Firefly ပိုးစုန်းကြူးပေ့ချ်ကို Like လုပ်ထားကြတဲ့သူတွေထဲက လူ တစ်သိန်းက တစ်ယောက် ၂ ထောင်စီ ထည့်ဝင်ကြပါ။ ရလာတဲ့ သိန်း နှစ်ထောင်ကို မဲနှိုက်ပြီး ပေါက်တဲ့သူကို သိန်း ၁၂၀၀ ပေးပါမယ်။ ကျန်တဲ့ သိန်း ၈၀၀ ကို ကျွန်တော်ယူမယ်။ လတိုင်း ဒီလို လုပ်ကြရအောင်။ လက်ခံကြပါသလား။
ဆဲကြမှာပေါ့။
မီတာခ ဈေးတက်ရင် ဆဲ၊ အခွန်တိုးကောက်တော့ ဆဲ၊ အနီက အစိမ်းကို ဆဲ၊ အစိမ်းက အနီကိုဆဲ၊ အဆဲသန်တဲ့ နိုင်ငံမှာ အောင်ဘာလေ ထီကိုတော့ ကုန်းဘောင်ခေတ်ကနေ ခုခေတ်ထိ အစိုးရ အဆက်ဆက် အဆဲမဖက်ပဲ ပြုံးပြုံးကြီး ထိုးနေကြပါတယ် ခင်ဗျာ။
သိန်းထောင်သောင်းချီ မက်လောက်စရာဆုကြီးတွေနဲ့ ဆွဲဆောင်ထားတာကိုး။ ခေတ်အဆက်ဆက် လူကြီးမိဘ အများစုကလည်း အောင်ဘာလေထီကို လောင်းကစားလို့ကို မထင်ကြပါဘူး။ မထိုးနဲ့လို့ ဆိုဆုံးမခဲ့ကြတာ ရှားပါတယ်။ သူတို့ ကိုယ်တိုင်ကလည်း ထိုးခဲ့ကြတယ်။ တရားဝင်ဖွင့်ထားတာမို့သာ လူတွေက အကောင်းမြင်နေကြတာပါ။ အောင်ဘာလေထီဟာလည်း မလုပ်သင့်တဲ့ လောင်းကစား တစ်ခုပါပဲ လို့ ပွင့်ပွင့်လင်းလင်း ပြောပါရစေ။
လောဘသားကောင် ပြည်သူတွေဆီကနေ အခွန်ရအောင် အစိုးရမင်းများက ထွင်ထားတာပါ။
အစိုးရက ထီတစ်စောင်ကို ၉၁၀ ကျပ်လောက် နဲ့ လက်ကားချပေးပြီး ရတဲ့ငွေထဲကနေ ၆၀% ကို ဆုတွေပြန်ပေးပါတယ်။ ၄၀% ကို အခွန်အဖြစ် သိမ်းပါတယ်။
အစိုးရက တစ်စောင်ကို တစ်ထောင်ကျပ်ထက် ပိုမရောင်းရဘူးလို့ ကြေညာထားပေမဲ့ တစ်စောင်ကို ၁၁၀၀၊ ၁၂၀၀ နဲ့ ဈေးတင်ပြီး ရောင်းနေကြပါတယ်။ အချို့နေရာတွေမှာ အဆမတန်ဈေးတွေနဲ့ ရောင်းနေပါတယ်။ ခုထိတော့ အစိုးရက အရေးမယူသေးပါဘူး။
သေချာပြန်တွက်ကြည့်ရင် ကိုယ်ပေးလိုက်ရတဲ့ ထီဖိုးထဲမှာ တစ်ဝက်လောက်ပဲ ဆုကြေးထဲပြန်ဝင်သွားပြီး ထိုးတဲ့သူတွေဆီ ပြန်ရောက်လာတာပါ။ ကျန်တဲ့ငွေတွေက အစိုးရနဲ့ ထီရောင်းသူတွေအတွက် အမြတ်ငွေဖြစ်သွားပါတယ်။ ထီထိုးထိုးပြီးချင်းကို ငွေတစ်ဝက်လောက် ပလုံသွားတဲ့ သဘောပါပဲ။
အဖြုန်းတွေပါ။ ငွေယိုပေါက်တွေပါ။
ထီဟာ အစိုးရကို ဝင်ငွေရှာပေးနေတယ်။ ကောင်းပါတယ်။ များစွာသောလူတွေကို အလုပ်အကိုင်တွေပေးထားတယ်။ ကောင်းပါတယ်။ မျှော်တလင့်လင့်နဲ့ ထိုးနေကြတဲ့ လူတွေအတွက်ကတော့ မျှော်လင့်ချက် စိတ်ကူးယဉ်ခွင့်လေးကို ငွေ အရှုံးခံပြီး ဝယ်နေကြတာပါပဲ။ မကောင်းပါဘူး။
ထိုးချင်ထိုးကြပါ။ ကျွန်တော်ကတော့ မထိုးပါဘူး။ "ပေါက်ရင်ယူမယ်၊ မပေါက်ရင် လှူတယ်" ဆိုတဲ့ ဂျင်းသုတ်ကို ကျွန်တော် မစားပါဘူး။
အောင်ဘာလေထီက နိုင်ငံတွင်းက ငွေ နိုင်ငံတွင်းမှာ ပြန်စီးဆင်းတာမို့ နိုင်ငံအတွက် သိပ်မဆိုးလှပေမဲ့ (ထိုးတဲ့ လူတွေ အတွက်တော့ ဆိုးပါတယ်) ခုနောက်ပိုင်း နိုင်ငံခြားက ထီတွေ မြန်မာနိုင်ငံမှာ ခေတ်စားလာတာတော့ ရင်နာမိပါတယ်။ စင်ကာပူထီ၊ သြစတြေးလျထီ စသဖြင့် ဖေ့စ်ဘွတ်မှာ ရဲရဲတင်းတင်း ကြော်ငြာနေကြပါတယ်။ ပြည်တွင်းက ငွေတွေ နိုင်ငံခြားကို အလဟဿ စီးဆင်းနေတာမို့ အစိုးရက သေချာကိုင်တွယ် နှိမ်နင်းဖို့လိုနေပါပြီ။ ဆင်းရဲတဲ့နိုင်ငံကို ပိုဆင်းရဲအောင် လုပ်နေသလိုပါပဲ။ ဆင်းရဲတဲ့ နိုင်ငံတွေက ပြည်သူတွေက ချမ်းသာတဲ့နိုင်ငံတွေကို ထောက်ပံ့ပေးနေသလိုတောင် ဖြစ်နေပါတယ်။ ချင့်ချိန်ကြစေလိုပါတယ်။
ထီခဏခဏပေါက်တတ်တဲ့ ကံကောင်းတဲ့သူတွေရှိပါတယ်။ ဒါက လူနည်းစုပါ။
တစ်သက်လုံးထိုးလာပြီး ခုချိန်ထိ အရင်းကျေအောင်တောင် မပေါက်ဖူးသေးသူတွေအတွက်တော့ ချဲ၊ ထီ၊ နိုင်ငံခြားထီ ဘာမှ မထိုးတာ အကောင်းဆုံးပါ ခင်ဗျာ။ အရမ်းကို ထိုးချင်ပါတယ် ထီပေါက်ကိန်းရှိတယ်ဆိုရင်လည်း ဈေးအသက်သာဆုံး တစ်စောင်တည်း (သို့) နှစ်စောင်တွဲလောက်ကိုသာ ထိုးလိုက်ပါ ခင်ဗျာ။
မပေါက်ရင် ဗေဒင်ဆရာဆီက ငွေပြန်တောင်းဖို့ မမေ့နဲ့နော်။ ကျွန်တော် တစ်ခါတည်း အကြားအမြင်နဲ့ ဟောလိုက်မယ်။ ဘယ်ဗေဒင်ဆရာကမှ ထီပေါက်ကိန်းရှိတယ်လို့ ဟောပြီး မပေါက်ရင် ပြန်လျော်ပေးမှာ မဟုတ်ပါဘူး ဆိုတာပါပဲ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment