Monday, September 28, 2020

ဖြန့်ကြက်​မြှုပ်​နှံ ​ဖြည်း​ဖြည်း​မှန်

ရွှေ​အပြင် ​အခြားရင်းနှီးမြှုပ်​နှံမှု​တွေဖြစ်တဲ့ အိမ်​ခြံ​မြေ၊ ဆိုင်ခန်း၊ ကား၊ စ​တော့ ရှယ်ယာလက်​မှတ် စတာ​တွေဟာ အဝယ်မတတ်ရင်၊ ​ဝယ်တဲ့ ​အချိန်​အခါမှားရင် အရှုံးကြီးရှုံးတတ်​​ကြောင်း ​ရေးခဲ့ပြီးပါပြီ။

ရှုံးတတ်တဲ့ ရွှေ 

ကျွန်​​တော်ရေး​တဲ့ ရင်းနှီးမြှုပ်​နှံမှုစာ​တွေကို ဖတ်​နေတဲ့သူ​တွေထဲမှာ ​လော​လောဆယ် ​စုမိငွေ နည်း​နေ​သေးတဲ့ သူ​တွေလည်း ပါမှာပါ။ ​အနာဂတ်မှာ ကြွယ်ဝလာကြမယ့် ​ငွေသခင်​​လောင်း​တွေ​အတွက်​ ​​နောင်တစ်ချိန် စုမိလာတဲ့​ငွေကို ​အ​မြော်​အမြင်ကြီးကြီးနဲ့ စီ​မံခန့်ခွဲနိုင်​အောင် ခုကတည်းက ကြိုတင် ​ပြောပြထားတာပါ။ ​

​လောကမှာ ဘယ်​အရာမှ မ​ရေရာပါဘူး။ မနက်​​ဖြန် ​ရွှေ​ဈေးတက်​မလား၊ ကျမလား ကျွန်​တော် ​အတိ​အကျ မသိပါဘူး။ အိမ်​ခြံ​မြေ ​​ဈေး၊ ကား​ဈေး၊ စ​တော့ရှယ်ယာ​ဈေးလည်း ဒီလိုပါပဲ။ ​ရေတိုမှာ မ​ရေရာပါဘူး။

#ဖြန့်ကြက်မြှုပ်နှံပါ

ဒီလို​ရေရာမှု​ မရှိတာ​​ကြောင့် ရင်းနှီးမြှုပ်​နှံမှုလုပ်တဲ့ ​အခါ တစ်​နေရာတည်းမှာ မြှုပ်​နှံထားတာကို အားမ​ပေးပါဘူး။ တစ်​နေရာတည်းမှာ ပုံ​အောမထားသင့်ပါဘူး။ "ကြက်ဥ​တွေ​အားလုံးကို ခြင်း​​တောင်း တစ်ခုထဲမှာ ဘယ်​​တော့မှ စုပြုံ​ထည့်မထားပါ​နဲ့" ဆို​တဲ့ စကားပုံလိုပါပဲ။

​ရွှေတစ်မျိုးတည်း စုတာ၊ ​​ဘဏ်တစ်ခုထဲမှာပဲ စုမိ​ငွေ​အားလုံးကို အပ်ထားတာ၊ ​​​ငွေ အားလုံးကို အိမ်မှာ ​သော့ခတ်ထားတာ၊ ရှိတဲ့​ငွေ​တွေကို စီးပွား​ရေးလုပ်ငန်း တစ်ခုထဲမှာပဲ မြှုပ်ထားတာ၊ ရှိသမျှ​ငွေ ကား​တွေပဲ ဝယ်ထားတာ၊ အိမ်​ခြံ​မြေထဲ ​အကုန်​ထည့်ထားတာ၊ စ​တော့​ဈေးကွက်​မှာပဲ ​အားလုံးပုံ​ထည့်ထားတာ၊ ဒီလိုမျိုး တစ်​နေရာတည်းမှာ စုပုံ​အောလိုက်တာမျိုး ​​ရှောင်သင့်ပါတယ်။

တစ်​နေရာတည်းမှာ စုပြုံ​ထည့်မထားပဲ ဖြစ်နိုင်ရင်​တော့ နည်းနည်းစီ ခွဲပြီး ​ဖြန့်ကျက်​ ထည့်ထားသင့်ပါတယ်။ ဒါမှ ​တစ်ခုမှာ ​အရှုံး​ပေါ်​နေရင် ​နောက်တစ်ခုနဲ့ ကာမိ​အောင်ပါ။ ဘယ်​လောက်မြတ်ပါတယ်ဆိုတဲ့ ရင်းနှီးမြှုပ်​နှံမှုပဲ ဖြစ်ဖြစ် ရှိတာပုံ​အောလိုက်တာဟာ မိုက်လုံးကြီးတာပါပဲ။ ​လောဘ​​ကြောင့် တစ်​နေ့ ဒုက္ခ​ရောက်ရတတ်ပါတယ်။

#ဖြည်းဖြည်းမှန်မှန်မြှုပ်နှံပါ

​ရွှေကိုလည်း မဝယ်နဲ့မဟုတ်ပါဘူး။ ဝယ်လို့ရပါတယ်။ ဝယ်ချင်ရင်လည်း ရှိသမျှ​ငွေတွေ ပုံ​အောပြီး တစ်ချိန်တည်း တစ်ရက်​တည်းမှာ ဝယ်လိုက်တာမျိုး မလုပ်ပဲ ​ဖြည်း​ဖြည်းနဲ့ ​မှန်​မှန်သာ ဝယ်သင့်ပါတယ်။

ဥပမာ ​ပြောရရင် စုထားတဲ့​ငွေထဲက ​သိန်း ၁၀၀ ဖိုး ​ရွှေဝယ်ချင်တယ်ဆိုပါစို့။ သိန်း ၁၀၀ ဖိုးလုံးကို တစ်ရက်​တည်းနဲ့ ​အပြတ်ဝယ်လိုက်မဲ့​အစား တစ်လကို ၁၀ သိန်းဖိုး နဲ့ ၁၀ လကြာ​အောင် ဝယ်သင့်ပါတယ်။ (ဒါမှမဟုတ် တစ်ပတ်တစ်ခါ ​​ပေါ့။) ၁၀ သိန်းဖိုး ​အတိ​အကျမဟုတ်ရင်​​တောင် ​၁၀ သိန်းဖိုးနဲ့ ​အနီးစပ်ဆုံး ပမာဏကို ဝယ်ပါ။ ​ရွှေ​ဈေး​အတက်​​အကျကို ၁၀ လစာ ပျမ်းမျှထားလိုက်သလို ဖြစ်သွားတဲ့​အတွက်​ ​အရှုံး ​အမြတ် မကြမ်း​တော့ပါဘူး။

​ရွှေမှ မဟုတ်ပါဘူး။ ​အခြားရင်းနှီးမြှုပ်​နှံမှု​တွေ လုပ်တဲ့​အခါလည်း ဒီလိုပဲ ​ဖြည်း​ဖြည်း​မှန်​မှန် ခွဲလုပ်သင့်ပါတယ်။ ခွဲလုပ်ဖို့ ​အဆင်​ပြေ​လောက်တဲ့ ​ငွေပမာဏဆိုရင်​ပေါ့။

တစ်လုံးတည်း တစ်ခါတည်းဝယ်မိရင် ​အတက်​​ဈေးနဲ့မိလို့ ရှုံးတတ်ပါတယ်။ (မနှစ်က) ဘဏ်​တွေ​အ​​ကြောင်း ​ကောလာဟလထွက်​​နေလို့ ရှိသမျှ​ငွေ ​ဘဏ်ထဲကထုတ်၊ ချက်​ချင်းပဲ ​ငွေ​အားလုံးကို ​ရွှေဝယ်လိုက်တာမျိုး ​အားမ​ပေးပါဘူး။

၂၀၁၁ နှစ်ဆန်းပိုင်းမှာ ​ရွှေ​ဈေး​တွေ ​အဆမ​တန် ​မြောက်​နေခဲ့ပါတယ်။ အဲဒီမတိုင်ခင် နှစ်​တွေမှာလည်း ​ရွှေ​ဈေးဟာ တစ်ရိပ်ရိပ်တက်​​နေပါတယ်။ လူ​တွေက တရိပ်ရိပ်တက်​လာတဲ့ ​ရွှေ​ဈေး​တွေကိုကြည့်ပြီး ​လောဘတက်​လာကြပါတယ်။ သွားရည်ယိုလာကြပါတယ်။

ဒါ့​​ကြောင့် ဝယ်လို​အား ပိုတက်​လာပါတယ်။ ဝယ်လို​အားတက်​​လေ ​ရွှေ​ဈေးတက်​​​လေ၊ ​ဈေးတက်​​လေ ဝယ်လို​အားတက်​​လေနဲ့ ​ရွှေ​ဈေးဟာ ​အဆမ​တန်ဖြစ်ပြီး ​နောက်ဆုံးမှာ ​ပြန်ကျရရှာပါ​တော့တယ်။

အဲဒီ​အချိန်မှာ ​ဈေးကစားတဲ့ မသမာသူ​တွေက ​ရွှေ​ဈေးကွက်​ထဲမှာ မရှိ​တော့ပါဘူး။ ​အနိုင်နဲ့ပိုင်းပြီး ထွက်​သွားကြပါပြီ။ ​နောက်ဆုံး​​အရှုံးနဲ့​ ကျန်ခဲ့တာက အမြတ်ရချင်လို့ဆိုပြီး ရှိတဲ့တစ်သက်​စာ စုမိ​ငွေ​လေး​တွေကို ပုံ​အောပြီး ​ဈေး​အတက်​ဆုံး​အချိန်မှာ ​ရွှေဝယ်လိုက်ကြတဲ့ သူ​တွေပါ။

#အတက်ဈေးနဲ့ရွှေဝယ်ထားမိရင်

​ရွှေ​ဈေး ၁၂ သိန်းခွဲ ​အထက်​မှာ ဝယ်မိပြီး ရွှေ​ဈေး​တွေ​ပြန်ကျလို့ စိတ်ဆင်းရဲ​နေကြသူ​တွေ ရှိပါလိမ့်မယ်။

​ရွှေ​ဈေးကျ​နေတုန်း ​ပြန်​​ရောင်းလိုက်ရင် "​အတက်​မှာဝယ် ​အကျမှာ​​ရောင်း" တဲ့ မဟာနလပိန်းတုံးဘွဲ့ ရနိုင်တာ​​ကြောင့် ကျွန်​တော်သာဆို မ​​ရောင်း​သေးပါဘူး။

​​ရောင်းတဲ့ ​အခါမှာလည်း တစ်ရက်​တည်း ​အကုန်မ​​ရောင်းပဲ ​ဖြည်း​ဖြည်းနဲ့​မှန်​မှန် နည်းနည်းစီခွဲပြီး တစ်လတစ်ခါ (သို့) တစ်ပတ်တစ်ခါ ​​ရောင်းသင့်ပါတယ်။

ရွှေ​ဈေးဟာ ​​လောကဓမ္မ​အတိုင်း တက်မယ်၊ ကျမယ်။ ကျတဲ့ ​အရှိန်ကုန်သွားရင် ​ပြန်တက်​ဦးမယ်။ ဒီ ၅ နှစ်​အတွင်းမှာ ၁၃ သိန်း ​အထက်​ကို တစ်ခါ​တော့ ​အနည်းဆုံး​ပြန်​ရောက်ဦးမယ်လို့ထင်ပါတယ်။ ​

ဒါဟာ ကျွန်​တော့် တစ်ဦးတည်း​ရဲ့ အမြင်သာ​ဖြစ်ပြီး ကျွန်​တော်ဟာ ​ရွှေဘက်​ဆိုင်ရာ ကျွမ်းကျင်သူမဟုတ်​​ကြောင်း သတိ​ပေးလိုပါတယ်။ ကျွန်​တော်​ပြောတာ ဖြစ်ချင်မှလည်း ဖြစ်လာမှာပါ။ ကျွန်​တော်သာ ၁၂ သိန်းခွဲ​ဈေးနဲ့ ​ရွှေဝယ်ထားမိရင် (ဝယ်​တော့ မဝယ်ထားမိပါဘူး။ ​ဈေးတက်​​နေရင် မရှိမဖြစ် လိုအပ်တာကလွဲပြီး ဘာမှကို မဝယ်ပါဘူး။) ​ရွှေ​ဈေး​ပြန်တက်​တဲ့ ​အထိကို စိတ်ရှည်ရှည်နဲ့ ​​စောင့်မှာဖြစ်​​ကြောင်းကိုပဲ ​ပြောတာပါ။ ​အနည်းဆုံး​ဘဏ်တိုး​လောက်ကို မြတ်မှ ​ပြန်ထုတ်​​ရောင်းမှာပါ။

ကျွန်​တော်​ပြောတာမှားလို့ ​ရွှေ​ဈေး​ပြန်မတက်​လာဘူးဆိုရင်လည်း ကျွန်​တော် ဘယ်သူ့ကိုမှ တာ​ဝန်ယူ ​ပြန်လျော်​ပေးဖို့ ​အစီ​အစဉ်မရှိတာမို့ ချင့်ယုံ​ပေးကြပါ ခင်ဗျာ။ ​ဈေးကြီးချိန်မှာ ဝယ်မိလို့ စိတ်​သောက​ရောက်​နေသူ​တွေကို ရိုးသားစွာ ​အ​ကြံ​ပေးတာပါ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...