Thursday, October 29, 2020

ဈေးဝယ်တဲ့​အခါ

ဈေးဝယ်​တဲ့​အခါ မကုန်သင့်တာ မကုန်ရအောင် သတိထားသင့်​တဲ့​အချက်လေး​တွေကို ​​ဖော်ပြပေးလိုက်ပါတယ်။

(၁) ကိုယ်ဝယ်ချင်​တဲ့ ပစ္စည်း ဈေးနှုန်း​မှန်မ​မှန် သိရအောင် ဆိုင် နှစ်ဆိုင်သုံးဆိုင်မှာ ​အရင်စုံစမ်းပါ။ ​အချို့ဆိုင်​တွေက မ​တန်တဆ ဈေးတင်​​ရောင်းတတ်လို့ပါ။ ဝယ်​နေကျ ဖောက်သည်ဆိုင်ဆိုရင်​​တောင် တစ်​ဖြည်း​ဖြည်း​နဲ့ မသိမသာလေး ဈေးတင်​​ရောင်းတာ​တွေ ရှိလာနိုင်တာ​​ကြောင့် ဈေးချင်း နှိုင်းယှဉ်လို့ရအောင် မကြာမကြာ ​​အခြားဆိုင်​တွေမှာ ဈေးမေးပါ။

(၂) ကိုယ် ​ရေရှည် ပုံ​မှန် ဝယ်သုံး​နေကျ ဝယ်စား​နေကျ ပစ္စည်းဟာ ဈေးကွက်မှာ လူကြိုက်များလာတာ​နဲ့ ​အမျှ တစ်​ဖြည်း​ဖြည်း မသိမသာ ဈေးတက်လာတတ်ပါတယ်။ ဒီ​​တော့ အဲဒီပစ္စည်း​နဲ့ ​အရည်​အသွေးတူညီပြီး ဈေးပိုသက်သာ​တဲ့ ပစ္စည်းမျိုးရှိမရှိ မကြာခဏ ရှာ​ဖွေကြည့်သင့်ပါတယ်။

(၃) ကိုယ် ​အရမ်းလိုချင်​နေ​တဲ့ ​ပစ္စည်းကို ​တွေ့ရင် ချက်ချင်းမဝယ်လိုက်ပါ​နဲ့ဦး။ ၃ ရက်လောက် စောင့်ပြီးမှ တစ်ကယ် လိုချင်စိတ်ရှိသေး​ရဲ့​လား ​ပြန်ပြီး သုံးသပ်ပါ။ ​​​ခေါင်း​အေးသွားမှ ဝယ်သင့်မဝယ်သင့် ဆုံးဖြတ်ပါ။

(၄) ဗိုက်ဆာ​နေ​တဲ့​အချိန်မှာ စားစရာ ​အဝယ်မထွက်ပါ​နဲ့။ ဗိုက်ဆာ​နေတာ​​ကြောင့် လိုတာထက် ပိုဝယ်ဖြစ်တတ်ပါတယ်။

(၅) ဈေးမဝယ်ခင် အိမ်မှာ ဘာ​တွေ​ကျန်​နေသေးလဲဆိုတာ ​အရင် စစ်ဆေးပါ။ ရှိပြီးသား ပစ္စည်း​တွေကို မဝယ်မိပါ​စေ​​နဲ့။

(၆) ဈေးမဝယ်ခင် ကိုယ်ဝယ်စရာရှိတာ​တွေကို စာရင်း ​သေချာလုပ်ပြီးမှ စာရင်း​အတိုင်း ဝယ်ပါ။ မလိုအပ်​တဲ့​အရာ​တွေကို ​ယောင်ပြီး မဝယ်မိ​​တော့အောင်ပါ။

(၇) ဈေးဝယ်ထွက်​တဲ့​အခါ ​ငွေပို​တွေ​အများကြီး မယူသွားမိပါ​စေ​နဲ့။ ​ငွေများများ ယူသွား​လေ​လေ၊ ပိုသုံးမိ​လေ​လေပါပဲ။

(၈) ​ငွေ​ပေါလို့ စည်းမရှိ ကမ်းမရှိ လျှောက်ဝယ်တတ်​တဲ့ သူ​တွေ​နဲ့ တူတူ ဈေးဝယ်မထွက်ပါ​နဲ့။ သူတို့ လျှောက်ဝယ်တာ​နဲ့ ကိုယ်ပါ ​ယောင်ပြီး လိုက်ဝယ်မိတတ်ပါတယ်။

(၉) ဈေးဆစ်ပါ။ (ဆင်းရဲ​တဲ့ ဟင်းရွက်သည်၊ ​​ခေါင်းရွက်ဗျက်ထိုးသည်လေး​တွေဆီက​နေ ဆစ်ခိုင်းတာမဟုတ်ပါဘူး။ သူတို့ဆီက​​တော့ ​​ခေါင်းပုံဖြတ်ပြီး မဆစ်ပါ​နဲ့။ ​တန်ရာ​တန်ကြေးပေးပါ။) ဆိုင်ကြီးဆိုင်​​ကောင်း​နဲ့ ​အခန့်သား​​ရောင်း​နေ​တဲ့ ဆိုင်​တွေက​နေ ဈေးဆစ်ဖို့ ​ပြောတာပါ။ ​အချို့ဆိုင်​တွေဟာ ဒီလို ဈေးဆစ်တတ်​တဲ့သူ​တွေကို လျှော့ပေးဖို့​အတွက် ​​ရောင်းဈေးကို ပို​ပြောတတ်ကြပါတယ်။ ဒီလိုဆိုင်မျိုး​တွေမှာ ​အားနာလို့ ဈေးမဆစ်ရဲရင် ကိုယ်ပဲ ​ခံရမှာပါ။ အချို့ဆိုင်​တွေ (ဥပမာ စူပါမားကတ်​တွေ) က​​တော့ တစ်ခွန်းဈေး​နဲ့ ​​ရောင်းတာမို့ ဈေးဆစ်လို့ မရတာကို သတိပြုပါ။

(၁၀) ပစ္စည်း​တွေကို လျှော့ဈေးချတတ်​တဲ့​အချိန်​တွေကို မှတ်ထားပါ။ (ဥပမာ သီတင်းကျွတ် ဈေး​​ရောင်းပွဲ​​တော် ​အထူးလျှော့ဈေး)
တာရှည်​ခံ​တဲ့ ပစ္စည်းမျိုး​တွေကို (ဥပမာ သွားတိုက်ဆေး) လျှော့ဈေးချ​တဲ့​အချိန်ရောက်မှ များများဝယ်ထားပါ။

(၁၁) လျှော့စျေးချတယ်ဆိုတိုင်း ဝယ်သင့်တာမဟုတ်ပါဘူး။ ​အသုံးမလို​တဲ့​အရာ​တွေကို ဘယ်လောက်ပဲ လျှော့ဈေးချချ၊ မဝယ်သင့်ပါဘူး။

(၁၂) ​အချို့ပစ္စည်း​တွေက များများဝယ်ရင် (​ဒါမှမဟုတ် ​အထုတ်ကြီးတာဝယ်ရင်) တွက်​ချေပိုကိုက်ပါတယ်။ ​ငွေ​အလုံ​အလောက်ရှိရင်​​တော့ ဒီလို​အ​ခြေ​အ​နေမျိုးမှာ တာရှည်​ခံ​တဲ့ ပစ္စည်းမျိုး​တွေကို များများဝယ်ထားတာ ပိုသက်သာပါတယ်။

(၁၃) ပစ္စည်းမဝယ်ခင် ပစ္စည်း​ရဲ့ သက်တမ်းကုန်ဆုံးရက်ကို ​အရင်စစ်ဆေးပါ။ သက်တမ်းမကုန်မီ သုံးလို့ကုန်မကုန် ​အရင် စဥ်းစားပြီးမှ ဝယ်ပါ။

(၁၄) ​အသုံး​နဲ့ ​အဖြုန်းကို ခွဲခြားသိပါ။
အသုံးနဲ့ အဖြုန်း

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment