ဗေဒင်ဆိုတာ ယုံရခက် မယုံရခက်ကြီးပါ။ ရှေးခေတ်က အချို့လူတွေ မြေလျှိုးပြီး မိုးပျံနိုင်တယ်ဆိုတာကို ယုံရခက်သလိုပါပဲ။
ဒါပေမဲ့ ဗေဒင်ကို ယုံတယ် ဆိုတဲ့ဘက်ကနေ ဒီလိုပြန်လှည့် တွေးကြည့်ရအောင်။
ခုခေတ်မှာ ကျွန်တော်တို့ မြေလျှိုးပြီး မိုးပျံနေနိုင်ကြပါပြီ။ မြေအောက်ရထားတွေ လေယာဉ်ပျံတွေကိုပဲ ကြည့်လေ။
ဆိုကြပါစို့။ အဲဒီနည်းပညာတွေဟာ မျိုးဆက် တစ်ဆင့်ကနေ တစ်ဆင့် ဆရာစား ချန်လွန်းတဲ့သူတွေများလာလို့၊ ဆက်ပြီး ဆန်းသစ်တီထွင်မှုအားနည်းလို့ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာရင် တစ်ဖြည်းဖြည်းနဲ့ အဲဒီ နည်းပညာတွေ ကွယ်ပျောက်သွားမှာပါ။ ဒါဆိုရင် နောင် နှစ်ပေါင်းများစွာ ကြာတဲ့အခါ မြေအောက်ရထားတွေ လေယာဉ်ပျံတွေဟာ ဒဏ္ဍာရီသဖွယ် ယုံတမ်း စကားတွေ ဖြစ်သွားနိုင်ပါတယ်။
ဗေဒင် လက္ခဏာလည်း ဒီလိုနဲ့ တဖြည်းဖြည်း ဆုတ်ယုတ်လာ တယ်လို့ မြင်ပါတယ်။ ဆရာစားချန်တတ်ကြတယ်။ ထပ်ပြီး ဆန်းသစ်လေ့လာမှု သုတေသနတွေ မလုပ်တော့ကြတော့ဘူး။ ဒါ့ကြောင့် ခုတော့ ညာဖြီးတဲ့ ဗေဒင်ဆရာတွေများပြီး တကယ်တတ်ကျွမ်းတဲ့သူတွေမရှိသလောက်ရှားသွားတော့ တော်ရုံဆို ကျွန်တော်တို့ လက်တွေ့သမားတွေက မယုံကြတော့ဘူးပေါ့။
ဆရာစား ချန်မလား https://www.facebook.com/fireflypsk/posts/139843214020629
ခုတော့ ဗေဒင်ဆိုတာ သိပ္ပံနည်းကျဖြစ်လာပါပြီ။ ပိုးစုန်းကြူး ဘယ်သူလည်း ဗေဒင် အကြားအမြင်သွား မေးစရာ မလိုဘူး၊ ဖေ့စ်ဘွတ်ခ်က သိပြီးသား။ အကောင့်တုနဲ့ လုပ်တာဆိုရင်တောင် သူတို့ သိနိုင်တဲ့ နည်းတွေ ရှိပါတယ်။
နောက်ပြီး ကောင်လေးနဲ့ ကောင်မလေး နှစ်ယောက် ဖေ့စ်ဘွတ်ခ် Messenger/CB မှာ စကား စပြောလာကြရင် သမီးရည်းစား ဖြစ်နိုင်ချေရှိလားဆိုတာ ဖေ့စ်ဘွတ်ခ်က အဲဒီ နှစ်ယောက်ထက် ပိုသိတယ်။ ကောင်လေးနဲ့ ကောင်မလေး တစ်နေ့ဘယ်နှစ်ခါ စကားပြောလဲ၊ အခြားဘယ်သူတွေနဲ့ ပြောနေလဲ၊ တစ်နေ့တစ်ခြား စကားတွေ ပိုပြော စာတွေ ပိုပို့လာကြလား၊ တစ်ယောက်နဲ့တစ်ယောက် ပို့စ်တွေကို အသဲလေးတွေပေးကြလား စတဲ့ ဖေ့စ်ဘွတ်ခ်မှာ လုပ်နေတဲ့ အချက်အလက်တွေကနေ ကောက်ချက်ဆွဲလို့ရပါတယ်။
အဲဒီလိုပဲ သမီးရည်းစားနှစ်ယောက် ပြတ်တော့မှာလား၊ ယူတော့မှာလား၊ တစ်ယောက်ယောက်က သစ္စာဖောက်နေလား ဆိုတာကို ဖေ့စ်ဘွတ်ခ်က ကာယကံရှင်တွေထက်တောင် ပိုသိနိုင်ပါတယ်။
ဒီလိုပါပဲ။ ပိုးစုန်းကြူး ပေ့ချ်မှာ ဖတ်တဲ့သူ ပိုများလာမလား၊ လျော့သွားမလား၊ ဘယ်အချိန်မှာ Page Like ဘယ်လောက်ရှိလာမယ်ဆိုတာကို ဖေ့စ်ဘွတ်ခ်က ကျွန်တော့်ထက် ပိုသိပါတယ်။
ဗေဒင် အကြားအမြင်ကြောင့် မဟုတ်ပဲ ဒေတာအချက်အလက်တွေ အများကြီးကို သုံးသပ်စိစစ်ပြီး သိပ္ပံနည်းကျ ကောက်ချက်ချတဲ့ နည်းပညာပါ။
အရမ်း စိတ်ဝင်စားဖို့ကောင်းပြီး အသုံးတည့်သလို ကိုယ်ရေးကိုယ်တာ အတွင်းရေး လုံခြုံမှု မရှိတော့တာကလည်း ကြောက်စရာပါ။
စကားဦး သန်းနေတာနဲ့ အဓိက ပြောချင်တာက ခုမှ စ ပါတယ်။
ကျွန်တော်လည်း အကြားအမြင်ရနေပါတယ်။ မယုံရင် ဒီ ဝတ္ထုတိုလေးဖတ်ကြည့်ပါ။ အဟဲ။
ဆရာကြီး နဂါးနီနှင့် အကြွေးကင်းဂါထာ https://www.facebook.com/fireflypsk/posts/136711257667158
ကျွန်တော် လိုင်းပေါ်မှာ တွေ့တွေ့နေရတာတွေကိုလည်း အနာဂတ်အတွက် ကြိုတင် ဟောကိန်းထုတ်လို့ရနေတာတွေ ရှိနေပါတယ်။
ဆိုကြပါစို့။ ဝင်ငွေ အသင့်အတင့်ရှိတဲ့ လူတစ်ယောက် လိုင်းပေါ်တက်ကြွားနေပြီ။ နောက်ဆုံးပေါ် အိုင်ဖုန်းလေး ဝယ်ထားရင် ကြွားတယ်၊ ကားအသစ်လေး ဝယ်ပြီးရင် လိုင်းပေါ်တက်ကြွားတယ်၊ ဟိုခရီး ဒီခရီး ထွက်ပြီး ကြွားပြန်တယ်။ သုံးနိုင် ဖြုန်းနိုင်ကြောင်း ပြတယ်။ သေချာပြီ ဒီလူ မွဲတော့မယ်။
ရတဲ့ လခရယ်၊ ဘယ်လောက်သုံးနေလဲရယ် ခန့်မှန်းလို့ရတယ်။ လုံးဝ မစုမိပဲ အားလုံးကုန်အောင် သုံးနေမှန်း သိသာတယ်။ တစ်နေ့ ငွေမရှာနိုင်တော့တဲ့ အချိန် ဒုက္ခရောက်တော့မယ်မှန်း တွေးကြည့်ရင် သိတယ်။
လူဆိုတာ တစ်နေ့မဟုတ် တစ်နေ့ ငွေကြေး ကြမ္မာဆိုးနဲ့ ကြုံတတ်တာကြောင့် အဲဒီနေ့အတွက် မပြင်ဆင်ထားတဲ့ သူ ကောင်းကောင်းကြီး ခံရမယ်ဆိုတာ တွက်လို့ရတယ်။ ဗေဒင်ပညာ တတ်စရာကို မလိုဘူး။ ယုတ္တိဗေဒ သဘောအရ အများအားဖြင့် မှန်တတ်ပါတယ်။
ဒါဆို ဒီလို လူမျိုးအတွက် ယတြာမရှိဘူးလား။ ဟာ ရှိတာပေါ့ ခင်ဗျာ။ အကြွားတွေ လျှော့ပါ။ အသုံးနဲ့ အဖြုန်းကို ခွဲခြားသိပါ။ ငွေကိုကြိုးစားရှာပါ။ ခြိုးခြံချွေတာပါ။ ငွေစုပါ။ ပါးနပ်စွာ ရင်းနှီး မြှုပ်နှံပါ ပေါ့။ အဲဒါ ယတြာပါပဲ ခင်ဗျာ။
နောက်ထပ် ယတြာတစ်ခု ထပ်ပေးရရင်တော့ ပိုးစုန်းကြူးရဲ့စာတွေကို နေ့တိုင်းဖတ်ပါ ပေါ့။ အဟဲ။ အဲဒါက နောက်တာ။ တစ်ကယ် ဖတ်နော်။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment