မြန်မာနိုင်ငံက နာမည်အကြီးဆုံး စိန်ရွှေရတနာဆိုင် တစ်ဆိုင်ဆိုင်ကို သွားပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့ ကျောက်မျက်ရတနာ လက်ဝတ်လက်စား တစ်ခုကို ရွေးပါ။ ဈေးမေးပါ။ ပြီးရင် ပြန်ရောင်းရင်ဘယ်လောက်ရမလဲ မေးလိုက်ပါ။
သေချာတာကတော့ စိန်ထည်နဲ့ အခြားကျောက်မျက်ရတနာတွေကို ချက်ချင်းဝယ် ချက်ချင်းပြန်ရောင်းရင် ချက်ချင်းရှုံးပါတယ်။ (ကပ်ပြောရရင်တော့ နှစ်ရက်အတွင်းပြန်အပ်၊ တစ်ပတ်အတွင်း ပြန်အပ်ရင် ငွေအားလုံးပြန်ပေးတဲ့ ဆိုင်တွေတော့ ရှိပါတယ်။)
ချက်ချင်းရောင်းလို့ ရှုံးတာလား။ နောက် သုံးနှစ်လောက်မှ လာရောင်းရင်ကော။ ဟုတ်ကဲ့ ပိုရှုံးပါတယ်။
ရှင်းပြပါရစေ။ စိန်ဘယက်တစ်ခုကို ၁၀ သိန်းနဲ့ ဝယ်တယ်ဆိုပါစို့။ ပြန်ရောင်းရင် ရောင်းချင်တဲ့ အချိန် ပြေစာစာရွက်နဲ့ပြန်လာရင် ၁၀% အရှုံးနဲ့ ပြန်ရောင်းလို့ရပါသတဲ့။ (ဆိုင်ပေါ် မူတည်ပြီး % အပြောင်း အလဲ ရှိပါတယ်။)
ဒါဆို ၁၀ သိန်းနဲ့ ဝယ်ထား၊ သုံးနှစ်နေလို့ပြန်ရောင်းရင် ၉ သိန်းရမယ်။ အဝယ်ပြေစာ မပျောက်သေးရင်ပေါ့။ ပြေစာမရှိရင်တော့ ရတနာဆိုင်က "ဟဟပဲ ရမယ်" လို့ ပြောလေလိမ့်မလား မသိ။
တစ်သိန်းနဲ့ သုံးနှစ် ဝတ်လိုက်ရတာ တန်တယ်လို့ ပြောချင်တဲ့သူတွေရှိပါလိမ့်မယ်။ တစ်ကယ်တော့ ဆုံးရှုံးသွားတာက တစ်သိန်း မကပါဘူး။
ငွေ ၁၀ သိန်းကို ဘဏ်မှာ ၁၀% တိုးနဲ့ စာရင်းသေအပ်ထားလို့ သုံးနှစ်ကြာရင် ၁၃ သိန်း ၃ သောင်း ရပါမယ်။ ခုတော့ စိန်ဘယက်ကြီးဝယ်ဝတ်ပြီး ရောင်းလိုက်တာ ၉ သိန်းပဲရပါတယ်။ ရှုံးတာ တစ်သိန်းမဟုတ်ပါဘူး။ ၄ သိန်းနဲ့ ၃ သောင်းပါ။ ဒီလို တွက်ရပါမယ်။ နှစ်ကြာလေလေ ပိုရှုံးလေလေပါပဲ။
အချို့ဆို ပိုတောင်ဆိုးပါသေးတယ်။ ပြန်ရောင်းရင် ၁၀% ရှုံးမယ်။ တန်ဖိုးတူတာနဲ့ ပြန်လဲရင် ၅% ပဲရှုံးမယ် အသစ်လည်း ရမယ်ဆိုပဲ။ ၅% အရှုံးသက်သာအောင် မရောင်းပဲ လဲဝတ်လိုက်မယ် ဆိုပဲ။
ပြန်တွက်ကြည့်ပါ။ ၁၀ သိန်းတန်ကို ၉ သိန်းခွဲနဲ့ ပြန်သွင်း။ ၅ သောင်းထပ်စိုက်ပြီး ၁၀ သိန်းတန် အသစ် တစ်ခုပြန်ယူ။ ကိုယ်ကပဲ မြတ်လာသလိုဘာလိုလိုပေါ့။ တစ်ကယ်က ပြန်ရောင်းရင် ၉ သိန်းပဲ ရမှာကြီးကို ခုတော့ အရင်က ၁၀ သိန်း၊ ခု ထပ်တိုး ၅ သောင်း၊ ၁၀ သိန်း ၅ သောင်း ကုန်သွားပြီ။ ဘဏ်တိုး ထည့်တွက်ရင် ၃ နှစ်အကြာ ၄ သိန်းနဲ့ ၈ သောင်းကျော်ရှုံးနေပြီ။
အရည်အသွေးကောင်းလွန်းလို့ စုဆောင်းသူတွေ သဘောကျတဲ့ ကျောက်မျက်ရတနာတွေ နဲ့ အခြား ရှေးဟောင်းပစ္စည်းစတဲ့ ခြွင်းချက် အနည်းငယ်ကလွဲရင် ရတနာဆိုင်တွေက ရောင်းတဲ့ ကျောက်တွေက ဝယ်သူရှုံးတာ များပါတယ်။
ကျောက်မျက်ရတနာဝယ်တာ ယေဘုယျအားဖြင့် ရင်းနှီးမြှုပ်နှံရာ မရောက်ပါဘူး။ ဖြုန်းရာ ရောက်ပါတယ်။ ကျောက်မျက်ရတနာများများပါတဲ့ ရွှေဝယ်ရင်လည်း တူတူပါပဲ။
အသုံးနဲ့ အဖြုန်း https://www.facebook.com/fireflypsk/posts/116492159689068
ဖြုန်းနိုင်တဲ့ အချိန်ကျမှ ဖြုန်းကြပါ။ ဒါမှမဟုတ် ဒီစိန်ဘယက်ကြီးကြောင့် အကျိုးအမြတ် ထည်ထည်ရာရာရှိလာမယ်ဆို ဝယ်ပါ။
ဒါမှမဟုတ်ရင်တော့
မြန်မာနိုင်ငံက နာမည်အကြီးဆုံး စိန်ရွှေရတနာဆိုင် တစ်ဆိုင်ဆိုင်ကို သွားပါ။
ကိုယ်ကြိုက်နှစ်သက်တဲ့ ကျောက်မျက်ရတနာ လက်ဝတ်လက်စား တစ်ခုကို ရွေးပါ။ ဈေးမေးပါ။
ပြီးရင် ပြန်ရောင်းရင်ဘယ်လောက်ရမလဲ မေးလိုက်ပါ။
ဈေးကွာဟတဲ့ ပမာဏကို တွက်ပါ။ ဝတ်ထားတုန်းကာလမှာ မရလိုက်တော့မယ့် ဘဏ်တိုးကိုတွက်ပါ။ ပြီးရင် မဝယ်ပဲ ပြန်ထွက်လာခဲ့ပါ။
မဖြုန်းလိုက်မိလို့ မကုန်တော့တဲ့ ငွေ၊ မဆုံးရှုံးတော့တဲ့ငွေတွေကို ပြန်တွက်ပြီး ပြုံးလိုက်ပါ။
မဝယ်ဖြစ်လိုက်လို့ "တယ် တော်တဲ့ ငါလေးပါလား" လို့ ကိုယ့်ကိုယ်ကို ချီးမွမ်းလိုက်ပါ ခင်ဗျာ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment