Saturday, September 26, 2020

လခစားလား စီးပွားလား

လခ​ အတည်တကျရှိ​တဲ့ လခစား လုပ်သင့်လား၊ ကြီးပွားချမ်းသာဖို့ ​အခွင့်​အလမ်း ပိုများ​တဲ့ ကိုယ်ပိုင် စီးပွား​​ရေး လုပ်ငန်း လုပ်သင့်လားဆိုတာ လူ​အများမေးကြ​တဲ့ မေးခွန်းပါ။

🎵မေး​ရန်လွယ်​ပေ​မဲ့ ​အ​ဖြေခက် သိသလို မသိသလိုပါပဲ။ 🎵

ဦးစိုင်းထီးဆိုင်သီချင်းလိုပဲ ဖြေဖို့ မလွယ်ပါဘူး။ သိသလို မသိသလို​​မို့ နည်းနည်းလောက်​​တော့ ဖြီးပါရ​စေ။

​ဝန်ထမ်းလုပ်ရင် ​​ကောင်း​တဲ့ ​အချက်​တွေက​​တော့ ဝင်​ငွေ ​အတည်တကျရှိမယ်။ ကုမ္ပဏီ ​အရှုံး​​ပေါ်​နေရင်​​တောင် ကိုယ်က လခရ​နေဦးမယ်။ ​ကုမ္ပဏီ ဒေဝါလီ​ခံသွားရင်လည်း နောက်​အလုပ် ထပ်ရှာ ​​ပြောင်းလို့ရတယ်။ ​ငွေကြေး ​အရင်း​အနှီး မလိုဘူး။ စီးပွားရေးသမား​တွေလောက် စိတ်ဖိ​အားမများဘူး။ ​​ဝန်ထမ်း ​အများစုဟာ ပိတ်ရက် ခွင့်ရက်ရှည်​တွေမှာ ​​နောက်​ဆံမတင်းပဲ အေး​အေးဆေးဆေး နှပ်​နေနိုင် ခရီးထွက်နိုင်တယ်။

ဒါ​ပေ​မဲ့ ​သူများ ဝန်ထမ်းလုပ်ရတာ မ​​ကောင်းတာ​တွေလည်း ရှိပါတယ်။ လစာ ​အကန့်​အသတ်ရှိတယ်။ ​ကိုယ်ကြိုးစားသမျှဟာ ​ငွေရှင်သူဌေး​အတွက်လို ဖြစ်​နေတယ်။ ​သူဌေးမျက်နှာ ကြည့်​နေရတယ်။ ရုံးပိတ်ရက်​နဲ့ ခွင့်ယူ​တဲ့ရက်မှပဲ နားရတယ်။ အလုပ်ရှင်က ​အလုပ်ထုတ်လိုက်ရင် ​အချိန်မရွေးပြုတ်နိုင်တယ်။

စီးပွားရေးသမားလုပ်ရင် ​​​​ကောင်းတာ​တွေက​​တော့ ကိုယ့်ကြမ္မာ ကိုယ်​ဖန်တီးခွင့်ရှိတယ်။ ကိုယ်ရှာသမျှ ကိုယ့်​အတွက်။ ဝင်​ငွေ ​အကန့်​အသတ် မရှိ။ သူဌေး​ မြန်​မြန်ဖြစ်နိုင်တယ်။ ကိုယ့်​အထက်က ဘယ်သူဌေးမျက်နှာကိုမှ မကြည့်ရ​​တော့ဘူး။ ​ဝန်ထမ်း​တွေ​ရဲ့ အချိန်​တွေ လုပ်​အား​တွေကိုသုံးပြီး ​ငွေရှာနိုင်တယ်။

မ​​ကောင်း​တဲ့ ​အချက်​တွေက​​တော့ စီးပွါးရေးဆိုတာ ​​အမြတ်မ​သေချာပဲ အရှုံး​​ပေါ်နိုင်တာမျိုး။ ဝင်​ငွေ ခန့်မှန်းရခက်တယ်။ ​ငွေကြေး ​အရင်း​အနှီး ​အနည်း​နဲ့ ​အများ လိုတယ်။ ကိုယ့်​အလုပ်ဆို​​တော့ ပိတ်ရက်ရယ်လို့ ​ရေ​ရေရာရာ မရှိဘူး။ ​​အချို့ ​အလုပ်​တွေဆို ​အလုပ်ကိုပစ်ပြီး ခရီး​တွေဘာ​တွေ ထွက်ဖို့ မလွယ်ဘူး။ စိတ်ဖိ​အား ပိုများတတ်ပါတယ်။ ​သေ​​မြေကြီး ရှင်ရွှေထီး​​ပေါ့။ ​ဝန်ထမ်း​တွေက သူတို့ ကိုယ်ပိုင် ​အလုပ် မဟုတ်လို့ ​ရေသာခိုတာမျိုး​တွေလည်း ​​တွေ့လာနိုင်ပါတယ်။

ဒီ​​တော့ ​အဆိုး​နဲ့ ​အ​​ကောင်းဆိုတာ ဒွန်တွဲတတ်​တဲ့ ​လောက နိယာမ​အတိုင်းပဲ ဘယ်ဟာကို ရွေးရွေး ​အ​​ကောင်းချည်းပဲ​​တော့ မရနိုင်ပါဘူး။ ​အချို့ စီးပွားရေးလုပ်ငန်းရှင်​တွေကလည်း ​​ဝန်ထမ်းလုပ်​တဲ့သူ​တွေကို ရည်မှန်းချက်မြင့်မြင့်မထား​တဲ့သူ​တွေဆိုပြီး နှိမ်ချင်ကြတယ်။ မနှိမ်သင့်ပါဘူး။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ပဲ​လေ။

ပြီး​​တော့ ​ငွေသခင်ဆိုတာ ​ဝန်ထမ်း​ရော စီးပွားရေးလုပ်ငန်းရှင်ပါ ဖြစ်နိုင်ပါတယ်။ ဝင်​ငွေ​​ကောင်းတယ်၊ ဝင်​​​ငွေ​ရဲ့ ရာခိုင်နှုန်း​​​တော်​​တော်များများကို စုမိတယ်ဆို ​ငွေသခင်လမ်း​​ပေါ် ရောက်လာပါပြီ။

ဒီ​နေရာမှာ​ပြောချင်တာက ဝင်​ငွေ​​ကောင်းဖို့ စီးပွားရေးလုပ်ငန်းရှင် ဖြစ်စရာ မလိုဘူးဆိုတာပါပဲ။ ​​အ​​တွေ့​အကြုံရှိ​ပြီး ကျွမ်းကျင်​တဲ့ သူ​တွေကို လခ​​ကောင်း​​ကောင်းပေး​ပြီး ငှါးချင်​တဲ့ ကုမ္ပဏီ​တွေ များလာပါပြီ။ ကိုယ့်ဘက်က​​တော့ တကယ် တတ်​နေ ကျွမ်းကျင်​နေဖို့ လိုပါတယ်။

ဝန်ထမ်းမ​​လုပ်ပဲ စီးပွား​ရေးလုပ်ရင် ချမ်းသာဖို့ ပို​မြန်တယ် ဆိုတာ​​တော့ ​အ​မှန်ပါပဲ။ ဒါ​ပေ​မဲ့ လုပ်​တဲ့ စီးပွားရေးကို ​သေချာ ကျွမ်းကျင်ပိုင်နိုင်ဖို့​​တော့လိုပါတယ်။ မကျွမ်းကျင်ရင် တိုင်ပတ်​နေမှာပါ။ စီးပွားရေး ၁၀ ခုမှာ ၉ ခုဟာ ၅ နှစ်​ အတွင်း ​အရှုံး​နဲ့ ​​ရပ်သွားတတ်တယ်လို့ ဖတ်ဖူးပါတယ်။ အဲဒါကိုလည်း ​​ထည့်စဥ်းစားရပါမယ်။

အချို့က ဝန်ထမ်းဘဝ​နဲ့ ဝင်​ငွေ​​ကောင်း​နေရာက​နေ စီးပွားရေးလုပ်ငန်းလုပ်ဖို့ ဘာမှ နားမလည် မတတ်ကျွမ်းပါပဲ​နဲ့ သွားလုပ်လို့ ​​အရှုံး​​ပေါ်တာ​တွေလည်း ရှိပါတယ်။ ရှိတာလေးကုန်သွားတာက ​ပြန်ရှာလို့ရသေးတယ်။ ​အတိုးကြီး ​ငွေချေးပြီးလုပ်တာဆိုရင် ကြွေး​သံသရာထဲ နစ်နိုင်ပါတယ်။ ​

နိုင်​ငံခြားက​​နေ ​ငွေထုပ်လေးပိုက်လာပြီး မကျွမ်းကျင်​တဲ့လုပ်ငန်း​တွေ လျှောက်လုပ်လို့ ​ငွေထုပ်လေး​​ပြောင်၊ နိုင်​ငံခြား​ပြန်ထွက်ရသူ​တွေလည်း ရှိပါတယ်။

စီးပွားရေး လုပ်စားတာ ​နှစ်ရှည်လများ အမြတ်မရှိ ​အရှုံးပဲ​​ပေါ်​နေ​ပြီး မြတ်ဖို့လည်း ​အလား​အလာမမြင်​တဲ့ သူ​တွေ​အတွက် ပုံ​မှန်လစာရ​တဲ့ ​​ဝန်ထမ်းဘဝက ပို ​အဆင်​ပြေချင် ​ပြေမှာပါ။

လစာနည်း ​ဝန်ထမ်း​တွေ ကိုယ်ပိုင် စီးပွားရေး ထလုပ်ပြီး အောင်မြင်သွားတာမျိုးလည်း ရှိပါတယ်။ ​ဝန်ထမ်းဘဝ​နဲ့ စီးပွားရေးသမားဘဝ ဘယ်ဟာ​​ကောင်းတယ်ဆိုတာ ပုံ​သေ​ပြောလို့ မရ​ပြန်တာကို သတိပြု​စေလိုပါတယ်။ ကိုယ့် ကျွမ်းကျင် လိမ္မာမှု ​အ​​ပေါ် မူတည်ပါတယ်။ ​

ဝန်ထမ်းဘဝက​နေ စီးပွားရေးသမားတစ်ယောက် ​အဖြစ်​​ပြောင်း​တဲ့ ​အခါ ရလဒ်နှစ်မျိုး ဖြစ်နိုင်ပါတယ်။ “တစ်ရွာ မ​​ပြောင်း သူ​​ကောင်း မဖြစ်” ဆိုသလို ​​ဝန်ထမ်းဘဝက​နေ စီးပွားရေးလုပ်မှ ထွန်းပေါက်သွားသူ​တွေ ရှိသလို “​သေချင်​တဲ့ကျား ​တော​​ပြောင်း” သ​​ဘော​နဲ့ စီးပွားရေး​​လုပ်မှ ရှိတာ​​ပြောင်​တဲ့သူ​တွေလည်း ရှိပါတယ်။ ချင့်ချိန်ဖို့ပါ။

စီးပွား​ရေး ပန္နက် (Business Plan) (၁) https://www.facebook.com/fireflypsk/posts/128536568484627

​ဝန်ထမ်းဘဝ​နဲ့ လခ​​ကောင်း​နေရင်၊ စီးပွားရေးလည်း မလုပ်တတ်ရင်  စုမိ​တဲ့​ငွေထဲက​နေ ​အဆုံး​အရှုံး နည်းပါး​တဲ့ စိတ်ချရ​တဲ့ ရင်းနှီးမြှုပ်​နှံမှု ​တွေသာ လုပ်ထားသင့်ပါတယ်။ ဥပမာ ​တန်ဖိုးနည်း တိုက်ခန်း၊ ​အ​ဆောင်၊ ဆိုင်ခန်း၊ ကား စတာ​တွေ ငှါးစားတာမျိုးပါ။ ဒါ​​တောင် ဒီလို ရင်းနှီးမြှုပ်​နှံမှုမျိုး မလုပ်ခင် ကျွမ်းကျင်​တဲ့ ​​သူ​တွေ၊ ရှေ့​နေ​တွေ​နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

ငွေပင်ကြီး ၄ ပင် https://www.facebook.com/fireflypsk/posts/138665564138394

လင်မယား နှစ်ယောက်ရှိရင် တစ်ယောက်က ​ဝန်ထမ်းလုပ်ပြီး နောက်တစ်ယောက်က စီးပွားရေး လုပ်တာမျိုးလည်း လုပ်လို့ရပါတယ်။ ​​ဝန်ထမ်းလုပ်​နေရင်း တစ်ဘက်တစ်လမ်းက​နေ ​အချိန်ပိုင်း တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း​လေး​တွေ လုပ်လို့လည်း ရပါတယ်။

ကိုယ့်​ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှု​အရည်​အချင်း ဝါသနာ စတာ​တွေ​​ပေါ်မူတည်ပြီး ဘယ်ဟာလုပ်သင့်လဲ ကိုယ်တိုင်ပဲ ချင့်ချိန် ဆုံးဖြတ်ရမှာပါ။ ​ပုံ​သေမှတ်လို့ မရပါဘူးလို့​ပြောရင်း နိဂုံးချုပ်လိုက်ပါတယ် ခင်ဗျာ။ 

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment