Sunday, November 1, 2020

ချင့်ယုံကြပါ

"ဆင်းရဲသား နင်းပြားဘဝက​နေ ကိုယ်ထူးကိုယ်ချွန်ပြီး ​အသက်​ငယ်ငယ်နဲ့ မီလျံနာ သန်းကြွယ် သူဌေးကြီးဖြစ်လာသူ။ ဘယ်နိုင်​ငံ​တွေမှာ ဘယ်လို ပညာသင်ဆု​တွေနဲ့ ​​ကျောင်းတက်ခဲ့​ပြီး ဘာဘွဲ့ ညာဘွဲ့တွေ ရလာသူ။ ​​​(​နောက်ထပ် ​စာ​​ကြောင်း ၂၀ ခန့် ကိုယ့်ဂုဏ်ကိုယ်​ဖော်ပြီး သကာလ) ​ငွေသခင်ဖြစ်ပြီးသူ ဆရာကြီး (ဆရာကြီးလို့ ​ရေးမှ လူရှိန်မှာ​ပေါ့။ ​လော​လောဆယ် ​ဒေါက်တာလို့ တပ်စရာ ဘွဲ့မရှိ​​သေးလို့ လိုင်း​​ပေါ်မှာ ​ရှာတက်​ဦးမှပါ) ပိုးစုန်းကြူး (နောက်မှာ ရှိသမျှဘွဲ့တွေ ​ထည့်၊ ​အမှတ်​တွေပါ ​ထည့်၊ ငယ်ငယ်တုန်း က စာစီစာကုံး ပြိုင်ပွဲမှာ ပထမဆု ရခဲ့ဖူးရင်လည်း ​ထည့်)မှ လိုင်း​​ပေါ်မှာ သင်ကြား​ပေးမယ့် သင်တန်း နှစ်ခုဖွင့်ပါ​တော့မယ်။

သင်တန်း (၁) ​ကြွေး​သံသရာမှ လွတ်​မြောက်လမ်း
သင်တန်း (၂) ​ငွေသခင် ဖြစ်လမ်း

သင်တန်း တစ်ခု​ကြေး တစ်​ယောက် တစ်​​သောင်း ​လေး​​ထောင်။ ​စော​စော စာရင်း​ပေးရင် တစ်​​သောင်း နှစ်​ထောင်၊ ခု စာရင်း ​ပေးရင် တစ်​​သောင်းကျပ် တိတိသာ။"

ဒီလို​လေး​ရေးပြီး နည်းနည်းပါးပါး စာမြည်း​လေးတင်၊ ​ဟိုမင်းသားနဲ့တူသလိုလို ဒီမင်းသားနဲ့တူသလိုလို ဖြစ်​နေတဲ့ ကိုယ့်ဥပဓိရုပ်ကို (ဒါကိုလည်း ချင့်ယုံ​ပေါ့ ​အဟဲ) မိတ်ကပ်သုတ်၊ ​​ကြောင်ရှာသီး​လေး ဆွဲ၊ ကုတ်အင်္ကျီ​လေးဝတ် (ဒါမှ မဟုတ်) လည်ကတုံး၊ တိုက်ပုံ နဲ့ လုံချည်​လေး သားသားနားနား ဝတ်ပြီး ​အထာကျကျ ဟိတ်​ဟန်​အ​ပြည့်နဲ့ ​ဟော​ပြော​နေတဲ့ ဗီဒီယို ​အမြည်း​လေးတင်၊ လိုင်း​​ပေါ်မှာ ​​ငွေ နည်းနည်းလောက် ​အကုန်​ခံပြီး ကိုယ့် Post ကို လူပိုမြင်​အောင် ​ကြော်ငြာလိုက်ရင် စာရင်း​ပေး​လိုက်ကြမယ့် လူ​တွေဆိုတာ ကြိတ်ကြိတ်တိုး​နေမှာ။ တစ်​ယောက် တစ်​​သောင်းပဲ​ ပေးရမှာ။​ တန်တယ်​လေ။ ခုပဲ ချက်​ချင်း စာရင်း​ပေးလိုက်မယ်။ ၄ ​​ထောင် သက်​သာ​အောင်။

လူ​အ​ယောက် တစ်​​ထောင်စာရင်း​ပေးရင် သိန်း တစ်ရာ။ ​အ​ယောက် တစ်​​သောင်းဆို သိန်း တစ်​​ထောင် ရပြီ။ ​အေး​ဆေးပဲ။

ဒါ​ပေမဲ့ သင်တန်းမှာ စာရင်းမ​ပေးခင် ​သေချာ ​ပြန်စဉ်းစားကြည့်ပါဦး။ ​ငွေသခင်ဖြစ်ပြီးပြီလည်း ဆို​သေးတယ်။ ​​ငွေ​အတွက်​နဲ့ ​အလုပ်လုပ်​​နေတုန်း၊ သင်တန်း ဖွင့်စား​နေတုန်း၊ ဒါဆိုရင် ဒီ​​ကောင် လုပ်စား​နေတဲ့​​ကောင် များလား ​ပေါ့။ ဒီလို​လေး​တွေးကြည့်ပါ။

ဘိုလို​တွေ ဘွတ်ဘက်​ရွှတ်ရှက်မှုတ်၊ ကိုယ်နားမလည်တဲ့စကား​တွေနဲ့ အာ​​ဘောင်အာရင်း​​သန်​​သန် ညာရွှီးပြီးကိုယ့်ဆီက ​ငွေ​တွေ ညာယူပြီး ချမ်းသာသွားတဲ့လူ​တွေ ​မြန်မာနိုင်​ငံမှာ ဘယ်​လောက်​​တောင် များ​နေပြီလဲ။ ​ငွေ​ပေးလိုက်ရတဲ့ကိုယ်​တွေက​တော့ ဒုံရင်းက ဒုံရင်း။

ခုလည်း တစ်ခု​တွေ့​ပြန်ပြီ။

​ဖေ့စ်ဘွတ်ခ်မှာ ​​ကြော်ငြာ​အား​​ကောင်း​​ကောင်းနဲ့ ​ကြော်ငြာ​နေလို့ လူစိတ်ဝင်စား​မှု များနေပါတယ်။ ကျွန်​တော့်ကို လာ​မေးကြတဲ့သူ​တွေ ရှိ​နေ​ပါတယ်။ ဒါ့​​ကြောင့် မမှားကြရ​လေ​အောင် ရှင်းပြပါရ​စေ။

တစ်လကို ​အနည်းဆုံး ၁၀ သိန်းက​နေ သိန်း ၃၀ ထိရနိုင်တဲ့ ကိုယ်ပိုင် လုပ်ငန်း​လေး။ လိုင်း​ပေါ်က​နေ ဖုန်း​လေးနဲ့ လုပ်လို့ရတဲ့ ​အ​​ရောင်း​အဝယ် Trading ​ပေါ့။ Binary Trading လို့​ခေါ်တဲ့ ဒွိစုံ​ရွေး ​အ​​ရောင်း​အဝယ် လုပ်ငန်းပါတဲ့။ နှစ်​​ပေါင်း ၂၉ နှစ်ကြာ​အောင် ရပ်တည်လာတဲ့ လုပ်ငန်းဆိုပဲ။ ရုပ်​သံဖိုင်​လေး​တွေနဲ့ ​ဖေ့စ်ဘွတ်ခ်က​နေ တစ်လ သင်​ပေးမယ်။ သင်တန်း​ကြေး ၆ ​​သောင်းခန့်။

​အလုပ်မရှိ​သေးတဲ့သူ​တွေ၊ ဝင်​ငွေတိုးချင်တဲ့သူ​တွေ ​အတွက်​​တော့ သွားရည်ယိုချင်စရာ ဖြစ်​နေတာ​ပေါ့။ တစ်လ ​အနည်းဆုံး ၁၀ သိန်းရမှာဆို​တော့ သင်တန်း​ကြေး ၆ ​​သောင်း​လောက်ကုန်မှာ ဘာ​အ​ရေးလဲ ​ပေါ့။

ကျွန်​တော်ကလည်း ဝင်​ငွေတိုး​အောင် လုပ်ကြပါလို့ ​ရေးထားမိတာရှိ​တော့ ဒါကိုလည်း ဝင်​ငွေတိုးနည်း​တစ်ခု ​အ​နေနဲ့ သတ်မှတ်ပြီး လုပ်​နေကြမှာ စိုးလို့ပါ။

ဒါ​​ကြောင့် Binary Trading လို့​ခေါ်တဲ့ ဒွိစုံ​ရွေး ​အ​​ရောင်း​အဝယ် လုပ်ငန်း​အ​​ကြောင်း ​လေ့လာမိသ​လောက် နည်းနည်း​ပြောပြပါ့မယ်။ ဒွိစုံ​ရွေး လို့ဘာလို့​ခေါ်သလဲဆို​တော့ ဒီလုပ်ငန်းလုပ်တဲ့သူ​တွေဟာ ​​နှစ်ခုထဲက ​တစ်ခုကို ​ရွေးရပါတယ်။ ​အရှင်းဆုံးဖြစ်​အောင် ဥပမာ ​ပေးရရင် မနက်​​​ဖြန် (သို့မဟုတ် သတ်မှတ်ထားတဲ့ ​နေ့မှာ) ​ရွှေ​ဈေးဖွင့်ချိန် ​ရွှေ​ဈေးဟာ ဒီ​နေ့​ရွှေ​ဈေးထက်​ တက်မလား၊ ကျမလား။ မနက်​​ဖြန် ​​အ​မေရိ​ကန် ဒေါ်လာဈေးဟာ ဂျ​ပန်ယန်းငွေ​နဲ့ယှဉ်ရင် ဒီ​နေ့ထက်​ တက်​မတက်​။ မနက်​​ဖြန် ​အစုရှယ်ယာ ​ဈေးဟာ ဒီ​နေ့ထက်​ တက်​မတက်​။ ဒါ​တွေကို ခန့်မှန်းရမှာပါ။ ​အဆ​တွေလည်း ပါပါတယ်။ ​ဘောလုံးပွဲ ​​လောင်းသလိုပါပဲ။ ဘယ်သူနိုင်၊ ဘယ်သူရှုံး ​အပြင် ​အ​ပေါ်​ကြေး၊ ​အောက်​ကြေး၊ ​အဆ စတာ​တွေ ရှိပါ​သေးတယ်။

အရှုံး ​အမြတ်လည်း ​ဘောလုံးပွဲ ​​လောင်းသလိုပဲ ရှိပါတယ်။ ဘယ်​လောက်ပဲ နည်းဗျူဟာ​တွေ​တွေ ​ဖော်မြူလာ​တွေ ​​ကောင်းတယ်​ပြော​ပြော ၁၀ သိန်း ​မြတ်နိုင်သလို ၁၀ သိန်းလည်း ရှုံးနိုင်ပါတယ်။ တစ်သိန်း​လောက်ရင်းပြီး ၁၀ သိန်း ဝင်ဖို့ အင်မ​တန်မှ ခဲယဉ်း​ပါတယ်။ ​တော်​တော်ကြီးကို ကျွမ်းကျင်မှပါ။ ကျွမ်းကျင်ဖို့ တစ်လနဲ့ ဘယ်လိုမှ မရပါဘူး။ နှစ်ချီ ​ရှုံးလိုက်မြတ်လိုက်နဲ့ သင်ခန်းစာ​တွေယူရတာပါ။

​ဥပမာ​ပြောရရင် ​လောင်းကစားတစ်ခုဖြစ်တဲ့ ပိုကာကို ပညာရှင် ​အဆင့်နဲ့ ကစား​နေသူ​တွေရှိပါတယ်။ သူတို့ဟာ ကျွမ်းကျင်လွန်းလို့ ဝင်​ငွေ​တွေ ​ဒေါ်လာ သန်းချီရ​အောင် ကစားနိုင်ပါတယ်။ ကျွန်​တော်တို့လည်း သူတို့ကို လိုက်တုပြီး တစ်လ​လောက် သင်တန်းတက်​ပြီး သွား​ဆော့ကြည့်ပါလား။ အိမ်တိုင်ပါ ချွတ်​​ပေါင်သွားရမယ်။ ​ခွေးဖြစ်သွားမယ်။

ဒွိစုံ​ရွေး ​အ​​ရောင်း​အဝယ် လုပ်ငန်း Binary Trading လည်း ဒီလိုပါပဲ။ ခု​မြန်မာနိုင်​ငံနဲ့ ချိတ်ဆက်​လုပ်​နေတဲ့ လိုင်း​​ပေါ်က Binary Trading Platform လမ်း​​ကြောင်း ​တွေဟာ တရား မဝင်တာ​တွေ များပါတယ်။ ​ကိုယ်ရင်းထားတဲ့ ​ဒေါ်လာ​ငွေ​လေးကို အချိန်မ​ရွေး လိမ်​ပြေးနိုင်ပါတယ်။ လိမ်​ပြေး​နေကြပါတယ်။ ကမ္ဘာ တစ်လွှားမှာ လိမ်စား​နေတဲ့ Binary Trading ကုမ္ပဏီ​တွေ ​အများကြီးပါ။ ​အစိုးရ ​အများစုက ဒီလုပ်ငန်းကို ​​လောင်းကစား တစ်ခု​အဖြစ် သတ်မှတ်ထားပါတယ်။ ရင်းနှီးမြှုပ်​နှံမှုလို့ မသတ်မှတ်ထားပါဘူး။ ကန့်သတ်ချက်​​တွေ ​အများကြီး သတ်မှတ်ထားပြီး လူတိုင်းကို ​ပေးမလုပ်ပါဘူး။ လက်​ပူတိုက် တစ်လ သင်​တန်း​လောက် တက်​ထားတဲ့ သူ​တွေကို ​​​ပေးမလုပ်ပါဘူး။

​အ​မေရိ​ကန် FBI က သတင်းထုတ်​ပြန်ထားတာ ဒီလုပ်ငန်းနဲ့ ​အလိမ်​ခံရသူ​တွေ ပါသွားတဲ့​ငွေ တစ်နှစ်ကို ​အ​မေရိ​ကန် ​ဒေါ်လာ သန်း တစ်​​သောင်း (10 billion dollars) ​လောက် ကမ္ဘာ​အ​နှံ့မှာ ရှိ​နေပါသတဲ့။

ဒီလို ​အလိမ်​တွေ​​ကြောင့်၊ ​အရှုံး​အမြတ်ကြီးတာ​တွေ​​ကြောင့်လည်း ဒီလုပ်ငန်းကို လုပ်မစား​တော့ပဲ သင်တန်း​လေး​တွေ ​ပေး​နေတာကမှ တစ်​ယောက်ကို ၆ ​​သောင်း ​အရှုံးမရှိ၊ တွက်​​ခြေပိုကိုက်တယ်ဆိုပြီး မသိတဲ့လူ​တွေကို သင်တန်း​ပေး လုပ်စား​နေတယ်လို့ ယူဆရပါတယ်။

လိမ်တဲ့ သင်တန်းလို့​တော့ မ​ပြောချင်ပါဘူး။ ​သေချာ​တော့ သင်​ပေးမယ် ထင်ရပါတယ်။ ဂျင်း​လေးပါးပါးလှီး​ထည့်ပြီး နှမ်းဖြူးထားရုံပါ။ ဥပမာ ​ပေးရရင် "တစ်လ ​အတွင်း ​ဂေါက်ရိုက်တတ်​အောင် သင်​ပေးမယ်။ တိုက်ဂါးဝုဒ် ​ဂေါက်ရိုက်တတ်လို့ တစ်လဘယ်​လောက် ရ​နေတယ်။ ဝင်​ငွေ​​ကောင်း​​ကောင်း​နဲ့ ​ဂေါက်ရိုက်စားလို့ရ​အောင် ကျွန်​တော်တို့ဆီ သင်တန်းလာတတ်ပါ" ဆိုတာမျိုးပါပဲ။ ​ဂေါက်ရိုက်​တော့ ​သေချာသင်​ပေးပါလိမ့်မယ်။ တစ်လ​အတွင်း ကျွမ်းမကျွမ်း၊ တိုက်ဂါးဝုဒ် လို ပိုက်​ဆံ ရမရ က​တော့ ကိုယ့်ဘာသာကိုယ် ​တွေးသာကြည့်ပါ။

ကျွန်​တော်က​တော့ ဒီလုပ်ငန်းကို ​အားမ​ပေးပါဘူး။ စ​တော့ရှယ်ယာ ​ဈေးကွက်​မှာ ရင်းနှီးမြှုပ်​နှံတယ်ဆိုတာ ဒါကို ​ပြောတာ မဟုတ်ပါဘူး။ Binary Trading ဟာ ​​လောင်းကစား ​ဆန်ပါတယ်။ ချင့်ယုံကြဖို့ ​ပြောချင်ပါတယ်။ မသိရင် သိမယ်ထင်တဲ့သူ​တွေကို ​မေးမြန်းပြီး ​အ​ကြံဉာဏ် ​တောင်းကြည့်ပါ။ သင်တန်း​ပေးတဲ့သူ​တွေက​တော့ ​အ​​ကောင်း​တွေပဲ ​ပြောကြမှာ ​ပေါ့။

​အလားတူပဲ ကျွန်​တော် ခုလို​တွေ ​အခမဲ့ ​ရေး​ပေး​နေတာကိုလည်း ချင့်ယုံသင့်ပါတယ်။ ကျွန်​တော် ​ပြောတာ​တွေ ​မှန်​ရော​မှန်ရဲ့လား။ ဘာ​အကျိုး​အမြတ်မှ မလိုချင်ပဲ လုပ်​နေတာ ဟုတ်ပါ့မလား။ ​နောက်ဆို ဘယ်လိုလိမ်စားဦးမလဲ၊ ဘယ်လို စား​ပေါက်ထွင်ဦးမလဲ။ ​တွေးရပါမယ်။ သတိနဲ့ ချင့်ချိန်ရပါမယ်။ ​ရက်​ရှည် လရှည် ​အယုံသွင်းပြီး ရိုက်စားလုပ်သွားတဲ့ လူလိမ်​တွေ ​အ​တော်​ပေါပါတယ်။ ​

ငယ်ငယ်က ​အဖိုး​လေးတစ်​ယောက်​ပြောတာ ကြားဖူးတယ်။ ​ဘုရားပွဲမှာ အခမဲ့ ကိုင်ကြည့်လို့ရတယ် ဆိုလို့ ဘာကိုကိုင်ရမလဲ​တော့မသိဘူး။ လူက​တော့ ကြိတ်ကြိတ်တိုးပဲ။ ဝင်သွားတယ်။ ​​မှောင်​​မှောင်နဲ့ မည်းမည်းမှာ ကိုင်ကြည့်တယ်။ ဇွိ... ညှီစို့စို့ ​​ပျော့ဖတ်ဖတ် ဘာ​တွေမှန်း မသိဘူး။ လက်​​ပေသွားပြီ။ ​​ယောင်လည်လည်နဲ့​ပြန်ထွက်​လာ​တော့ အထွက်​​ပေါက်ဝမှာ ​ရေတစ်ခွက်​ တစ်မတ်နဲ့ ​​ရောင်း​နေတယ်။ လက်​​ဆေးဖို့တဲ့။ ​​ကောင်း​ရော။

​နောက်​တစ်ခုက "ကျား​ပျံကြီး ကျား​ပျံကြီး။ ဝင်ကြည့်ရင် တစ်မတ်" ဆိုလို့ ဝင်ကြည့်ကြတယ်။ ​ကြံပြားကြီး ​​ထောင်ပြတယ်တဲ့။ ​ကြံရည်​သောက်တဲ့ ​ကြံကို ညှစ်ပြီးတဲ့​အခါ ပြားသွားတဲ့ ​ကြံပြားပါ။ ကျား​ပျံရဲ့ စကားလိမ်ဟာ ​ကြံပြား ဆို​တော့ တူတူပဲ ဆိုပဲ။ ဗလ​​တောင့်​​တောင့် လူမိုက်ရုပ်​တွေနဲ့ လုပ်စား​နေတာဆို​တော့ မဝင်ကြပါနဲ့ လူလိမ်ပါလို့လည်း ​အော် မ​ပြောရဲကြဘူး။ ပိုက်​ဆံလည်း ​ပြန်မ​​တောင်းရဲကြဘူး​ပေါ့။ ​ခံလိုက်ရလို့ ရှက်​တာလည်း ပါမှာ​ပေါ့။

​လောကမှာ လူလိမ်​တွေ ​များလှပါတယ်။ တစ်ပဲဖိုး​ပေးပြီး တစ်ကျပ်​ပြန်ယူချင်သူ​တွေ များပါတယ်။

ဒါ​​ကြောင့် တစ်ခုခုဆို မလုပ်ခင်၊ ​ငွေထုတ်မ​ပေးခင် ချင့်ချိန်ကြပါ၊ တတ်ကျွမ်းတဲ့ သူ​တွေနဲ့ တိုင်ပင်ကြပါလို့ ​အ​ကြံပြုလိုက်ရပါတယ် ခင်ဗျာ။ ငွေမ​ပေးမိခင် ​မေးကြပါ။ ​ငွေ​ပေးပြီးမှဆိုရင်​တော့ ​ရေစက်​ချ ​အမျှ​ဝေဖို့ပဲ ​ကျန်ပါ​တော့တယ်။

လူ​အချင်းချင်း ​လှည့်ပတ်ခြင်း ကင်းရှင်းကြပါ​စေ။

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment