ကျွန်တော် ပြီးခဲ့တဲ့လက လူတစ်ယောက် လိမ်စားနေတဲ့အကြောင်း သတိပေး ပညာပေးတဲ့ စာတစ်ပုဒ် ရေးခဲ့ပါတယ်။
အဲဒီဆောင်းပါးရေးတုန်းက ကျွန်တော် လူလိမ်ရဲ့ အကောင့် နာမည်ကို တိုက်ရိုက် ဖွင့်မပြောခဲ့ပါဘူး။ အရင်တုန်းကလည်း လူလိမ်အဖွဲ့တွေကို နာမည်တပ် မရေးခဲ့ပါဘူး။
ဘာလို့လဲဆိုတော့ ဒီလူ၊ ဒီအဖွဲ့ဟာ လူလိမ်ဆိုပြီး လှေနံဓားထစ်မှတ်တာထက် အခြားခပ်ဆင်ဆင် လူလိမ်တွေအားလုံးကို ရှောင်ရှားနိုင်အောင်လို့ပါ။ နောက်တစ်ချက်က လူတစ်ဦးတစ်ယောက်၊ အဖွဲ့ တစ်ဖွဲ့ဖွဲ့နဲ့ တုဖက်ပြိုင် တရားစွဲနေဖို့၊ ရန်ဖြစ်နေဖို့ ကျွန်တော် အချိန်မပေးချင်လို့ပါ။ ကျွန်တော့်ရဲ့အချိန်တွေကို သူတို့နဲ့ ဖက်ပြိုင် ရန်ဖြစ်နေမယ့်အစား စာဖတ်သူတွေအတွက် အကျိုးရှိမယ့် စာတွေရေးရတာကို ပိုအားသန်လို့ပါ။
ဒါပေမဲ့ ဒီတစ်ယောက်ကတော့ ကျွန်တော်ရေးထားတဲ့ ပို့စ်အောက်မှာ မှတ်ချက်တွေ လာရေးပြီးစိန်ခေါ်ပါတယ်။ ကျွန်တော်ပြောတဲ့စကားကို တာဝန်ယူရဲလား၊ လကုန်လို့ သူ့ဆီမှာ ငွေထည့်ထားတဲ့သူတွေကို အမြတ်ခွဲပေးရင် ကျွန်တော် ပြန်တောင်းပန်နိုင်မလားဆိုပြီး စိန်ခေါ်လာပါတယ်။ ပြန်တောင်းပန်မှာလည်း မဟုတ်ပါဘူး၊ ကျွန်တော်တို့လူမျိုးတွေရဲ့ စိတ်ဓာတ်နဲ့အကျင့်က ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ သူခိုးက လူပြန်ဟစ်ပါသေးတယ်။
ဒါနဲ့ ကျွန်တော်လည်း သူ့အကောင့်ကို တိုက်ရိုက်ဖွင့်ချပြပြီး "ကိုသီဟသို့ အိတ်ဖွင့်ပေးစာ" ဆိုပြီး ပြန်ချေပခဲ့ပါတယ်။
ဒီလိုရေးတော့လည်း ကျွန်တော့်ပို့စ် အောက်မှာ ရှက်ရမ်းလာရမ်းပြန်ပါတယ်။ အပြောနဲ့ မဟုတ်ပဲ အလုပ်နဲ့ပဲ သက်သေပြမယ့်အကြောင်း၊ ကျွန်တော့်လို ဖော်လိုဝါ တစ်သိန်းလောက်ပဲရှိတဲ့ ပါမွှားပေ့ချ်က ပြောတာမို့ အချိန်ယူပြီး မဖြေရှင်းချင်ကြောင်း၊ လုပ်ငန်းအကြောင်း နားမလည်ပဲ နည်းနည်းလေးသိတဲ့အသိနဲ့ ထင်ရာမြင်ရာလျှောက်ပြောနေကြောင်း ဘာညာနဲ့ မှတ်ချက်ပေးလာပါတယ်။ ကျွန်တော် ရေးနေတဲ့စာတွေဟာ စာဖတ်ပြီး ရေးထားတာမို့ ရေးရတာလွယ်ကြောင်း၊ လက်တွေ့ မသိပဲ လျှောက်ရေးနေတာ ဖြစ်ကြောင်းလည်း ပြောထားပါသေးတယ်။
ဆင်းရဲတဲ့အသိုင်းအဝိုင်းကနေ ပေါက်ဖွားလာပြီး ကိုယ်တိုင် ပင်ပင်ပန်းပန်း ငွေရှာခဲ့လို့ ငွေသခင်ဖြစ်လာခဲ့တဲ့ ကျွန်တော်ဟာ လက်တွေ့ငွေရှာခဲ့ပြီးမှ စာတွေ ရေးနေတာဖြစ်ကြောင်း၊ သူလျှောက်လိမ်နေတဲ့ ငွေပမာဏလေးတွေဟာ ကျွန်တော့်အတွက်တော့ ရယ်စရာ ပမာဏလေးသာ ဖြစ်နေကြောင်း၊ ဖော်လိုဝါ နည်းတာများတာထက် ကျွန်တော့်ပေ့ချ်က စာတွေကြောင့် လူဘယ်နှစ်ယောက် အကျိုးများသွားလဲဆိုတာကိုပဲ အလေးထားကြောင်း ကျွန်တော် ပြန်မပြောဖြစ်ခဲ့ပါဘူး။ လိုရင်းတိုရှင်း ဒီလိုလေးပဲ ပြန်ဖြေခဲ့ပါတယ်။
"ရေပက်မဝင် စကားတွေ ပြောနေမဲ့အစား လောလောဆယ် ဒါလေးသာ လုပ်ပေးပါ။
(၁) Live လွှင့်ပြပါ (စောင့်နေဆဲ) - လက်ရှိမှာတော့ အရင်က လိမ်ပြီး တင်ထားတဲ့ ဓာတ်ပုံတွေကို တိတ်တိတ်လေး ပြန်ဖျက်နေတာတွေ့ရပါတယ်။
(၃) လုပ်ငန်းအကြောင်း CB ကို လာရှင်းပြပါ။ စောင့်နေပါတယ်။ ခုထိတော့ မလာသေးဘူး။
(၄) ကျွန်တော်ရေးထားတဲ့ ပို့စ် Link နှစ်ခုကို ကိုသီဟ wall မှာ တင်မပေးရသေးဘူးနော်။ စောင့်နေပါတယ်။
ဒါလေးတွေ မလုပ်ရသေးပဲ ပုတ်ခတ်တဲ့စကားတွေ လာပြောနေတာကို ကျွန်တော်က မမှုဘူး ခင်ဗျ။ ကျွန်တော်က အေးဆေး။"
သူဟာ Live လည်း လွှင့်မပြသလို ကျွန်တော့်ကိုလည်း CB/messenger မှာ မဆက်သွယ်လာပါဘူး။ ကျွန်တော် ရေးထားတဲ့ စာနှစ်ပုဒ်ကို သူ့အကောင့်မှာ တင်ပေးပြီး ပွင့်လင်းမြင်သာမှုရှိရှိ ချေပဖို့ဆိုတာတော့ ဝေလာဝေးပေါ့။
ဒီလိုနဲ့ လမကုန်ခင် မေလ ၂၃ ရက်မှာပဲ လကုန်စာရင်းရှင်းတမ်းဆိုပြီး သူ့အကောင့်မှာ ရေးတင်ပါတယ်။ ဒီကြားထဲမှာ မိုးကြီးလေကြီးတွေလည်း ရေးတင်ပါသေးတယ်။
ပြီးတော့ သိပ်မကြာပါဘူး။ သူ့အကောင့်ပျောက်သွားတယ် ခင်ဗျ။ ရှာမတွေ့တော့ဘူး။ ကျွန်တော်က သူ ချူဆီလေးထည့်ပြီး ဆက်လိမ်ဦးမှာလို့ထင်ထားတာပါ။ သူ့ အကောင့်ကို စောင့်ကြည့်ပါ၊ အကောင့်ဖျက်မပြေးပါဘူးလို့ အာမခံထားခဲ့တာကိုး။
ခုလို ချက်ချင်းကြီး ပျောက်သွားတာ ငွေထည့်ထားတဲ့သူတွေက ငွေပြန်တောင်းကြလို့လား၊ သူထင်ထားသလို ငွေထည့်ချင်တဲ့သူတွေ ထပ်မတိုးလာတော့လို့လား၊ အခြားအကြောင်းကြောင်းကြောင့်လားတော့ ကျွန်တော်မသိပါဘူး ခင်ဗျ။
ငွေထည့်လိုက်မိတဲ့သူတွေ ဘယ်လိုဆက်ဖြစ်ကုန်ကြလဲဆိုတာကိုလည်း သိတဲ့သူတွေ ပြောပေးကြပါဦး။
ကျွန်တော် သတိရသလောက် screenshot တွေ လုပ်ထားတာလေးတွေကိုလည်း ဒီပို့စ်နဲ့အတူ ပြန်တင်ပေးလိုက်ပါတယ်။ အားလုံးအပြည့်အစုံတော့ မကူးထားမိပါဘူး။
Screenshot ပုံတွေထဲမှာ ဖိလစ်ပိုင်မင်းသားတစ်ယောက်ရဲ့ပုံကို သူ့ပုံလိုလိုနဲ့ ရောချပြီး ရန်ကုန်က Lotte Hotel မှာပဲရောက်နေသလိုလိုနဲ့ လိမ်ပြီးတင်ထားတဲ့ပုံ၊ group တွေထဲဝင်ပြီး ငပိန်းဖမ်း လူခေါ်နေတဲ့ ပို့စ်၊ အမြတ်များကြောင်း အပြောကောင်းကောင်းနဲ့ လိမ်ထားတာတွေ၊ သူကိုယ်တိုင်က အကောင့်တုသုံးနေပြီး သူ့ကို ဝေဖန်တဲ့သူကိုကျတော့ အကောင့်စစ်မသုံးထားလို့ အကောင့်စစ်နဲ့ ဆက်သွယ်ခိုင်းတာတွေ၊ လိမ်နေမှန်းသိလို့ ဝေဖန်တဲ့သူကို လေ့လာအားနည်းတယ်ဆိုပြီး နှိမ်ထားတာတွေ၊ ကျွန်တော့်ပို့စ် အောက်မှာ သူဝင်ရေးထားတဲ့ မှတ်ချက်အချို့၊ သူခိုးလူဟစ်ထားတာတွေ စသဖြင့် တွေ့ရမှာပါ။
လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဘစ်ကွိုင်မိုင်းတူးလို့ရတာကို သူကပြောပြတော့ ကွန်ပျူတာ ဆရာဆရာမတွေက သူ့ကို မယုံလို့တဲ့။ ကျွန်တော့်ကို လာပြောပါလား။ ယုံမှာပေါ့။ အမှန်ပဲကို။ ဘစ်ကွိုင်မိုင်းတူးခြင်းရဲ့ အကျိုးအပြစ်တွေကိုပါ ပြန်ပြောပြလိုက်မှာပေါ့။ ဒါပေမဲ့ ဘစ်ကွိုင်မိုင်းတူးလို့ရတယ်ဆိုတာကို ယုံတိုင်း သူ့ဆီမှာ ငွေတစ်သိန်းခွဲထည့်ထားရင် ၉ လအကြာမှာ ၄၁ သိန်းကျော်မြတ်မယ်ဆိုတာကို ယုံလိုက်ရမှာလား။ နိုးပါ။ သပ်သပ်စီပါခင်ဗျ။ ဘာမှ မဆိုင်ဘူး။ လူတွေကို အလိမ်မခံရအောင် သတိပေးတာကိုတောင် အဆိုးမြင်သမားတွေရှိလို့ တိုင်းပြည်မတိုးတက်တာဆိုပဲ။ ပြောတတ်ပါပေ့ ကိုသီဟရေ။
ယုံချင်စရာ အပြောကောင်းကောင်းနဲ့ ဖောရှောရိုက်ထားတာတွေကို တွေ့ရမှာပါ။ အပြောကောင်းတိုင်း မယုံသင့်ကြောင်း သင်ခန်းစာတွေမို့ တင်ပေးလိုက်တာပါ။ ခုတော့ အကောင့်ဖျက်ပြီး ပျောက်ခြင်းမလှ ပျောက်သွားပြီ။
လောကမှာ ကိုသီဟလို လူလိမ်တွေများလှတာကြောင့် ယုံသင့်မယုံသင့်ကို သတိနဲ့ သေချာချင့်ချိန်ကြပါလို့ ပြောချင်ပါတယ်။ ဒီလူကလည်း နောက်ထပ် နာမည်တစ်မျိုး နောက်ထပ်လိမ်နည်းတစ်မျိုးနဲ့ လိုင်းပေါ်မှာ ထပ်လိမ်နိုင်သေးတာကြောင့် အထူးသတိထားကြပါခင်ဗျာ။
တော်သေးပြီ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
No comments:
Post a Comment