ဒီနေ့တော့ တွေးစရာ ပြဿနာလေးတစ်ခုကို တင်ပြချင်ပါတယ် ခင်ဗျ။
လူလိမ်တစ်ယောက် ကုမ္ပဏီထောင်ပြီး လိမ်စားနေတယ် ဆိုပါစို့။ တစ်လကို ၂၀% အမြတ်ပေးမယ်တဲ့။ လိမ်နေမှန်းလည်း ကျွန်တော် သိတယ် ဆိုပါစို့။
နောက်တစ်ခုသိထားတာက ဒီလူဟာ နာမည်ယူဖို့ အနည်းဆုံး တစ်နှစ်လောက်တော့ အမြတ်တွေ မှန်မှန်ပေးမယ် ဆိုတာပါပဲ။
ငွေထည့်ထားတဲ့သူတွေက အမြတ်ရောအရင်းပါမထုတ်ပဲ ထပ်ထပ်ထည့်သွားတဲ့သူတွေရှိတာရယ်၊ နောက်အသစ်ရောက်လာပြီး ငွေထည့်တဲ့သူတွေရှိတာရယ်ကြောင့် ရလာတဲ့ ငွေတွေကနေ အမြတ်ငွေကို ပြန်ခွဲပေးနေဦးမှာပါ။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တယ်ပေါ့။ ဒီနည်းနဲ့ ငါးကြင်းတွေ အများကြီး ထပ်ထပ်ရောက်လာရင်တော့ တစ်နှစ်မက ၁၀ နှစ်လည်း ဆက်လိမ်သွားဖို့ ရှိပါတယ်။
လူလိမ်က သူ့လက်ထဲ ငွေတွေ အချီကြီးရောက်လာမှ အပျောက်ရိုက်မှာ။ အနည်းဆုံး တစ်နှစ်လောက်ကတော့ အေးအေးဆေးဆေး လူခေါ်ရင်း ချူဆီထည့်ပြီး အမြတ်ပေးနေဦးမှာ ဆိုပါစို့။
ဒါဆိုရင် ကျွန်တော် ငွေ ၁၀ သိန်း ထည့်လိုက်ပြီး တစ်လ ၂ သိန်း အမြတ်ထုတ်မယ်။ ၅ လနေရင် ၁၀ သိန်း ကိုယ့်လက်ထဲ ပြန်ရောက်ပြီ။ နောက်ထပ် ၅ လအကြာမှာ နောက်ထပ် ၁၀ သိန်း အမြတ်ရမယ်။
တစ်လကို ၂၀% အမြတ်ဆိုတော့ ၁၀ လမှာ အမြတ် သိန်း ၂၀ ရမယ်။ ၁၀ လပြည့်ရင် အရင်းကိုပါ ပြန်ထုတ်လိုက်မယ်။
ဒါဆိုရင် ၁၀ လအကြာမှာ ငွေအရင်း ၁၀ သိန်းနဲ့ အမြတ် သိန်း ၂၀၊ စုစုပေါင်း သိန်း ၃၀ ရှိလာပါလိမ့်မယ်။ သက်တောင့်သက်သာနဲ့ သိန်း ၂၀ မြတ်ပါပြီ။
သိန်း ၁၀၀ ထည့်ထားလိုက်ရင် ၁၀ လအကြာ သိန်း ၂၀၀ မြတ်မယ်။ တော်တော်ကိုက်ပါတယ်။ သွားရည်ယိုစရာပါပဲ။
တစ်ဖက်ကို ပြန်ကြည့်ရင်လည်း ဒီလူ လိမ်နေမှန်းသိတယ်။ ကိုယ်ရတဲ့ အမြတ်တွေဟာ နောက်မှ ရောက်လာပြီး ငွေလာထည့်ထားတဲ့သူတွေရဲ့ငွေတွေမှန်းလည်း သိတယ်။ အဆုံးသတ်မှာ လူတွေ အများစု ငွေဆုံးရှုံးမယ်မှန်းလည်း သိတယ်။
အပေါ်ဆုံးက လူလိမ်ကတော့ အမြတ်အများဆုံးပေါ့။ ကျွန်တော့်လို ငွေထည့်ထားရင် ကြားထဲမှာ မြတ်သွားနိုင်တဲ့သူတွေ ရှိတယ်။ နောက်မှ ရောက်လာတဲ့သူတွေ၊ အမြတ်ငွေတောင် မထုတ်ပဲ ထပ်ထပ်ထည့်ထားတဲ့သူတွေကတော့ ပက်ပက်စက်စက် အရှုံးများမယ်ဆိုတာ သိထားတယ် ဆိုပါစို့။
ဒါဆို ကျွန်တော် ဘာလုပ်သင့်ပါသလဲ။ ငွေထည့်ထားပြီး အမြတ်ကို ယူမလား။ ဝေးဝေးက ရှောင်ရမလား။ အမုန်းခံပြီး လူတွေကို ငွေမထည့်မိဖို့ ပြောရမလား။
ဝိုင်းဝန်းစဥ်းစား အဖြေရှာပေးကြပါဦး ခင်ဗျာ။
(ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဥ်လေးတစ်ခုကို စိတ်ကူးယဥ်ပြီး တွေးကြည့်မိတာပါ။)
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
No comments:
Post a Comment