၁၆၃၀ ခုနှစ်များဆီက နယ်သာလန်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ကျူးလစ် အရူးတော်ပုံ အကြောင်း ဝေမျှချင်ပါတယ်။
အဲဒီကာလတွေတုန်းက ဥရောပမှာ ကျူးလစ်ပန်းတွေ အရမ်း ရှားပါးလှပါတယ်။ အာရှတိုက်ကနေ တင်သွင်းရတာပါ။ ထုံးစံအတိုင်း ရှားပါးတဲ့ ပစ္စည်းဟာ ဈေးကြီးတယ်ပေါ့။
အထက်တန်းစား ငွေရှင်ကြေးရှင်တွေကတော့ ဂုဏ်ရှိဖို့ အတွက် ကျူးလစ်ပန်းတွေဝယ်ကြပါတယ်။
ဒီခေတ်မှာ ကိုယ်ချစ်ရတဲ့သူတွေကိုရော ကိုယ့်ကိုယ်ကိုပါ အကြောင်းအမျိုးမျိုးရှာပြီး နောက်ဆုံးပေါ် ကား အကောင်းစားတွေ၊ ဈေးကြီးနာရီတွေ လက်ဆောင် ဝယ်ပေးကြတယ် ဟုတ်။ ကြွားကြတာပေါ့။
သူတို့ကိုသာ ၁၆၀၀ ခုနှစ် ပတ်ဝန်းကျင်မှာ ဥရောပမှာ မွေးခဲ့မယ်ဆို ဈေးကြီးလှပေ့ဆိုတဲ့ ကျူးလစ်ပန်းလေးတွေကို အချင်းချင်း လက်ဆောင်ပေးကြမယ် ထင်ပါရဲ့။ လူဆိုတာကလည်း သူများအထင်ကြီးဖို့ဆို ငွေဘယ်လောက်ကုန်ကုန်လေ။ (အဖြုန်းတွေဆိုတာကို သတိပြုပါ။ တစ်ကယ် ဖြုန်းနိုင်တဲ့ သူတွေကို အားကျပြီး ဝမရှိပဲ ဝိလုပ်၊ ဟန်လုပ် ဖြုန်းပြရင် ဘဝပျက်တတ်ကြောင်း ကြုံတုန်း ကြားညှပ်ပြောပါရစေ။)
ကျူးလစ်ပန်းတိုင်းတော့ ဈေးကြီးတာ မဟုတ်ပါဘူး။ ရှားပါးလှပါပေ့၊ အဆင်းသွင်ပြင်လှပါပေ့ ဆိုတဲ့ ပန်းတွေကတော့ ဈေးကြီးပါတယ်။
ဒီလိုနဲ့ ကျူးလစ်ပန်းတွေရဲ့ ဈေးတွေ တစ်ရိပ်ရိပ် တက်လာပါတယ်။ တစ်ခုခု ဝယ်လိုအားကောင်းလာပြီ၊ ဝယ်ရောင်းလုပ်လို့ မြတ်နေပြီဆိုရင် ဈေးကစားတဲ့ သူတွေ ဝင်လာတာ ထုံးစံပါပဲ။ ဈေးကစားတဲ့ လောဘသားတွေ ဝင်လာပြီဆို ဒါဟာ ပူဖောင်းဖြစ်တော့မယ်၊ ပူဖောင်းပေါက်ရင် လူတွေ ခံရတော့မယ်ဆိုတဲ့ သဘောပါပဲ။
ကျူးလစ်ပန်းတွေက တာရှည်မခံတော့ တာရှည်ခံတဲ့ ကျူးလစ်ဥလေးတွေကို ဝယ်ရောင်းလုပ်ကြပါတယ်။ (ကြက်သွန်နီဥလေးတွေနဲ့ ခပ်ဆင်ဆင်တူပါတယ်။) ဥကို ပျိုးထောင်တဲ့ အချိန်ကျမှ ပန်းပင်ထွက်လာတာပေါ့။
ဒီလိုနဲ့ ဈေးကစားကြတော့ ဈေးကြီးတဲ့ ကျူးလစ်ဥတွေရော၊ အခြား ဈေးမကြီးတကြီး ကျူးလစ်ဥတွေပါ ဈေးတွေ ပိုမြောက်လာပါတယ်။ ခုဝယ်ခုရောင်း ခုမြတ် ဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာ အိမ်ခြံမြေနဲ့ ကားတွေကို ဈေးကစားကြတုန်းကလည်း ဒီလို ခပ်ဆင်ဆင်ပါပဲ။ ပဲဈေးကွက်၊ ကြက်သွန်ဈေးကွက်တို့မှာလည်း ဖြစ်ခဲ့ဖူးပါရဲ့။
ဒီလိုနဲ့ ဈေးတွေ တက်လာလိုက်တာ အချို့ရှားပါး ကျူးလစ်မျိုးဥတွေဆိုရင် တစ်ဥကို အိမ်တစ်လုံး တန်ဖိုးလောက်ထိ ဈေးတက်သွားပါသတဲ့။ ဒီလိုနဲ့ ဈေးတွေမြင့်လာရာက ၁၆၃၇ ခုနှစ် မနက် တစ်မနက်မှာ ကျူးလစ်ဥ ဈေးတွေ ရုတ်တရက် ဝုန်းဆို ထိုးကျသွားပါတော့တယ်။ ဈေးအဆမတန်ကြီးလာတဲ့ ကျူးလစ်ဥတွေကို ဝယ်ချင်တဲ့သူတွေမရှိတော့လို့ ရတဲ့ ဈေးနဲ့ ထိုးရောင်းကြလို့ပါ။
ဒီလိုနဲ့ ကျူးလစ် အရူးတော်ပုံလို့ခေါ်တဲ့ ကျူးလစ်ပူဖောင်းကြီး ရုတ်တရက် ပေါက်သွားပါတော့တယ်။ ကျူးလစ်ဥတွေ ဝယ်ကိုင်ထားတဲ့သူတွေ အရှုံးကြီးရှုံးတော့တာပေါ့။ မြန်မာနိုင်ငံမှာ ဖုန်းဈေး၊ ကားဈေးတွေထိုးကျတုန်းက ခံလိုက်ရသလိုပေါ့။ (ကွဲပြားမှုတော့ အနည်းငယ်ရှိပါတယ်။)
အချို့သော ဝတ္ထုဆရာတွေကတော့ ဒီကျူးလစ် အရူးတော်ပုံကြောင့် လူပေါင်းများစွာ ဒုက္ခရောက်ပြီး သတ်သေကုန်ကြကြောင်း တစ်ဆိတ်ကို တစ်အိတ်လုပ် ပုံကြီးချဲ့ခဲ့ကြပါတယ်။ နယ်သာလန် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စီးပွားရေးထိုးကျသွားတာမျိုး မရှိခဲ့ပေမဲ့ ယူတတ်ရင် သင်ခန်းစာတွေ အများကြီးရမယ်ဆိုတာ ငြင်းမရပါဘူး။
လက်ရှိမှာ ဘစ်ကွိုင်နဲ့ အခြား ခရစ်တို ဒစ်ဂျစ်တယ် ငွေကြေးတွေဟာ ကျူးလစ်ဥတွေလိုပါပဲ။ ဈေးတက်နေတုန်းမှာ၊ ဈေးအတက်အကျဖြစ်နေတုန်းမှာ ဈေးကစား ချင်သူတွေအတွက် ငွေရှာရ လွယ်သလို ဖြစ်နေတတ်ပါတယ်။ တစ်နေ့ ဈေးတွေ ဝုန်းကနဲ ထိုးကျရင် မျက်ရည်နဲ့ မျက်ခွက် ဖြစ်ကြရဦးမှာပါ။
ဈေးကစားတဲ့ လောဘရူးတွေရှိနေသမျှ အရူးတော်ပုံတွေ ဆက်ဖြစ်နေဦးမှာပါပဲ။ ၁၆၃၇ ကျူးလစ် ပူဖောင်း၊ ၁၇၂၀ တောင်ပင်လယ် ကုမ္ပဏီ ပူဖောင်း၊ ၁၉၂၉ စတော့ဈေးကွက် ပူဖောင်း၊ ၁၉၉၀ ဂျပန် အိမ်ခြံမြေနဲ့ စတော့ဈေးကွက် ပူဖောင်း၊ ၂၀၀၀ အမေရိကန် အင်တာနက် ဒေါ့ကွန်း ပူဖောင်း၊ ၂၀၀၈ အမေရိကန် အိမ်ခြံမြေ ပူဖောင်း စသဖြင့် သမိုင်းတစ်လျှောက် ပူဖောင်း အမျိုးမျိုးကြောင့် ဘဝပျက်ခဲ့ရတဲ့ သူတွေများပါပြီ။
ဒါတောင် အမှတ်မရှိပဲ ဆက်ပြီး ဈေးကစားချင်ကြတုန်းလား။ ဒေါက်တာ သန်းထွန်းက ပြောခဲ့ပါတယ်။ "သမိုင်းသင်တာ မအအောင်" တဲ့။ ကားလ်မောက်စ်ကပြောခဲ့ပါတယ် "သမိုင်းက အဖန်ဖန် ပြန် ဖြစ်လေ့ရှိတယ်" တဲ့။
နောက်တစ်ကျော့ ပြန်လာတော့မယ့် ဈေးကစား ပူဖောင်းတွေကြားမှာ တုံးလွန်း အ,လွန်းရင် ငွေတွေ ရှုံးရဦးမယ်။ ဒီလို မဖြစ်ရအောင် ရေးပြတဲ့ သမိုင်း တစ်ပိုင်းတစ်စလေးပါ ခင်ဗျာ။
အရူးတော်ပုံတွေကို ရှောင်ကြပါ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment