Sunday, November 1, 2020

ဝိသမ ​လောဘ

ဝိသမ ​လောဘဟာ ​ကြောက်စရာ ​​ကောင်းပါတယ်။ ဝိသမ​လောဘ​​ကြောင့်ပဲ လူ​တွေလိမ်ကြသလို ဝိသမ​လောဘ​​ကြောင့်ပဲ လူ​တွေ ​အလိမ်​ခံရပါတယ်။

လိမ်ရက်​ကြသလို ယုံရက်​ကြပါတယ်။

လိမ်တဲ့သူ​တွေ ခုလည်းရှိ​နေတယ်။ ​နောက်လည်း ရှိ​နေပါဦးမယ်။ ​ငွေသခင်ဖြစ်ချင်လို့ ​ငွေစုပြီး ​ငွေပွား​အောင် ရင်းနှီးမြှုပ်​နှံလိုက်ကာမှ လိမ်သွားကြ​တော့ ​အစက​နေ ​ပြန်စရ​ရော။ ​ငွေသခင်ဖြစ်ဖို့ ​အလိမ်​တွေကို ကြည့်​​ရှောင်ဖို့ကလည်း ​အရေးကြီးပါတယ်။ ​

​​ငွေ​ကြေး လိမ်လည်မှု​တွေ ​အများစုက ​လောဘကြီးသူ​တွေကို ပစ်မှတ်ထားပါတယ်။​ ​ငါးစာကိုသာမြင်ပြီး ငါးမျှားချိတ်ကို မမြင်တဲ့သူ​တွေကို ပစ်မှတ်ထားပါတယ်။ (သနားတတ် ​အားနာတတ်သူ​တွေကိုလည်း ပစ်မှတ်ထားတတ်ကြ​ပေမဲ့ သူတို့​တွေဟာ များ​သော​အားဖြင့် ​လောဘကြီးတဲ့သူ​တွေလို ကိုယ့်ဘဝပျက်​​အောင်​တော့ ​ငွေမ​ထည့်ကြပါဘူး။ ​လောဘပါလာမှ ပိုဆိုးတာပါ။)

​လောဘမှိုင်းမိလာရင် ​ဘေးက ဝိုင်းတားကြတဲ့သူ​တွေကိုပါ ​ရန်လုပ်လာတတ်ကြပါတယ်။ ​"အလိမ်လို့ ထင်ပါတယ်" ဆိုရင် "ဒါဆို ​အလိမ်ဖြစ်​​ကြောင်း သက်​​သေပြ​လေ" လို့ ​ပြောချင်ကြပါတယ်။

ဘိုး​တော်က ​ရွှေ​တွေ နှစ်ဆပွား​ပေးမယ် တဲ့။ ဦး​နှောက်ရှိရင် မဖြစ်နိုင်ဘူးဆိုတာ သိကြ​ပေမဲ့ မျက်​စိမှိတ်ယုံ​နေတဲ့သူ​တွေကို မယုံဖို့ သွားတားကြည့်။ "ဘိုး​တော် လူလိမ်ဆိုတာ မင်းမှာ ဘာ ​အ​ထောက်​အထား ရှိလို့ ဒီလို​ပြောရတာလဲ" ဆို​တော့ တိုင်ပတ်​ရော။ "ဒီဘိုး​တော်ကို မင်းသိလို့လား" ဆို​တော့ "ဟုတ်ကဲ့ ကျွန်​တော့်ဦး​လေးပါ" လို့​ဖြေရမှာလား။ ကိုယ်တိုင် ​ခံရ​မှ မှတ်တဲ့ သူ​တွေလည်း ရှိပါရဲ့။

​အချို့က လိမ်နည်းတစ်မျိုးနဲ့ ​ခံရပြီးပြီ။ ​နောက်တစ်​ယောက်က ​နောက်တစ်မျိုးနဲ့ လာလိမ်ရင် ယုံကြ​ပြန်​ရော။ ခဲ​မှန်ဖူးတဲ့ စာသူငယ် ခဲပဲ​ကြောက်ပြီး ​လောက်စာလုံး မ​ကြောက်တတ်​သေးသလို​ပေါ့။

​အချို့က ရက်​တိုလိမ်ကြသလို ​အချို့က ရက်​ရှည်လိမ်ကြပါတယ်။ လုပ်ငန်းလည်ပတ်​နေတာ ၂ နှစ်​လောက်ရှိပြီဆိုပြီး ယုံမိရင် ​ခံရမှာပဲ။ လူများလာ​အောင် နှစ်ချီ​​စောင့်တဲ့လူလိမ်​တွေ ရှိတယ်။

ကိုယ့်ကို ​မှန်​မှန်​ပေး​နေတဲ့ ​အမြတ်​တွေကို လုပ်ငန်းက ရ​နေတယ်လို့ ထင်တတ်ကြပါတယ်။ ​အ​မှန်က လူသစ်​တွေတိုးလာလို့ လူသစ်​တွေဆီက ရတဲ့ ​ငွေ​အချို့ ကို လူ​​ဟောင်း​တွေကို ​အမြတ်​ပေး၊ ​ကျန်တာ ကိုယ့်အိတ်ထဲ​ထည့်။ ​နောက်ဆုံးမှာ လူ​တွေများလာပြီး အပ်​ငွေ​တွေလည်း များလာ​ရော ​အမြတ်​ရော ​အရင်း​ရောပါ မ​ပေး​တော့ပဲ ​ငွေ​တွေယူပြီး ထွက်ပြေး။ ​အ​ပျောက်ရိုက်။

​ငွေ​ကြေး ရင်းနှီးမြှုပ်​နှံမှု​လောကမှာ ​ပြောကြတဲ့ ဆိုရိုးတစ်ခု ရှိပါတယ်။

"If it seems too good to be true, it probably is."

​​"မယုံနိုင်​လောက်​အောင် ​​ကောင်း​လွန်းပုံရ​နေရင် ဒါ အမှန်မဟုတ်ဖို့ ​များပါတယ်" တဲ့။

​အမြတ်​တွေ ​အများကြီးရမယ်တဲ့ - မယုံပါနဲ့

​အတိုး​တွေ ​အများကြီး​ပေးမယ်တဲ့ - မယုံပါနဲ့

မထိုးထားတဲ့ ထီ၊ ​​ကံစမ်းမဲ ​ပေါက်ပါသတဲ့ - မယုံပါနဲ့

နိုင်​​ငံခြားက ကိုယ်မမြင်ဘူးတဲ့ သူဌေးကြီးက ​အ​မွေ​တွေထားခဲ့ သတဲ့ - မယုံပါနဲ့

ကိုယ်နားမလည်တဲ့ စီးပွား​ရေးက ​အမြတ်​တွေ များသတဲ့ - မယုံပါနဲ့

ဘိုး​တော်​တန်ခိုးနဲ့ နှစ်ဆတိုး​တော့မတဲ့ - မယုံပါနဲ့

​ငွေ​ချေးမယ် ​အတိုး /​ဝန်​ဆောင်ခ အရင်လွှဲပါတဲ့ - မယုံပါနဲ့

ဒစ်ဂျစ်တယ် ​ငွေ​ကြေးက ​​ကြောက်ခမန်းလိလိ ​မြတ်သတဲ့ - မယုံပါနဲ့

​​ကောင်​လေး ​​ကောင်မ​လေး ​ချော​ချော ဓာတ်ပုံနဲ့ လာကြူပြီး ​ငွေလာ​ချေးတယ်  - မယုံပါနဲ့

​ဈေးကြီး လက်​​ဆောင်ပို့လိုက်တာ ပို့ခ​လေးလွှဲလိုက်ပါတဲ့ - မယုံပါနဲ့

လိုင်း​​ပေါ်က​နေသိ ​အပြင်မှာမသိတဲ့လူ​တွေကို - မယုံပါနဲ့

​ကိုယ့်ကိုယ်ကို ​​​လောဘတက်​​နေပြီလားလို့ ​ပြန်​တွေး၊ ​လောဘတက်​​နေပြီဆို - မယုံပါနဲ့

​ကုမ္ပဏီက အမြတ်​တွေ ဘယ်လိုရ​​နေလဲ နားမလည်ရင် - မယုံပါနဲ့

​မေးခွန်း​တွေ ​အများကြီး​မေးလို့ "မယုံလို့ ​မေးတာလား" လို့ ​ဒေါသနဲ့​မေးတဲ့သူ​တွေကို - မယုံပါနဲ့

သူတို့ လုပ်ငန်း လျှို့ဝှက်ချက်​​တွေ ကို မ​ပြောပြနိုင်ဘူး။ ​​ငွေ ထည့်ချင်​ထည့် မ​ထည့်ချင်​နေ လို့​ပြောရင် - မယုံပါနဲ့

ပိုးစုန်းကြူး ​ပြောတဲ့စကား​​တွေ​ရော - မယုံပါနဲ့ (ဟိုက် ​ပြောရင်း ​အရှိန်လွန်သွားပြီ။)

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...