Thursday, October 29, 2020

အိမ်​​ထောင်ပြု​တဲ့​အခါ

​ကျွန်​​တော့်​အ​နေ​နဲ့ အိမ်​​ထောင်ရေး​အ​​ကြောင်း သိပ်ပြီး ရေး​​လေ့ရေးထ မရှိပါဘူး။ ကျွန်​​တော် မကျွမ်းကျင်​တဲ့​အပိုင်း ဖြစ်​နေလို့ပါ။ ဒါ​ပေ​မဲ့ ​​​​ငွေရေးကြေးရေးကိစ္စ​ပြော​တဲ့​အခါ အိမ်​​ထောင်ရေးကလည်း ​အရေးကြီး​တဲ့​အခန်းကဏ္ဍက ပါဝင်​တာမို့ လူမေးများ​တဲ့ မေးခွန်းလေးအတွက် ကြိုးစားပြီး ​ဖြေပေးလိုက်ပါတယ်ခင်ဗျာ။

"အိမ်​​ထောင်​စော​စောပြု​တာ ​ငွေသခင်ဖြစ်ဖို့ ​​နှောင့်နှေး​စေသလား" ဆို​တဲ့ မေးခွန်းလေးကို ​ဖြေရရင်​​တော့ လူ​​ပေါ်မူတည်တယ်လို့ပဲ​ပြောပါရ​စေ။

ချစ်ခြင်း​မေတ္တာ​​တွေ သူချစ်ကိုယ်ချစ်​တွေ လျှောက်​ပြော​နေရင် စာက ဆုံးမှာမဟုတ်​တဲ့​အတွက် ခဏဖယ်ထားပြီး ​ငွေရေး​ကြေးရေး​အ​​ကြောင်းပဲ ​ပြောပါရ​စေ။

​အိမ်​​ထောင်ပြု​တဲ့​အခါ လူရွေး​မှန်ရင် ​ငွေသခင်ပန်းတိုင်ကို ပိုပြီး​အ​မြန် ရောက်​စေမှာဖြစ်ပြီး လူရွေးမှားရင်​​တော့ ဆင်းရဲတွင်းထဲ နစ်သွား​စေနိုင်ပါတယ်။

လင်​ရောမယားပါ ​​မောင်တစ်ထမ်းမယ်တစ်ရွက် ​ငွေရှာနိုင်ပြီး ​ချွေတာစု​​ဆောင်း ရင်းနှီးမြှုပ်​နှံကြရင်​​တော့ နှစ်ယောက်​အားက တစ်ယောက်​အားထက် ပိုပြီး တာသွားပါတယ်။ ဒါ့​အပြင် တစ်ယောက်က ​​မေ့လျော့​​ပေါ့ဆပြီး သုံးဖြုန်းလက်ဖွာမိရင် နောက်တစ်ယောက်က သတိပေးတားမြစ်လို့ရမယ်။

​နှစ်ယောက်မှာ တစ်ယောက်က ​ငွေရေးကြေးရေး​အ​​ကြောင်းနားလည်ပြီး တစ်ယောက်က​​တော့ စည်းမရှိကမ်းမရှိ သုံးဖြုန်း​နေတတ်ရင် ပြဿနာပါပဲ။ ငွေကြေးစည်းကမ်းရှိ​တဲ့သူက စည်းကမ်းမရှိ​တဲ့​သူ​အ​​ပေါ် ဩဇာ​​ညောင်းရင် ​တော်ပါသေး​ရဲ့။ ​ဒီလိုမှမဟုတ်ရင် အိမ်​​ထောင်ရေး​သောက ရောက်ရပါ​​တော့မယ်။ ကတောက်ကဆ ​အချင်းများရပါ​​တော့မယ်။ (ဓာတ်ပုံထဲမှာ ​ပြောထား​တဲ့ ​အဆိုစကားလိုမျိုး​​ပေါ့။)

နှစ်ယောက်လုံးက ဝင်​ငွေ​နဲ့ ထွက်ငွေကို မချင့်ချိန်တတ်ပဲ သုံးဖြုန်း​နေကြရင်​​တော့ ​သေပြီဆရာ။ ခွေးဖြစ်​​တော့မှာ။ ​အကြွေး​​ထောင်ချောက် ဗီဒီယိုလေးထဲကလို ဖြစ်သွားနိုင်ပါတယ်။

ဒီ​​တော့ လက်မထပ်ခင် တစ်ယောက်​နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမှာက ဝင်​ငွေစာရင်း၊ ​အသုံးစရိတ်စာရင်း၊ ပိုင်ဆိုင်မှု ​နဲ့ ​အကြွေး​တွေကိုပါ။ (ဒါ့​အပြင် တစ်ယောက်​နဲ့တစ်ယောက် စရိုက်၊ ဝါသနာ၊ ရည်မှန်းချက်​ စတာတွေကိုလည်း သိထားဖို့လိုပါတယ်။) ​

အချို့ ​အသုံးစရိတ်​တွေဟာ လက်ရှိမှာ မိဘက ထောက်ပံ့​နေ​​တာမို့ မသိသာလှ​ပေ​​မဲ့ အိမ်​​ထောင်ပြုပြီး​လို့ ကိုယ့်​ခြေထောက်​​ပေါ်ကိုယ် ရပ်တည်ရ​တဲ့​အခါ ​ဝန်ထုပ်​ဝန်ပိုး​တွေ ဖြစ်လာနိုင်ပါတယ်။

ဒါ​​တွေကို ပွင့်ပွင့်လင်းလင်း ​ပြောပြကြပြီးပြီဆိုရင်​​တော့ လက်ထပ်ပြီး​တဲ့​အချိန်​အတွက် ကြိုတင်တွက်ချက်ရ​​တော့မှာပါ။

လက်ထပ်ပြီး​တဲ့​အချိန်မှာ ဝင်နိုင်​တဲ့ လစဥ် ဝင်​ငွေကို ခန့်မှန်း တွက်ချက်ပါ။ ​ဒီဘက်​ခေတ် အမျိုးသမီး​တွေဟာ အိမ်​​ထောင်ပြုပြီးလည်း ​အလုပ်ဆက်လုပ်ကြတာများ​ပေ​မဲ့ ​အချို့​အမျိုးသမီး​တွေက​​တော့ လက်ထပ်ပြီးရင် ​အလုပ်ထွက်ချင်ကြပါတယ်။ ဒါကို ​သေချာဆွေးနွေးသ​ဘောတူဖို့ လိုပါတယ်။ နှစ်ဦး​​ပေါင်းပြီး စီးပွားရေးလုပ်မယ်ဆိုရင်လည်း ကြိုတင် ပြင်ဆင်ထားပါ။ စီးပွားရေး စီ​မံကိန်းဆွဲထားပါ။

အိမ်​​ထောင်သည် ဘဝ​အတွက် လစဥ် ထွက်​ငွေကို ခန့်မှန်း တွက်ချက်ပါ။ အရင်က တစ်ယောက် တစ်​နေရာစီ အိမ်ငှါး​နေတာဆိုရင် လက်ထပ်ပြီး နှစ်ယောက်​​ပေါင်း အိမ်ငှါး​နေတာ၊ ​အစား​အသောက်ကို နှစ်ယောက်စာ​​ ပေါင်းချက်တာက ​အများ​အားဖြင့် ပိုပြီး ​အကုန်​အကျ သက်သာ​​လေ့ရှိတယ်။ ​အရင်ကလို တစ်ယောက်​နဲ့တစ်ယောက် ချိန်း​​တွေ့ဖို့ လမ်းစရိတ်စားစရိတ်​တွေ ​အကုန်​အကျနည်းသွားပါမယ်။ မီတာခ​တွေ ဖုန်း​ဘေ​တွေ သက်သာသွားတတ်ပါတယ်။ ​

ဒါ​ပေ​မဲ့ ​အရင်က မိဘ​အိမ်မှာ ကိုယ်စီ​နေကြတာ၊ လက်ထပ်ပြီးမှ ​​တစ်အိုးတစ်အိမ်ခွဲ​နေကြမှာ၊ အိမ်ပိုင်လည်း မရှိဘူးဆိုရင်​​တော့ ငှါး​နေဖို့ ​အကုန်​အကျပိုများလာမှာပါ။ သီးသန့် မိသားစုတစ်စု​အ​နေ​နဲ့ သာရေးနာရေး ကုန်ကျစရိတ်​တွေလည်း ပိုများလာနိုင်တာကို သတိပြုပါ။ မိဘ​နဲ့ခွဲနေ​​တော့မယ်ဆိုရင် မိဘကို ထောက်ပံ့စရိတ်​တွေလည်း သီးသန့် ထားဖို့လိုပါပြီ။

ဒီလို အိမ်​​ထောင်သည်ဘဝ​အတွက် ဝင်​ငွေ​နဲ့ ထွက်​ငွေကို ခန့်မှန်းတွက်​ချက်ထား​တဲ့​အခါ လက်မထပ်ရခင်ထက် ပိုပြီး စုမိလာမလား၊ စုမိ​ငွေလျော့သွားမလား၊ ဝင်​ငွေ​နဲ့ ထွက်​ငွေမမျှ ဖြစ်သွားမလားဆိုတာကို ကြိုတွက်ကြည့်လို့ ရပါပြီ။ ​ဗေဒင်သွားတွက်ကြည့်​နေ​မဲ့​အစား ဒါမျိုးတွက်ကြည့်သင့်တာပါ။

ဝင်​ငွေ​ထက် ထွက်​ငွေက များ​နေ​တဲ့ ဘဝမျိုးဆိုရင်​​တော့ ငရဲတွင်းထဲကို ခုန်ဆင်း​နေတာပါပဲ။ ​တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ပြီး ​​ပျော်​နေနိုင်ရင်လည်း ခဏပါပဲ။ ထမင်းရည် တူတူသောက်ရင်း အာဟာရမ​ပြည့်ဝရင် ဆေးရုံရောက်ရဦးမယ်။

ဒီ​​တော့ လက်မထပ်ခင်ကတည်းက ဝင်​ငွေထွက်​ငွေစာရင်းကို ကြိုတင်ခန့်မှန်းတွက်ကြည့်ပြီး ဝင်​ငွေ​ထက် ထွက်​ငွေက များ​​နေသေးရင် မယူပါ​နဲ့ဦး။ ဝင်​ငွေတိုးဖို့ ကြိုးစားပြီးမှ၊ ​အ​ခြေခိုင်မှ ယူပါ။ ဒါက ​အသက်​အရွယ်​နဲ့ မဆိုင်ပဲ ကိုယ့်ဘဝ​အ​ခြေ​အ​နေ​နဲ့ပဲ ဆိုင်​တဲ့​အတွက် ဘယ်​အသက်​အရွယ်ရောက်မှ အိမ်​​ထောင်ပြုပါလို့​​တော့ မ​ပြောလိုပါဘူး။

မင်္ဂလာ​ဆောင်​တဲ့​အခါမှာလည်း ​ချွေတာဖို့ လိုပါတယ်။ မိဘက ချမ်းသာလို့၊ သုံးနိုင်ဖြုန်းနိုင်​တဲ့ ​အဆင့်မှာမို့ သူတို့စရိတ်​နဲ့ ​​ဆောင်ပေးတယ်ဆိုရင်​​တော့ ထားပါ။ ကိုယ့်​ငွေ​နဲ့ ကိုယ်​ မင်္ဂလာဆောင်တာဆိုရင်​​တော့ ဇာမ​ချဲ့ချင်ကြပါ​နဲ့။ ​​အကြွေးတင်​ခံပြီး မင်္ဂလာ​ဆောင်တယ်၊ ဟန်းနီးမွန်းထွက်တယ်ဆိုတာ လူမိုက်​တွေ လုပ်​တဲ့​အလုပ်ပါ။

​အ​​ပေါ်က ​ပြော​တဲ့ ကုန်ကျစရိတ်​တွေထဲမှာ ကလေးမွေး​တဲ့​အ​​ကြောင်း ​ထည့်မ​ပြောရသေးပါဘူး။ ကလေးမယူခင် တွက်ချက်ပြင်ဆင်စရာ​တွေကို စာတစ်ပုဒ်ရေးပါဦးမယ်။ ကြိုတင် မတွက်ချက်မပြင်ဆင်ပဲ ကလေးယူမိရင် ​​နောင်တရတတ်ပါတယ်။

ဒါက​​တော့ ​အိမ်​​ထောင်ရေး​နဲ့ ပတ်သက်ပြီး ငွေရေးကြေးရေး မျက်လုံး​နဲ့ ကြည့်​တဲ့​အမြင်ပါ။ ​​​​ဒါ​ပေ​မဲ့ အခြားမျက်လုံး​တွေ​နဲ့လည်း ကြည့်ဖို့လိုပါတယ်။ ​ငွေမျက်နှာတစ်ခုတည်းကိုကြည့်ပြီး အိမ်​​ထောင်ပြုတာကလည်း ​အစွန်းရောက်လွန်းပါတယ်။ ​နှလုံးသား​နဲ့​ရော ဦးနှောက်​နဲ့ပါ မျှမျှတတစဥ်းစားရမှာပါ။

ဒါ​နဲ့ ဓာတ်ပုံထဲမှာပါ​တဲ့ စာ​​ကြောင်းလေးကို ​အတည်မယူပါ​နဲ့။ ​အိမ်​​ထောင်သည်​တွေကို အ​​ပျော်​အပြက် စတာပါ။ (​ရန်ဖြစ်ထား​​တဲ့ ​အချိန်​​တော့ ​မှန်ချင်​မှန်မှာ​​ပေါ့။ လင်​နဲ့မယား လျှာ​နဲ့သွားဆို​​တော့လည်း ခက်သားလား။) အိမ်​​ထောင်ရေး သာယာလို့ စိတ်ချမ်းသာရ​တဲ့သူ​တွေလည်း ​အများကြီးပါခင်ဗျာ။ ​

လူသား​အားလုံး ဉာဏ်ပညာ​နဲ့ ​ချစ်ခြင်းမေတ္တာရှိကြပါ​စေ။


ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment