ကျွန်တော်တို့ ဖေ့စ်ဘွတ်ခ် သုံးနေတိုင်းမှာ ဖေ့စ်ဘွတ်ခ် တည်ထောင်သူ မာ့ခ်ဇက်ကာဘက် ငွေတွေ ရနေပါတယ်။ ဘယ်လိုများ ရနေတာပါလိမ့်။
*******************
အိပ်နေရင်း ဝင်တဲ့ငွေ
*******************
ဒီတစ်ခါ ဖေ့စ်ဘွတ်ခ်သုံးရင် သတိထားကြည့်လိုက်ပါ။ ကိုယ့်သူငယ်ချင်းတွေ (သို့) ကိုယ် Like လုပ်ထားတဲ့ ပေ့ချ်တွေရဲ့ ပို့စ်တွေ ၄ ခုလောက် ပေါ်လာပြီးတိုင်းမှာ ကြော်ငြာပို့စ် တစ်ခုဝင်ပါတယ်။
သေချာကြည့်ပါ။ ပုံမှန် ပို့စ်တွေမှာ နာမည်အောက်မှာ ဘယ်တုန်းကတင်ထားတာလဲဆိုတဲ့ အချိန်ရက်စွဲလေး ပါပါတယ်။
ကြော်ငြာ ပို့စ်တွေမှာတော့ နာမည်ရဲ့ အောက်မှာ Sponsored (စပွန်ဆာ ကြော်ငြာ) လို့ ပြပေးထားပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ ကိုယ်ကြည့်နေတဲ့ ၂၀% ဟာ ကြော်ငြာတွေပေါ့။ ဖေ့စ်ဘွတ်ခ်အနေနဲ့ ဒီလို ကြော်ငြာတွေကနေ ဝင်ငွေရနေတာပါ။
ဖေ့စ်ဘွတ်ခ်ကို လူသုံးများတဲ့အတွက်ကြောင့် လုပ်ငန်းရှင်တွေကလည်း ကိုယ့်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို လူသိများဖို့ ပေ့ချ်တွေထောင်ပြီး ကြော်ငြာတာတွေ လုပ်လာကြပါတယ်။ ကိုယ့်ပေ့ချ် ကိုယ့်ပို့စ် တွေကို လူများများဆီ ရောက်စေချင်ရင် ဖေ့စ်ဘွတ်ခ်ကို ငွေပေးရပါတယ်။
ကျွန်တော်တို့ ဖေ့စ်ဘွတ်ခ်သုံးနေတုန်းမှာ မာ့ခ်ဇက်ကာဘက်က သူအိပ်နေရင်တောင် ငွေရနေတယ်ပေါ့။ မိန်းမနဲ့ ကလေးနဲ့ အိမ်မှာနှပ်နေရင်လည်း သူငွေရနေမှာပဲ။ ခရီးသွားနေလည်း ငွေရနေတယ်။ သူ ဖေ့စ်ဘွတ်ခ်မှာ ဆက်မလုပ်တော့ပဲ အခြားသူကို လွှဲပေးလိုက်ရင်တောင် သူဟာ ဖေ့စ်ဘွတ်ခ် ရှယ်ယာတွေ အများကြီး ပိုင်တဲ့အတွက် ကုမ္ပဏီက အမြတ်ငွေတွေ အချိုးကျ သူ့ဆီ ရောက်နေမှာပဲလေ။
အရမ်းကောင်းတဲ့ ငွေရှာနည်းပါပဲ။
လုပ်ငန်းလုပ်တဲ့အခါ အလုပ်မှာ ကိုယ်ရှိနေမှ ဖြစ်မယ်ဆိုတဲ့ လုပ်ငန်းထက် ကိုယ် အလုပ်မှာ မရှိလည်း အမြတ်ငွေတွေ ကိုယ့်ဆီဝင်နေနိုင်တဲ့ လုပ်ငန်းက ပိုကောင်းပါတယ်။ ဒါမှလည်း ကိုယ်လုပ်ချင်တာလုပ်ဖို့ သွားချင်တဲ့နေရာသွားဖို့ စိတ်သွားတိုင်း ကိုယ်ပါနိုင်မှာပါ။ ကိုယ်မရှိရင်မဖြစ်လို့ အလုပ်မှာ အကျဥ်းကျနေသလို ခံစားနေရရင် မဟန်ပါဘူး။
အလုပ်မလုပ်ရရင် မနေနိုင်လို့၊ ဝါသနာပါလွန်းလို့၊ အလုပ်လုပ်နေရရင်ကို ပျော်နေလို့ အလုပ်ကို နေ့တိုင်းသွားနေတာဆိုရင်တော့ တစ်မျိုးပေါ့။ ဒီလိုမှမဟုတ်ရင်တော့ ကိုယ့်မှာ လက်ရှိ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းရှိရင် ပြန်သုံးသပ်ရမှာက လုပ်ငန်းမှာ ကိုယ်က မရှိမဖြစ် အခြေအနေလား၊ မရှိလည်း ဖြစ်တဲ့ အခြေအနေလား ဆိုတာပါ။ မရှိလည်း ဖြစ်တဲ့ အနေအထားကို ရောက်အောင် ကြိုးစားသင့်ပါတယ်။
ကဲ ပြောချင်တာက ခုမှ စပါတယ်။
********************
တင်တဲ့စာတိုင်း မမြင်ရ
********************
ပေ့ချ်တစ်ခုမှာ ပေ့ချ်ကို Like လုပ်ထားတဲ့သူ အယောက် တစ်ထောင်ရှိတယ်ဆိုပါစို့။ ပေ့ချ်ကနေ ပို့စ်တစ်ခု တင်လိုက်ရင် Like လုပ်ထားတဲ့သူတွေထဲက ပျမ်းမျှ ၆% လောက်ကပဲ အဲဒီပို့စ်ကို မြင်ရအောင် ဖေ့စ်ဘွတ်ခ်က ထိန်းချုပ်ထားပါတယ်။ ဖော်လိုဝါ တစ်ထောင်ရှိရင် တင်ထားတာတွေကို အယောက် ၆၀ လောက်ရဲ့ ဝေါပေါ်မှာ မြင်ရမယ်ပေါ့။
ဒီ့ထက်လူပိုတွေ့စေချင်လား။ ငွေပေးပြီး ကြော်ငြာပါ။ ဒီလိုလေး ထိန်းချုပ်ထားပါတယ်။ ကိုယ့်ပေ့ချ်ကို Like လုပ်ထားပြီးသားသူတွေကို ပစ်မှတ်ထားပြီး ကြော်ငြာလို့လည်း ရပါတယ်တဲ့။ ဝင်ငွေရပေါက်ရလမ်းကို ဒီလိုထွင်ထားတာပါ။ အကွက်မြင်တယ်လို့ ဆိုရမှာပေါ့။
ခုကျွန်တော့် ပေ့ချ်မှာ Like တစ်သိန်းကျော်ရှိပေမဲ့ တင်တဲ့ စာကို တွေ့တာ ပုံမှန်ဆို လူ ခြောက်ထောင်လောက်ပဲ ရှိပါတယ်။ ဒါ့ကြောင့် ကိုယ့် ဝေါပေါ်မှာပဲကြည့်ရင် ပုံမှန်အားဖြင့် ကျွန်တော် နေ့တိုင်း တင်နေသမျှစာတွေကို မတွေ့နိုင်ပါဘူး။ Share လုပ်ပြီး မျှဝေတဲ့သူတွေ များမှသာ လူပိုတွေ့တာပါ။ ဒါ့ကြောင့် Share လုပ်ပြီး မျှဝေတဲ့သူတွေကိုလည်း အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ။
***********************
တင်သမျှ မလွတ်ရအောင်
***********************
ဒီပေ့ချ်က တင်တဲ့စာကို ဖြစ်ဖြစ် အခြား ကိုယ်ကြိုက်တဲ့ ပေ့ချ်က တင်တာတွေကိုဖြစ်ဖြစ် မလွတ်တမ်း ဖတ်ချင်ရင်တော့ See First လုပ်ထားဖို့ လိုပါတယ်။
ဒါဆိုရင်တော့ ကိုယ့်ဝေါပေါ်မှာ အဲဒီ ပေ့ချ်က တင်သမျှတွေ အားလုံး ပေါ်မှာပါ။ (သိထားပြီးသူတွေ များပေမဲ့ မသိသေးသူတွေ သိရအောင်ပါ။)
ဒီပေ့ချ် ကို See First လုပ်ချင်ရင်တော့
(၁) ပေ့ချ်ရဲ့ ပင်မစာမျက်နှာကို သွားဖို့ ဒီ အင်္ဂလိပ်စာတန်းကို နှိပ်ပါ။ https://www.facebook.com/fireflypsk/
(၂) ညာဘက် အပေါ်ထောင့်က လက်မပုံကို နှိပ်ပြီး Like လုပ်ပါ။
(၃) "Send Message” ဘေးက အစက် သုံးစက် ... ကိုနှိပ်ပါ။
(၄) "Following" ကို နှိပ်ပါ။
(၅) "See First" ကို ရွေးပါ။
ဒီလိုလုပ်ထားမယ်ဆိုရင်တော့ တင်သမျှ ပို့စ်တွေကို မလွတ်တမ်း တွေ့ရမှာပါ။
See First လုပ်ပုံ အဆင့် ၅ ဆင့်ကို ဓာတ်ပုံတွေနဲ့လည်း ပြထားပါတယ်ခင်ဗျာ။ Android ဖုန်းတွေမှာ လုပ်လို့ရပါတယ်။ iPhone ဆိုရင်တော့ App နဲ့ လုပ်လို့မရလို့ See First လုပ်ဖို့ App မသုံးပဲ Web Browser ကနေ ဝင်ပြီး လုပ်ရမှာပါ။
ဒါမှ မဟုတ်ရင်လည်း https://www.facebook.com/fireflypsk/ ကို နှိပ်ပြီး တင်ထားတဲ့ စာတွေကို ဝင်ကြည့်လို့ ရပါတယ်။
စဖတ်ဖို့ရာ မာတိကာ https://www.facebook.com/fireflypsk/posts/123816512289966 ပို့စ်ကနေ ကိုယ်ဖတ်ချင်တာကို ရှာဖတ်လို့ ရသလို ဆက်လက်၍ ဖတ်ရန်ဆိုပြီး အကြံပြုထားတာတွေကို နှိပ်ပြီး ရေးထားသမျှစာတွေကို စာအုပ်ဖတ်သလို အစီအစဉ်လိုက်လည်း ဖတ်သွားလို့ရအောင်လည်း စီစဉ်ပေးထားပါတယ်။
စာဖတ်ပျင်းတဲ့သူတွေအတွက်လည်း ဗီဒီယိုလေးတွေလုပ်ပြီး တင်ပေးနေပါပြီ။
See First လုပ်ထားတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူး အထူးတင်ပါတယ် ခင်ဗျာ။
ဟိုက်... See First လုပ်ဖို့ ရေးသာရေးရတယ်။ ဒီ ပို့စ်ကိုလည်း See First မလုပ်ထားတဲ့သူတွေ တွေ့ဖို့ သိပ်မလွယ်ဘူးဆိုတော့ ဂွမ်းပြီပေါ့။ ကံထူးရှင် ၆% တော့ မြင်မှာပေါ့။ ပို့စ်ကို လူပိုမြင်အောင် Boost လုပ် ငွေကုန်ခံပြီး ကြော်ငြာဖို့ တိုက်တွန်းဦးမယ်ထင်ပါရဲ့။ အကွက်မြင်ပါပေ့ ကိုဇကာပေါက်ရေ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment