ဒီနေ့တော့ ငွေကြေး ကြွယ်ဝချမ်းသာဖို့ သူဌေးဖြစ်ဖွယ် နည်း (၅) သွယ်ကို မျှဝေလိုက်ပါတယ်။
(၁) စီးပွားရေးလုပ်ငန်းရှင်
စီးပွားရေးလုပ်ငန်းတစ်ခုခုကို စွန့်စားပြီး လုပ်တဲ့အခါ သူဌေးဖြစ်နိုင်ပါတယ်။ သမားရိုးကျ စီးပွားရေးလုပ်ငန်းရှင်တွေရော၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေပါ အကျုံးဝင်ပါတယ်။ ဒါပေမဲ့ အရှုံးကြီးရှုံးလို့ ဘဝပျက်သွားသူတွေလည်း ရှိတတ်တာမို့ အထူးသတိထားဖို့တော့ လိုပါတယ်။
သေမြေကြီး ရှင်ရွှေထီး https://www.facebook.com/fireflypsk/posts/256579539013662/
(၂) ပြိုင်စံရှားတဲ့ ထူးချွန်သူ
နယ်ပယ်တစ်ခုခုမှာ ထူးချွန်သွားရင်လည်း သူဌေးဖြစ်နိုင်ပါတယ်။ အတော်ဆုံး အားကစားသမားတွေ၊ အနုပညာသမားတွေ၊ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေဟာ အများအားဖြင့် ဝင်ငွေကောင်းတတ်ကြပါတယ်။
ဒီလိုဖြစ်ဖို့ အချိန်တွေအများကြီး ရင်းနှီးမြှုပ်နှံကြရပါတယ်။ အတွေ့အကြုံတွေယူရပါတယ်။ ပညာတွေ ဆည်းပူးရပါတယ်။ ဇွဲ၊ လုံ့လ၊ ဝိရိယ အများကြီး စိုက်ထုတ်ရပါတယ်။ ရလာတဲ့ငွေတွေအားလုံးကို မသုံးဖြုန်းပစ်ပဲ စုဆောင်းထားနိုင်ဖို့၊ ရင်းနှီးမြှုပ်နှံတတ်ဖို့လည်း လိုပါတယ်။
စီးပွားရေးလုပ်ငန်းရှင်ဖြစ်မှ ချမ်းသာမှာလား https://www.facebook.com/fireflypsk/posts/267112521293697/
(၃) ကုမ္ပဏီ ရာထူးကြီး ဝန်ထမ်း
ကုမ္ပဏီဝန်ထမ်း အလုပ်လုပ်ရင်း ရာထူးတစ်ဖြည်းဖြည်းကြီးလာတဲ့အခါ လစာတွေလည်း အများကြီး တိုးသွားတတ်ပါတယ်။ ဥပမာပြောရရင် သာမန် အင်ဂျင်နီယာဝန်ထမ်း အသစ်တစ်ယောက်ရဲ့ လစာနဲ့ အင်ဂျင်နီယာချုပ်တစ်ယောက်ရဲ့လစာဟာ ၅ ဆ၊ ၁၀ ဆ၊ အဆ ၂၀ ကွာသွားတတ်ပါတယ်။ ပြီးတော့ ရာထူးကြီးဝန်ထမ်းတွေဟာ အကျိုးအမြတ်ခွဲဝေခံစားခွင့်တွေအပြင် အခြား အကျိုးခံစားခွင့်တွေ ရတတ်ပါသေးတယ်။
လူတိုင်းတော့ ဒါမျိုး မဖြစ်နိုင်ပါဘူး။ နှစ်ပေါင်းများစွာ လုပ်ငန်းအတွေ့အကြုံယူရပါမယ်။ လိုအပ်ရင် ဘွဲ့လွန် ပညာရေးတွေ ဆက်တက်ရပါမယ်။ အထက်လူကြီးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ့်အောက်ကလူတွေနဲ့ သင့်မြတ်အောင် နေတတ်ရပါမယ်။ သူများထက် နှာတစ်ဖျားသာနေအောင် အမြဲကြိုးစားနေရပါမယ်။ ရလာတဲ့ငွေတွေအားလုံးကို မသုံးဖြုန်းပစ်ပဲ စုဆောင်းထားနိုင်ဖို့၊ ရင်းနှီးမြှုပ်နှံတတ်ဖို့လည်း လိုပါတယ်။
(၄) ချွေတာ၊ စုဆောင်း၊ ရင်းနှီးမြှုပ်နှံသူ
ဒီနည်းကတော့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်၊ ပြိုင်စံရှားတဲ့ ထူးချွန်သူ၊ ရာထူးကြီးဝန်ထမ်းတွေ မဟုတ်ပေမဲ့ ဝင်ငွေ အသင့်အတင့်ရှိတဲ့ ဘယ်သူမဆို လုပ်လို့ရတဲ့နည်းပါ။ ဝင်ငွေရဲ့ ၃၀% နဲ့အထက်ကို ပုံမှန် စုဆောင်းထားနိုင်တယ်၊ စုမိတဲ့ငွေကို သင့်တင့်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ထားတယ်ဆိုရင် ရေရှည်မှာ တင့်တောင့်တင့်တယ် သူဌေးဖြစ်နိုင်ပါတယ်။
ချက်ချင်း သူဌေးဖြစ်တဲ့နည်းတော့ မဟုတ်ပါဘူး။ ကျိကျိတက်ချမ်းသာတဲ့ နည်းမဟုတ်ပါဘူး။ နှစ်ပေါင်း ၂၀၊ ၃၀ ကြာတတ်ပါတယ်။ ဒီနည်းကို သုံးပြီး ပုံမှန် စုဆောင်းသွားရင် အသက်ကြီးလာတဲ့အခါ ကိုယ့်အတိုင်းအတာနဲ့ ကိုယ် အိုစာမင်းစာ လုံလုံလောက်လောက်ရှိပြီး လှူနိုင်တန်းနိုင်တဲ့ဘဝကို ရရှိနိုင်မှာပါ။
(၅) အတိတ်ကံကောင်းသူ
ထီပေါက်၊ ကံစမ်းမဲပေါက်၊ လောင်းကစားလုပ်တိုင်းနိုင်၊ မွေးကတည်းက ချမ်းသာလာသူတွေ၊ မိဘဆွေမျိုးတွေဆီက အမွေရတဲ့သူတွေပါ။ အဟောင်းစားရတဲ့သူတွေပါ။ ကံကိုယုံပြီး ဆူးပုံမနင်းဖို့တော့ လိုပါတယ်။
လုံ့လလည်းထူ မိုးလည်းကူ https://www.facebook.com/fireflypsk/posts/290746195596996/
#ဒုစရိုက်သမားတွေ
ဒုစရိုက်လုပ်ငန်းတွေ၊ မသမာတဲ့ လုပ်ငန်းတွေလုပ်ပြီး၊ လာဘ်စားပြီး ကြီးပွားချမ်းသာလာတဲ့သူတွေကိုတော့ ကျွန်တော်က ကြွယ်ဝချမ်းသာတဲ့ သူဌေးတွေလို့ မသတ်မှတ်ပါဘူး။ အတိတ်ကံကြောင့် ချမ်းသာလာတာလို့လည်း မသတ်မှတ်ပါဘူး။
ဆိုကြပါစို့။ လူတစ်ယောက်ဟာ ငွေတွေအများကြီးကို အတိုးနဲ့ချေးပြီး သုံးပြဖြုန်းပြနေတယ်။ တိုက်တွေဆောက်တယ်၊ ကားတွေဝယ်တယ်။ သောက်စားပျော်ပါးတယ်။ ဒီလူကို သူဌေးလို့ ခေါ်လို့ရမလား။ မရပါဘူးခင်ဗျာ။ အတိုးနဲ့ ချေးယူပြီး လျှောက်ဖြုန်းနေတာ။ တစ်နေ့ အဲဒီအကြွေးကို အတိုးရောအရင်းပါ ပြန်ဆပ်ရမှာပါ။ ဆင်းရဲတွင်း တူးနေတဲ့သူပါ။
ဒုစရိုက်သမားတွေလည်း ဒီလိုပါပဲ။ သံသရာကနေ ချေးယူပြီး သုံးဖြုန်းနေကြတာပါ။ ဒုစရိုက်လုပ်ငန်းလုပ်ပြီးမှ ရလာတဲ့ငွေဟာ အတိတ်ကံကောင်းလို့ ရလာတာမဟုတ်ပါဘူး။ ပစ္စုပ္ပန်ကံကို စတေးပြီးမှရလာတာဖြစ်လို့ သံသရာ တစ်ကွေ့မှာ အတိုးကြီးကြီးနဲ့ ပြန်ပြီး ပေးဆပ်ရဦးမှာပါ။ ဒါမျိုးကို သွားပြီး အားမကျမိပါစေနဲ့ ခင်ဗျာ။
#ရောင့်ရဲခြင်း ဟာလည်း ချမ်းသာခြင်းတစ်မျိုးပါပဲ။ ဒါပေမဲ့ တာဝန်သိသိရောင့်ရဲတတ်ဖို့တော့ လိုပါတယ်။
ရောင့်ရဲတယ်ဆိုရာဝယ် https://www.facebook.com/fireflypsk/posts/246006016737681/
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment