်ရတာ မလွယ်လှပါဘူး။
လုပ်တတ်ကိုင်တတ်တဲ့သူတွေအတွက် အမြတ်ကျန်တတ်ပေမဲ့ ဘယ်လောက်အမြတ်ကျန်တယ်ဆိုတာ အတိအကျသိဖို့ ခက်ခဲပါတယ်။ စာရင်းအင်း မရှိတဲ့အခါ တစ်လကို ဘယ်လောက်မြတ်တယ်၊ ဘယ်လောက်ရှုံးတယ်ဆိုတာကို မသိတာတွေ ဖြစ်လာပါတယ်။
တစ်လတစ်လ ရောင်းတော့ရောင်းနေရတာပဲ။ အမြတ်လည်း တင်ထားတာပဲ။ ဒါပေမဲ့ ပစ္စည်းကုန်လို့ ထပ်ဝယ်ဖို့ ငွေမလုံလောက်လို့ အရင်းပြုတ်ကုန်တဲ့သူတွေလည်း မနည်းပါဘူး။ ဘယ်နေရာမှာ ဘယ်လို ရှုံးနေမှန်းမသိဘူးပေါ့။
အခြားနိုင်ငံတွေမှာ ကွန်ပျူတာတွေ ဆော့ဝဲတွေသုံးပြီး တွက်ချက်ကြတော့ အရှုံးအမြတ်တွက်ရတာ လွယ်ကူပါတယ်။ မြန်မာနိုင်ငံမှာဒီလို စနစ်တွေကို စသုံးလာကြပြီဖြစ်ပေမဲ့ အများစုကတော့ ဒီစနစ်တွေကို မသုံးတတ်ကြသေးပါဘူး။
ဒီလိုလုပ်ငန်းလေးတွေအတွက် ဝင်ငွေ၊ ထွက်ငွေ၊ အရှုံးအမြတ် စာရင်းအင်းကို လွယ်လွယ်ကူကူနဲ့ လုပ်လို့ ရအောင် နည်းလမ်းလေးကို အကြံပြုလိုက်ပါတယ်။
————————————
အဆင့် (၁) အမြတ်တင်နည်း
————————————
ရောင်းရတဲ့ ပစ္စည်း တစ်ခုချင်းစီတိုင်းကို လက်နဲ့လိုက်မှတ်ပြီး အမြတ်ဘယ်လောက်ကျန်လဲဆိုတာ တွက်ဖို့ မလွယ်လှပါဘူး။ ဒီတော့ အမြတ်တင်တဲ့အခါ ဖြစ်နိုင်ရင် ပစ္စည်းတိုင်းကို ရာခိုင်နှုန်း တစ်သမတ်တည်း ထားပြီး အမြတ်တင်သင့်ပါတယ်။
ဥပမာ ပစ္စည်းအားလုံးကို ၂၀% အမြတ်တင်မယ်ဆိုပါစို့။ သွားတိုက်ဆေးတစ်ဗူးကို တစ်ထောင်နဲ့ ဝယ်ရရင် ရောင်းဈေးကို ၁၂၀၀ သတ်မှတ်ထားပါ။ ခေါင်းလျှော်ရည်တစ်ဗူး ၅၀၀ နဲ့ ဝယ်ထားရရင် ၆၀၀ နဲ့ ပြန်ရောင်းပါ။ အရင်းဈေးက ၃၁၀၀ ဆိုရင် ၂၀% အမြတ်တင်တော့ ၃၇၂၀ ကျပ်ပေါ့။ ဒါမျိုးဆို ၃၇၀၀ နဲ့ဖြစ်ဖြစ်၊ ၃၇၅၀ နဲ့ဖြစ်ဖြစ်၊ ၃၈၀၀ နဲ့ဖြစ်ဖြစ် အဆင်ပြေသလို ရောင်းနိုင်ပါတယ်။
ပစ္စည်းတစ်ခုချင်းစီရဲ့ မူရင်းဝယ်ဈေးကိုတော့ သိနေဖို့ လိုအပ်ပါတယ်။ မသိရင် ဝယ်ဈေးထက် လျှော့ရောင်းမိတာမျိုးတွေဖြစ်ပြီး အရှုံးပေါ်တတ်ပါတယ်။
————————————————
အဆင့် (၂) နေ့စဥ် အမြတ်တွက်နည်း
————————————————
အမြတ်ကို ဒီလို ပုံသေရာခိုင်နှုန်း ထားလိုက်တဲ့အခါ တစ်ရက်စာ ရောင်းလို့ ဝင်လာတဲ့ ငွေပမာဏကို ရေကြည့်ပြီး အမြတ်ကို အကြမ်းဖျင်းတွက်လို့ရသွားပါတယ်။
ဥပမာ အမြတ်က ၂၀% တင်ထားတာဆိုရင် ရောင်းရငွေကို ၁၂ ပုံပုံပြီး ၂ ပုံက အမြတ်၊ ၁၀ ပုံက အရင်းပေါ့။ ဒီနေ့ တစ်သိန်း နှစ်သောင်းဖိုးရောင်းရတယ်ဆိုရင် တစ်သိန်းက ပစ္စည်းဖိုးအရင်း၊ နှစ်သောင်းက အမြတ်လို့ အကြမ်းဖျင်းတွက်လို့ရသွားပါတယ်။
အရင်းကို သပ်သပ်ဖယ်ထားဖို့ လိုပါမယ်။ ပစ္စည်းတွေ ထပ်ဝယ်ရင် သုံးရမယ်။
ဒီစာရင်းကို တစ်ရက်တစ်ခါ လုပ်သင့်ပါတယ်။
———————————————
အဆင့် (၃) ကုန်ကျစရိတ် တွက်နည်း
———————————————
အဆင့် ၂ မှာ တွက်လို့ရတဲ့ နေ့စဥ် အမြတ်ဟာ အသားတင်အမြတ် မဟုတ်သေးပါဘူး။ ပစ္စည်းဖိုး အရင်းကိုပဲ နုတ်ထားရသေးတာ။ အထွေထွေ ကုန်ကျစရိတ်တွေကို မနုတ်ရသေးပါဘူး။
ဆိုင်ခန်းငှါးခ၊ အလုပ်သမားခ၊ မီတာခ၊ အခွန်အခ စတဲ့ လုပ်ငန်းနဲ့ဆိုင်တဲ့ ကုန်ကျစရိတ်တွေကိုလည်း ငွေထွက်တာနဲ့ စာရင်းမှတ်ထားရမှာပါ။
ပစ္စည်းတွေ သက်တမ်းကုန်သွားလို့၊ ပျောက်ပျက်ကုန်လို့ ဆုံးရှုံးသွားတာတွေကိုလည်း ကုန်ကျစရိတ် ထဲ ထည့်မှတ်ရမှာပါ။
နေစဥ်ကုန်တဲ့ ကုန်ကျစရိတ်တွေ ရှိသလို၊ တစ်လတစ်ခါ၊ တစ်နှစ်မှ တစ်ခါနှစ်ခါလောက် ကုန်တဲ့ ကုန်ကျစရိတ်တွေ ရှိပါတယ်။ ခန့်မှန်းလို့မရတဲ့ ကုန်ကျစရိတ်တွေလည်း ရှိနေပြန်ပါတယ်။
——————————————————
အဆင့် (၄) အသားတင်အမြတ် တွက်နည်း
——————————————————
အသားတင်အမြတ်ကို တွက်ချင်ရင်တော့ အဆင့် ၂ က အမြတ်ထဲကနေ အဆင့် ၃ က ကုန်ကျ စရိတ်တွေကို နုတ်ရမှာပါ။
အသားတင်အမြတ်တွက်တာကိုတော့ တစ်လတစ်ကြိမ် လုပ်သင့်ပါတယ်။ အမြတ် ၂၀% တင်ထားတာဆို တစ်လစာ ရောင်းရငွေ ရဲ့ ၁၂ ပုံ ၂ ပုံဟာ အမြတ်ငွေပေါ့။ အဲဒီအမြတ်ငွေထဲကနေ တစ်လစာ ကုန်ကျစရိတ် စုစုပေါင်းကို နုတ်ရင် တစ်လစာ အသားတင် အမြတ်ကို တွက်လို့ရပါပြီ။ တစ်လစာ ကုန်ကျစရိတ်ထဲမှာ တစ်နှစ်မှ တစ်ခါ၊ တစ်နှစ်မှ နှစ်ခါကုန်တတ်တဲ့ ကုန်ကျစရိတ်တွေကို အချိုးကျထည့်တွက်ထားရင်တော့ ပိုပြီးတိကျတဲ့ လစဥ် အသားတင်အမြတ်ကို တွက်လို့ရမှာပါ။
နှစ်ချုပ်စာရင်းလုပ်တဲ့အခါမှာလည်း ဒီနည်းအတိုင်းပဲ သွားပါတယ်။ တစ်နှစ်မှာ အသားတင် ဘယ်လောက်မြတ်တယ်ဆိုတာ တွက်လို့ရပါပြီ။
လချုပ်၊ နှစ်ချုပ်စာရင်းတွေလို သေချာ လေ့လာကြည့်ပြီး ရောင်းအား တက်လာသလား၊ ကျသွားသလား၊ ငွေကုန်ပေါက်တွေ များနေသလား၊ အသုံးစရိတ်တွေကို ဘယ်လိုလျှော့ရမလဲ၊ အမြတ်ရာခိုင်နှုန်း ထပ်တင်သင့်မတင်သင့် စသဖြင့် စဥ်းစားဆုံးဖြတ်လို့ ရပါတယ်။
———————————
ထင်သလောက်မလွယ်ပါ
———————————
ကျွန်တော်ပြောပြတဲ့နည်းကို လိုက်လုပ်ဖို့ ထင်သလောက်မလွယ်ပါဘူး။ ဝင်ငွေထွက်ငွေကို စည်းစနစ်ကျကျ သေချာ လိုက်မှတ်နိုင်မှ ရမှာပါ။
ပြီးတော့ နေ့စဥ်၊ လစဥ်၊ နှစ်စဥ် စာရင်းတွေကို မပျင်းမရိ စည်းကမ်းရှိရှိ ပြန်ချုပ်ရမှာပါ။
ပစ္စည်းတိုင်းကို ရာခိုင်နှုန်း တစ်သမတ်တည်း အမြတ်တင်ဖို့ဆိုတာလည်း သိပ်မဖြစ်နိုင်ပါဘူး။ ပြိုင်ဘက်တွေရဲ့ ရောင်းဈေးပေါ်မူတည်ပြီး အတိုးအလျှော့လုပ်ပေးရတာတွေ ရှိတတ်ပါတယ်။ ခင်မင်တဲ့သူတွေကို ဈေးလျှော့ပေးရတာတွေ ရှိပြန်ရော။ ပစ္စည်းတွေရဲ့ ကုန်ဈေးနှုန်း အတက်အကျတွေကြောင့် ပိုရှုပ်လာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အတတ်နိုင်ဆုံးတော့ အမြတ် ရာခိုင်နှုန်းကို အကြမ်းဖျင်း တွက်လို့ရအောင် စီစဥ်ထားပါ။ လိုအပ်လို့ ရာခိုင်နှုန်းတူတူ အမြတ်တင်လို့မရတဲ့ ပစ္စည်းတွေကို စာရင်းခွဲပြီး မှတ်တာမျိုးလည်း လုပ်လို့ ရပါတယ်။
ငွေတိုတတ်တဲ့၊ ပစ္စည်းတွေ ယူယူသုံးတဲ့ အိမ်ကလူတွေ၊ ဝန်ထမ်းတွေရှိရင်လည်း စာရင်း မကိုက်တော့ပြန်ပါဘူး။ အထူးသတိထားရမှာပါ။
အကြွေးနဲ့ ရောင်းရင် အကြွေးမှတ်ဖို့လည်း လိုပါတယ်။ အကြွေးဆုံးတာတွေကို အမြတ်ထဲက ပြန်နုတ်ဖို့လည်း မမေ့ပါနဲ့ဦး။
လုပ်တဲ့ လုပ်ငန်းပေါ်မူတည်ပြီး ခြွင်းချက်တွေ၊ သတိထားစရာတွေ အများကြီးရှိပါတယ်။
လက်တွေ့လုပ်တဲ့ကြည့်အခါ ကျွန်တော် အပေါ်မှာ ရေးပြထားတဲ့အဆင့်တွေလို မလွယ်လှတာ တွေ့လာရမှာပါ။ ဒါပေမဲ့ ဒီနည်းဟာ လုပ်ငန်းစာရင်းအင်းလုပ်ဖို့ ဘယ်ကစလို့ စရမှန်းမသိတဲ့သူတွေအတွက်တော့ အနည်းနဲ့အများ အသုံးဝင်မယ်ထင်လို့ ရေးတင်လိုက်ပါတယ်။
စာရင်းအင်းမရှိပဲ လုပ်နေရင်တော့ အရင်းပြုတ်သွားနိုင်တာမို့ ဝင်ငွေထွက်ငွေ စာရင်းကို အတတ်နိုင်ဆုံး ကြိုးစားပြီး မှတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment