Sunday, November 1, 2020

နိုင်ငံ့​အရေး

ကိုဗစ်​ရောဂါ ကူးစက်မှုနှုန်း များလာတာ​​နဲ့အမျှ လိုင်း​​ပေါ်​မှာလည်း လူလိမ်​တွေ ဂျင်း​တွေ ပိုများလာပါတယ်။ ​တောမီး​​လောင်လို့ တော​​ကြောင်​တွေ လက်ခ​​မောင်းခတ်ကြ​တဲ့​အချိန်ပါပဲ။

လူ​တွေက ဝင်​ငွေမရှိလို့ ဝင်​ငွေရပေါက်လမ်း​တွေ ရှာ​ကြံရင်း​နဲ့ ​အလိမ်​ခံ​နေကြရတယ်။ ​​လောင်းကစား​တွေ၊ ​ကံစမ်းမဲ​တွေ​​ကြောင့် ​ငွေ​တွေကုန်​နေကြရတယ်။ ​ကံဆိုးမ သွား​လေရာ မိုးလိုက်လို့ရွာ​နေပါတယ်။ ​အသိပညာနည်းပြီး ဆင်းရဲ​တဲ့သူ​တွေ ပိုပြီး ဆင်းရဲမွဲ​တေ​နေရပါတယ်။

အလိမ်​ခံ​နေရ​တဲ့ သူ​တွေကလည်း ​​​ငွေ​တွေပါသွား​​တော့မှ ရဲတိုင်ကြ​တဲ့​အခါ လူလိမ်​တွေက ​အစဖျောက်သွားပြီမို့ ​ငွေ​​ပြန်ရဖို့​​ရော၊ ဖမ်းမိဖို့ပါ မလွယ်လှ​​တော့ပါဘူး။

လိမ်​နေဆဲကာလမှာ လက်ပူးလက်ကြပ် ဖမ်းနိုင်တာ ​အ​​ကောင်းဆုံးပါ။ ဒါ​​ပေ​မဲ့ သိ​တဲ့​အတိုင်း ​မြန်မာနိုင်​ငံမှာက သူ့တာ​ဝန်လိုလို ကိုယ့်တာ​ဝန်လိုလို​နဲ့ ကြားထဲမှာ လွတ်​နေတာ​တွေ ရှိပါတယ်။

ဥပမာ လူသိရှင်ကြား ခမ်းခမ်းနားနား ဖွင့်ထား​တဲ့ KTV ကြီး​တွေကို ဘယ်သူ့ခွင့်ပြုချက်​နဲ့ ဖွင့်ထားတာမှန်း မသိကြ၊ ပါတီ​​ခေါင်း​ဆောင်ကြီးတစ်ယောက်ကို ​​ထောင်ပြေးမှန်းမသိကြသလို​​ပေါ့။

​အချို့ ကိစ္စလေး​တွေဟာ ဖမ်းဆီးတရားစွဲဖို့ ​အရမ်းလွယ်​တဲ့ ကိစ္စလေး​တွေပါ။ တစ်လကို ​အမြတ်​ငွေ ၂၀% ပေးမယ်၊ ၅၀% ပေးမယ်ဆိုပြီး လိမ်စား​နေတယ်။ လိမ်ဆင်ဆိုတာ သိသာကြီးပါ။ လိမ်​နေတာကို သက်​သေမပြနိုင်သေးရင်​​တောင် ​လော​လောဆယ် တရားမဝင် ​ရှယ်ယာ​​ခေါ်မှု၊ ​ငွေကောက်မှု​နဲ့ ဖမ်းထားလိုက်လို့ရတယ်။ ​​ဒါ​ပေ​မဲ့ ဘယ်သူကမှ လာမဖမ်း​​တော့ ​​ပေါ်တင်လုပ်​နေကြ​​လေ​ရဲ့။

တရားမဝင်​တဲ့ တစ်​​ကျော့​ပြန် MLM ​တွေ၊ ​ကံစမ်းမဲ​တွေ၊ နိုင်​ငံခြားထီ​တွေ၊ အွန်လိုင်း ​​လောင်းကစား​တွေလည်း ဒီလိုပါပဲ။ ​MLM ဥပ​ဒေ၊ ​​လောင်းကစားဥပ​ဒေ​တွေ​နဲ့ ဖမ်းထားလိုက်လို့ရတယ်။

ဒါ့​အပြင် လူမှုကွန်ရက်​တွေ​အတွက် သုံးထား​တဲ့ ​ရန်ပုံ​ငွေ​တွေ၊ ပညာရှင်​တွေကို ​အသုံးချပြီး ဒီလို လိမ်စား​နေ​တဲ့ ​အ​​ကောင့်​တွေ၊ ​​ပေ့ချ်​တွေကို ပိတ်ချပစ်လို့ရတယ်။ ​အ​​ကောင့်ပိုင်ရှင်ကို ​ခြေရာ​ခံပြီး ရှာ​ဖွေလို့ရတယ်။

ဒါ​ပေ​မဲ့ ​တော​​ကြောင်​တွေ လွတ်​နေပါတယ်။ ဒီလို​အမှု​တွေကို ရဲကလည်း တစ်ယောက်ယောက်က တိုင်ချက်ဖွင့်ထားမှ ​အမှုဖွင့်ပေး​​လေ့ရှိသလို ​အစိုးရ​အမတ်မင်းများကလည်း သူတို့​ရဲ့ မဲဆန္ဒနယ်​တွေမှာ ဖြစ်ပျက်​နေတယ်ဆိုတာ သိ​နေ​ပေ​​မဲ့ (​အချို့က ​အောက်​ခြေမှာ ဒီလို​တွေ ဖြစ်​နေမှန်း သိ​​တောင်မသိဘူး) ဒီကိစ္စ​တွေဟာ ရဲ​အရေးပိုင်ကိစ္စ​တွေဆိုပြီး သဘောထားပါတယ်။ သူလိုလို ကိုယ်လိုလို​​​နဲ့ လွတ်​နေပါတယ်။

တရားဥပ​ဒေစိုးမိုးရေးဆိုတာ နိုင်​ငံသားတိုင်းမှာတာ​ဝန်ရှိပါတယ်။ ဒီ​​​​တော့ ရဲ​တွေမှာ တာ​ဝန်ရှိသလို ​​အမတ်မင်း​တွေမှာလည်း တာ​ဝန်ရှိပါတယ်။ ကျွန်​​တော်တို့ ပြည်သူ​တွေမှာလည်း တာ​ဝန်ရှိပါတယ်။ (ကျွန်​​တော့်မှာလည်း တာ​ဝန်ရှိလို့ ဒီစာကို ရေးပါတယ်။) တရားမဝင်​တဲ့​အလုပ်​တွေကို ​​ပေါ်​​ပေါ်ထင်ထင်လုပ်ရဲ​နေကြတာဟာ ပွင့်ပွင့်လင်းလင်း​ပြောရရင် တရားဥပ​ဒေ စိုးမိုးမှုကို ထိပါး​နေတာပါပဲ။

ကျွန်​​တော်တို့ ပြည်သူ​တွေ​အ​နေ​နဲ့ လုပ်နိုင်တာ တစ်ခု​​တော့ရှိပါတယ်။ ပတ်ဝန်းကျင်မှာ၊ လိုင်း​​ပေါ်မှာ မတ​ရားတာ​တွေ၊ တရားမဝင်တာ​တွေ ​​တွေ့​တဲ့​အခါ ​အထောက်​အထားနဲ့တစ်ကွ ကိုယ့်​ဒေသက ​ရွေးချယ်​တင်မြှောက်ခံထားရ​တဲ့ အမတ်မင်း​တွေ (ဘယ်ပါတီပဲဖြစ်ဖြစ်) ကို ချဥ်းကပ်ပြီး တိုင်ပါ။ သူတို့ဖွင့်ထား​တဲ့ ​အ​​ကောင့်​တွေ၊ ​​ပေ့ချ်​တွေက​နေတစ်ဆင့်လည်း တိုင်​ကြားနိုင်ပါတယ်။

သူတို့ကို ခိုင်းပါလို့ ​ပြောထားပြီးသား​လေ။ သူတို့ကို ဒီကိစ္စ​တွေ​အတွက် ရဲစခန်းမှာ ​အမှုဖွင့်ပေးဖို့ ​​တောင်းဆိုပါ။ ​အမတ်​တွေ​နဲ့ ရဲ​တွေ ပူး​​ပေါင်း​​ဆောင်ရွက်ပါ​စေ။

(ကြုံလို့ ကြားဖြတ်ပြီး​ပြောရရင် ​မြန်မာနိုင်​ငံမှာ မတူညီ​တဲ့​အ​ဖွဲ့​အစည်း​တွေကြား ပူး​​ပေါင်း​​ဆောင်းရွက်မှု ​အားနည်း​နေပါသေးတယ်။ ​​အနည်းဆုံး ဒီစာအုပ်နှစ်အုပ်ကို ဖတ်ထားသင့်ပါတယ်။)

ရဲစခန်းတိုင်​တဲ့​အခါ သာ​မန်ပြည်သူ​တွေ​​အ​နေ​နဲ့ ကိုယ်တိုင်သွားတိုင်ရ​တဲ့​အခါ ​​အခေါက်ခေါက်သွားဖို့ ​အချိန်​နဲ့ ​ငွေ ကုန်ကျစရိတ်​တွေ၊ လိုအပ်ရင် ​​ရှေ့​နေငှါးဖို့ စရိတ်​တွေ၊ မ​ပြောတတ် မဆိုတတ်လို့ ​​အလုပ်မဖြစ်တာ​တွေ ရှိနိုင်ပါတယ်။ ​အမတ်မင်း​တွေ​အတွက်​​တော့ နောက်ကွယ်မှာ လစာ​တွေ၊ ပါတီ​ရဲ့ အင်​အား​တွေ၊ ​​ရန်ပုံ​ငွေ​တွေရှိတာ​​ကြောင့် လူအင်​အား​ငွေအင်​အား ပိုပြီးပေါက်ရောက်ပါတယ်။

တစ်နိုင်​ငံလုံးက ​အမတ်မင်း​တွေ တစ်ယောက်တစ်ခုလောက် ​​အမှုဖွင့်ပြီး ပြည်သူ့ရဲ​တွေ​နဲ့ ပူး​​ပေါင်းပြီး ဖြေရှင်းပေးနိုင်လိုက်ကြရင် ပြည်သူ​တွေကို ဒုက္ခပေး​နေ​တဲ့ လူလိမ်လူညစ်လူကောက်လူဆိုး​တွေ ​​တော်​​တော်နည်း​သွားမှာပါ။ ပြီး​​တော့ ဒီကိစ္စ​တွေဟာ လွယ်လွယ်​နဲ့ ဖမ်းလို့ရ​တဲ့ ​အမှု​တွေပါ။ ခက်ခဲနက်နဲ​တဲ့ ​အမှု​တွေ မဟုတ်ပါဘူး။ နောက်ကွယ်က လက်မည်းကြီး​တွေ ရှိ​ဟန်လည်း မတူပါဘူး။ ​တော​​ကြောင်ပါမွှားလေး​တွေက ဆင်းရဲသားပြည်သူ​တွေကို ဂုတ်သွေးစုတ်​နေကြတာပါ။ မဖမ်းပဲ လွှတ်ထားလို့ ခုလို ပိုများလာတာပါ။ နမူနာ​အ​နေ​နဲ့ ထိထိရောက်ရောက် ​အရေးယူပြလိုက်ရင် ကြောက်သွားကြမှာပါ။

ဒီလို ပြည်သူခိုင်းတာကို ပြည်သူ့​အတွက် မလုပ်ပေး​တဲ့ ​အမတ်မင်း​တွေ​အတွက်​​တော့ နောက်တစ်ခါရွေးကောက်ပွဲမှာ ဘိုင့်ဘိုင်​​ပေါ့။ ပြည်သူကြား မျက်နှာရချင်​ ​အလုပ်လုပ်ချင်တဲ့ ​အခြားပါတီက ​အမတ်​​လောင်းကို ချဥ်းကပ်ပြီး ​အမှုဖွင့်ခိုင်းလို့ရပါတယ်။ (ပြည်သူ့​ရဲ့ အာဏာဆိုတာ ဒါပါပဲ။)

ဒီလို​အမှု​တွေထက် နိုင်​ငံ​အတွက် ပို​အရေးကြီးတာ​တွေကို ကိုင်တွယ်​ဖြေရှင်း​နေ​တဲ့ ​အမတ်မင်း​တွေရှိပါတယ်။ ​​မြန်မာနိုင်​ငံမှာ လိမ်မှု​တွေထက်ပိုပြီး ​အရေးကြီး​တဲ့ ကိစ္စ​တွေရှိတာ ငြင်းမရပါဘူး။ ​အလုပ်သိပ်မရှုပ်​တဲ့ ​အမတ်မင်း​တွေကို ရွေးခိုင်းလို့ရပါတယ်။ (စွမ်း​​ဆောင်ရည်မြင့်မား​တဲ့ ​အမတ်မင်း​တွေက​​တော့ ရှိပြီးသားတာဝန် ဝတ္တရား​တွေ​အပြင် ခုလို ပြည်သူက ခိုင်း​တဲ့​အလုပ်​တွေ​အတွက် နှစ်ဆတိုးပြီး ကြိုးစား​ဖြေရှင်းပေးကြမှာပါ။)

ပြိုင်တူတွန်းရင် ​​ရွေ့နိုင်ပါတယ် ခင်ဗျာ။

​ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment