ကျွန်တော်တို့နိုင်ငံမှာ မိရိုးဖလာ ယဉ်ကျေးမှုအရ အသက်ကြီးလာတဲ့ မိဘတွေကို သားသမီးတွေက စောင့်ရှောက်ကြပါတယ်။ လုပ်ကျွေးကြပါတယ်။
မိဘတွေကလည်း သူတို့သားသမီးတွေ ကြီးလာရင် သူတို့ကို စောင့်ရှောက်မှာပဲ လို့ မျှော်လင့်ကြပါတယ်။ သားသမီးတွေကို စုဘူးလေးတွေလို့တောင် တင်စားကြပါတယ်။ စုမိတာဆိုလို့ သားသမီးတွေပဲ ရှိတာကိုး။ သားသမီးတွေကိုကျွေးမွေးတာ ပညာသင်ပေးတာ သူတို့ အတွက် ရင်းနှီးမြှုပ်နှံမှုပဲ။ သားသမီးတွေ အတွက်ဆိုရင် ရှိတာကုန်ချင်လည်း ကုန်ပါစေ။ အသက်ကြီးလာရင် သူတို့ ပြန်လုပ်ကျွေးကြမှာပဲလေ။
ဒါကို ကျွန်တော်က သားသမီးပင်စင်လို့ ခေါ်ချင်ပါတယ်။ ဒီ ပင်စင်လစာ ကောင်းမကောင်း၊ အိုဇာတာ ကောင်းမကောင်းက သားသမီးတွေ အပေါ် မူတည်နေပါတယ်။ သားသမီးတွေက ကျေးဇူး သိတတ်ဦးမှ၊ သိတတ်တယ် ဆိုရင်တောင် သားသမီးတွေက ပေးနိုင်ကမ်းနိုင်၊ စောင့်ရှောက်ထားနိုင်တဲ့ အခြေအနေရှိဦးမှ၊ သားမက်တွေ ချွေးမတွေက ကြည်ဖြူဦးမှပါ။
အချင်းချင်း တွက်ကပ်နေတဲ့ သားသမီးတွေ ရှိပါတယ်။ မိဘကို မသထာတဲ့ သားသမီးတွေ ရှိပါတယ်။ ယူထားတဲ့ ဇနီးခင်ပွန်းတွေကို ကြောက်နေရလို့ မိဘကို လှည့်မကြည့်နိုင်တဲ့ သားသမီးတွေ ရှိပါတယ်။ မိဘကို ထောက်ပံ့ချင်ပါလျက်နဲ့ မပြေလည်ပဲ ဆင်းရဲနေတဲ့ သားသမီးတွေ ရှိပါတယ်။
အတော်လေးကို ရင်မောရတဲ့ ပင်စင်ပါ။ အာမခံချက် မရှိပါဘူး။ လောင်းကစားလုပ်နေရသလိုပါပဲ။
အခမဲ့ ဘိုးဘွားရိပ်သာမှာ သွားနေမှာပေါ့လို့ အလွယ်ပြောလို့ရပေမဲ့ ကိုယ်အသက်ကြီးလာတဲ့အချိန်ရောက်ရင် သက်ကြီးရွယ်အိုတွေအတွက် အခမဲ့ ဘိုးဘွားရိပ်သာတွေ အလုံအလောက်ရှိမရှိ မသေချာလှပြန်ပါဘူး။
ကိုယ်တိုင်စုဆောင်းထားတဲ့ငွေရှိရင်တော့ ကျန်းမာရေးနဲ့ စားရေးသောက်ရေးအတွက် ဘယ်သူ့မျက်နှာမှ ကြည့်နေစရာ မလိုတော့ဘူးပေါ့။ သားသမီးမရှိလို့၊ သားသမီးမကောင်းလို့ဆိုပြီး မျက်နှာငယ်စရာ သိပ်မလိုပါဘူး။ ငွေတတ်နိုင်ရင် ကိုယ့်ကို ပြုစုစောင့်ရှောက်မယ့်သူကို အခကြေးငွေပေးပြီး ငှါးထားနိုင်ပါတယ်။ သိတတ်တဲ့ သားသမီးတွေ စောင့်ရှောက်တာလောက် မနွေးထွေးနိုင်ပေမဲ့၊ မသိတတ်တဲ့ သားသမီးတွေလောက်တော့ မပူလောင်တာ အမှန်ပါ။ ဝမ်းရေးအတွက် နောက်ဆံတင်းစရာမလိုပဲ လှူနိုင်တန်းနိုင်၊ တရားရှာနိုင်မှာပါ။
ကျွန်တော်ဟာ မိဘကို လုပ်ကျွေးစောင့်ရှောက်နေပါတယ်။ လုပ်ကျွေးခွင့်ရလို့လည်း အတိုင်းမသိ ဝမ်းသာမိပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒီလိုပြုခဲ့တဲ့ ကုသိုလ်ကံတွေကြောင့် ကိုယ့်အလှည့်ကျရင် ကိုယ့်သားသမီးတွေက ပြန်စောင့်ရှောက်လိမ့်မယ်လို့ တစ်ထစ်ချ မတွက်ထားပါဘူး ခင်ဗျာ။
အသက်ကြီးလာရင်လိုအပ်မယ့် ကျန်းမာရေး၊ စားဝတ်နေရေး စတဲ့ ကုန်ကျငွေတွေအတွက် ကိုယ်တိုင် စုဆောင်းထားပါတယ်။ သားသမီးတွေကို မမျှော်ကိုးတော့ပါဘူး။ အိုဇာတာ ကောင်းမကောင်း အနာဂတ်ကို သားသမီး လက်ထဲ မအပ်ပဲ ကိုယ့်လက်ထဲပဲ ကိုယ် အပ်ထားပါတယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ ပြင်ဆင်ထားပါတယ်။
ကိုယ့် သားသမီးတွ အဆင်မပြေလို့ ဖြစ်ဖြစ်၊ မသိတတ်လို့ဖြစ်ဖြစ် ဒုက္ခရောက်တော့မှ အိုဇာတာ မကောင်းတဲ့ ငါပါလား၊ ကံဆိုးလှတဲ့ ငါပါလားလို့ ငိုကြီးချက်မ မဖြစ်ရလေအောင် ကိုယ့်နောင် ရေးအတွက် စဉ်းစားကြစေလိုပါတယ်။
စုထားဆောင်းထားတာ မရှိသေးရင် ခုချိန်ကစပြီး စုသင့်ပါပြီ။
အထူးသဖြင့် လူငယ်တွေကို ပြောချင်တာက ကိုယ့်ကို အရွယ်ရောက်တဲ့ထိ ပြုစု ပျိုးထောင် ကျွေးမွေး ပညာ သင်ပေးထားတဲ့ အနန္တ ကျေးဇူးရှင် မိဘတွေကို ပြန်ပြီး ပြုစုစောင့်ရှောက်ခွင့်ရတာ ဝမ်းသာပီတိ ဖြစ်ဖို့ ကောင်းပါတယ်။ ဒါကြောင့် မိဘတွေကို တစ်ဖန်ပြန်ပြီး ကျေးဇူးဆပ်ကြပါ။
ဒါပေမဲ့ ကိုယ့်အလှည့်ကျရင်တော့ သားသမီးပင်စင်ကို အားမကိုးပဲ ကိုယ့်နောင်ရေးအတွက် ကိုယ်ကိုယ်တိုင် ကြိုတင် ရှာဖွေစုဆောင်းထားကြပါလို့ တိုက်တွန်းချင်ပါတယ်။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Thursday, September 24, 2020
သားသမီး ပင်စင်
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment