လူတွေက ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ အတော်စိတ်ဝင်စားကြပါတယ်။ ဒါ ကောင်းပါတယ်။ စုမိငွေလေးရှိလာရင် သုံးပစ်တာထက် ရင်းနှီးမြှုပ်နှံထားသင့်တာပေါ့။
ဒါပေမဲ့ ရင်းနှီးမြှုပ်နှံတယ်ဆိုတဲ့ စကားလုံးမှာ "မြှုပ်နှံ" ဆိုတာလေးကို သတိထားပါ။ ငွေကို မြှုပ်နှံထားရတာပါ။ ရေရှည်အတွက်ပါ။ ငွေတွေကို ပြန်ဖော်ချင်တဲ့ အချိန် ချက်ချင်း ပြန်ဖော်လို့ ရချင်မှရပါလိမ့်မယ်။ ချက်ချင်း ပြန်ဖော်ချင်ရင်လည်း အရှုံးရှိနိုင်ပါတယ်။
ဥပမာပေးရရင် အိမ်ခြံမြေလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံတယ် ဆိုပါစို့။ ဂရံမြေကွက် တစ်ကွက်ကို သိန်း ၃၀၀ သင့်တင့်မျှတတဲ့ ဈေး နဲ့ ဝယ်ထားတယ်။ ခုပြန်ရောင်းရင် သိန်း ၃၀၀ ရမယ်ပေါ့။ ဒါပေမဲ့ နောက်နှစ်မှာ ခြံဈေးကျလို့ သိန်း ၂၅၀ ဖြစ်ချင်ဖြစ်သွားမယ်။ ခြံဈေးတက်လို့ သိန်း ၃၅၀ ဖြစ်ချင် ဖြစ်သွားမယ်။ သေချာ ရေရာမှု မရှိပါဘူး။ ဒါပေမဲ့ သေချာတာကတော့ နောက် အနှစ် ၂၀ မှာ ဒီခြံက သိန်း ၃၀၀ + ဘဏ်တိုး မက အဆများစွာ အဖိုးတန်နေဖို့ရှိပါတယ်။ ခြွင်းချက် အနည်းငယ်တော့ ရှိပါမယ်။ ရေရှည်မှာ မြတ်ဖို့ အလားအလာ ကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုပါ။ ဒီကြားထဲမှာ ခြံကို ငှားစားထားလို့ လစဉ် ဝင်ငွေရနေရင်တော့ ပိုကောင်းတာပေါ့။
ရေရှည်မှာ ကောင်းတယ်ဆိုပေမဲ့ ရေတိုမှာတော့ မရေရာပါဘူး။ သိန်း ၃၀၀ နဲ့ဝယ်ပြီး သိန်း ၃၅၀ ရရင်ရမယ်။ သိန်း ၂၅၀ ပဲ ရရင် ရမယ်။ ဗိုက်နာငွေလိုနေလို့ အမြန်ရောင်းချင်ရင်တော့ အောက်ဈေးနဲ့ လျှော့ရောင်းရမှာပါ။
ပြောချင်တာက ရင်းနှီးမြှုပ်နှံမှုဆိုတာ ရေရှည်အတွက်များပါတယ်။ သုံးလေးငါးနှစ် အတွင်း ပြန်လိုလာမယ့်ငွေကို အိမ်ခြံမြေတို့၊ စတော့ရှယ်ယာ ဈေးကွက်တို့မှာ မထည့်ထားသင့်ပါဘူး။ မသင့်တော်ပါဘူး။
အိမ်ခြံမြေ၊ စတော့ရှယ်ယာ ဈေးကွက်၊ ကုန်ဝယ်လှောင်တဲ့ လုပ်ငန်းတွေမှာ ချက်ချင်းဝယ် ချက်ချင်းမြတ်တွေရှိပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်တဲ့သူကို ရင်းနှီးမြှုပ်နှံသူ (Investor) လို့ မခေါ်သင့်ပါဘူး။ အရောင်းအဝယ် လုပ်သူ (Trader) သို့မဟုတ် ဈေးကစားသူ (Speculator) လို့ပဲ ခေါ်သင့်ပါတယ်။ အရောင်းအဝယ် လုပ်သူတွေနဲ့ ဈေးကစားသူတွေဟာ ဈေးကွက်ကို မျက်ခြေမပျက်ကြည့်ပြီး အရှုံးနည်းပြီး အမြတ်များအောင် အချိန်နဲ့ တစ်ပြေးညီ အလုပ်လုပ်နေကြရပါတယ်။ ငွေကို ခိုင်းထားတာထက် ငွေက ကိုယ့်ကို ပြန်ခိုင်းထားတာပါ။ အလုပ်ရှုပ်ကြပါတယ်။ ဖိအားများပါတယ်။ အကွက်ရွှေ့မှားရင် အစားခံရပါမယ်။ ရင်းနှီးမြှုပ်နှံသူတွေလို အေးအေးသက်သာ မနေနိုင်ပါဘူး။
ရင်းနှီးမြှုပ်နှံတဲ့ငွေဟာ နှစ်ရှည်လများ မြှုပ်နှံထားနိုင်တဲ့ ငွေဖြစ်ရပါမယ်။ ရေရှည် နောင်ရေးအတွက်ပါ။ ငွေမြုပ်သွားတော့မှ ငွေလိုလို့ အောက်ဈေးနဲ့ ပြန်ရောင်းရတာမျိုး မဖြစ်စေချင်ပါဘူး။
ဒါဆို ရင်းနှီးမြှုပ်နှံမှုမလုပ်ခင်ဘာတွေ အရင်လုပ်သင့် သလဲ။
————————
(၁) ကြွေးဆပ်ပါဦး
————————
အတိုးကြီး အကြွေးတွေကို အရင် ဆပ်သင့်ပါတယ်။ အတိုးကြီးတဲ့ အကြွေးတွေ (အတိုး အပြင် အရင်းကိုပါ) ဆပ်တာဟာ ရင်းနှီးမြှုပ်နှံတာထက် ပိုကိုက်ပါတယ်။ ရင်းနှီးမြှုပ်နှံထားတာ တစ်လကို ၁၀% မြတ်ဖို့ မသေချာပါဘူး။ အကြွေးတင်နေလို့ တစ်လကို ၁၀ တိုး ပေးနေရပြီဆို အဲဒီအကြွေးကို အရင် ဆပ်လိုက်တာဟာ ပြန်တွက်ကြည့်ရင် တစ်လ ၁၀% အမြတ်ရနေသလိုပါပဲ။ တစ်လ ၁၀% ငွေယိုပေါက်ကို ပိတ်လိုက်နိုင်တာပေါ့။
—————————————
(၂) အရေးပေါ် ရန်ပုံငွေ စုပါဦး
—————————————
နောက်တစ်ခုလုပ်ရမှာက ကိုယ့်ရဲ့ တစ်လ အသုံးစရိတ် ဘယ်လောက်ရှိလဲ တွက်ပြီး အသုံးစရိတ် ၃ လနဲ့ ၆ လစာကြားကို အရေးပေါ် ရန်ပုံငွေ အဖြစ် အရင် စုထားရမှာပါ။ ဥပမာ တစ်လ အသုံးစရိတ်က တစ်သိန်းဆိုရင် ၃ သိန်းနဲ့ ၆ သိန်းကြားကို အရေးပေါ် ရန်ပုံငွေအဖြစ် ထားရပါမယ်။ ငွေသားကို ဘဏ်မှာထားသင့်ပါတယ်။
အရေးပေါ် ရန်ပုံငွေကို အရေးပေါ် အတွက်ပဲ သုံးသင့်ပါတယ်။ မမျှော်လင့်ထားတဲ့ ကြမ္မာဆိုးတွေ အတွက်ပါ။ အလုပ်ပြုတ်သွားတာတို့၊ ရုတ်တရက် ဆေးရုံတက်ရတာတို့၊ မတော်တဆမှုတို့ အတွက်ပါ။
ကံကြမ္မာကို ယိုးမယ်ဖွဲ့ ပြီး ကံဆိုးလို့ ကြွေးတင်တယ်လို့ ပြောနေမဲ့အစား ကံဆိုးလာရင် သုံးဖို့ အရေးပေါ် ရန်ပုံငွေကို စုထားကြပါစို့လား ခင်ဗျာ။
မမျှော်လင့်တဲ့ အကြောင်း တစ်ခုခုကြောင့်အရေးပေါ် ရန်ပုံငွေကို သုံးလိုက်ရတယ်ဆိုလည်း အဆင်ပြေတာနဲ့ ပြန်ဖြည့်ရမှာပါ။
———————————
(၃) ရေတို အတွက် စုပါဦး
———————————
အရေးပေါ် ရန်ပုံငွေ ပြည့်ပြီဆိုရင်လည်း ရေတို မကြာခင် ကုန်စရာရှိတာလေးတွေ အတွက် စုပါဦး။ ဥပမာ မင်္ဂလာ ဆောင်ဖို့၊ ခရီးထွက်ဖို့၊ ကလေးမွေးဖို့၊ ကလေးကျောင်းဖွင့်ရင် ဝယ်ခြမ်းဖို့၊ ဖုန်းဝယ်ဖို့ စသဖြင့် ပေါ့။
ဒီလိုမှ မစုထားရင် လိုတဲ့အခါမှ လိုက်ချေး၊ ကြွေးတင်ပြီး ကြွေးသံသရာထဲ နစ်မျောသွားနိုင်ပါတယ်။
ဒီလိုတွေ စုပြီးလို့ ပိုတဲ့ငွေကိုမှ ရေရှည် ရင်းနှီးမြှုပ်နှံဖို့ အတွက် ထည့်သင့်ပါတယ်လို့ အကြံပြုလိုက်ရပါတယ် ခင်ဗျာ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment