ပင်စင်ယူလိုက်ပြီဖြစ်တဲ့ ပင်စင်စားတစ်ယောက် တစ်သက်လုံး အေးဆေးထိုင်စားဖို့ ငွေဘယ်လောက်လိုမလဲ။
အသက် ၆၀ အရွယ် ပင်စင်စားတစ်ယောက်ကို ဥပမာထားပြီး ကြည့်ရအောင်။
(၁) #လစဉ်လိုအပ်တဲ့ငွေပမာဏကိုတွက်ပါ
စားရေးသောက်ရေး ကျန်းမာရေးအပါအဝင် တစ်လစာ အထွေထွေစရိတ်ကို အရင်တွက်ရပါမယ်။
ဥပမာ တစ်လ နှစ်သိန်းကုန်တယ်ဆိုပါစို့။ အစိုးရပင်စင်စားမို့ တစ်လ တစ်သိန်း ပင်စင်လစာရတယ်ဆိုပါစို့။ ဒါဆို ပင်စင်လစာအပြင် တစ်လတစ်သိန်း ထပ်ဖြည့်ဖို့ လိုပါပြီ။ (ပင်စင်စားမဟုတ်ရင်တော့ တစ်လကို နှစ်သိန်း အပြည့်လိုမှာပါ။)
တစ်လ တစ်သိန်းဆိုရင် တစ်နှစ် ၁၂ သိန်း လိုပါတယ်။
(၂) #ကိုယ့်ရဲ့သက်တမ်းကိုခန့်မှန်းပါ
လက်ရှိအသက်က ၆၀ ဆိုရင် နောက်ထပ် ဘယ်နှစ်နှစ် ဆက်နေရဦးမလဲ ခန့်မှန်းရပါမယ်။ အနိစ္စသဘောအရ ဘာကိုမှ ကြိုပြောလို့မရပေမယ့် အနီးစပ်ဆုံးခန့်မှန်း ပြင်ဆင်ထားဖို့တော့ လိုပါတယ်။
မြန်မာနိုင်ငံမှာ ပျမ်းမျှအားဖြင့် အမျိုးသမီးတွေဟာ အသက် ၆၉ နှစ် သက်တမ်းရှိပြီး အမျိုးသားတွေဟာ ၆၅ နှစ် သက်တမ်းရှိပါသတဲ့။
ကျန်းမာရေးကောင်းတဲ့ လူတွေအတွက် ပိုပိုလိုလို အသက် ၈၀ လောက်ထိ နေရမယ်လို့ တွက်ထားမှ တော်ကာကြမှာပါ။ (ဒါတောင် ၈၅၊ ၉၀ ကျော်ထိ နေရတဲ့သူတွေ မြန်မာနိုင်ငံမှာ ရှိပါတယ်။) ဒီတော့ အသက် ၆၀ ကျန်းမာရေးကောင်းသေးတဲ့ လူတစ်ယောက်အတွက် အကြမ်းဖျင်း နောက်ထပ် နှစ် ၂၀ ထပ်နေရဦးမယ်လို့ ခန့်မှန်းရပါမယ်။
(၃) #စုစုပေါင်းလိုငွေကိုတွက်ပါ
အပေါ်က ဥပမာအတိုင်းဆိုရင် တစ်နှစ်ကို ၁၂ သိန်းနဲ့ နှစ် ၂၀ အတွက် သိန်း ၂၄၀ လိုပါတယ်။ နောက်နှစ် ၂၀ မှာ ကုန်ဈေးနှုန်းတွေကြီးလာဦးမှာကိုလည်း မေ့ထားလို့မရပြန်ပါဘူး။ ဒါ့ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်လာမှုကို ကာမိဖို့ ဒီငွေတွေကို အတိုးအမြတ်ရတဲ့ သင့်တင့်တဲ့နေရာတွေမှာ ဖြန့်ကြက်ထားနိုင်ဖို့လိုပါတယ်။ အိမ်က မီးခံသေတ္တာထဲမှာပဲ ထည့်ထားမယ်ဆိုရင် ဒီငွေတွေဟာ ငွေကြေးဖောင်းပွမှုကြောင့် နှစ် ၂၀ ခံမှာ မဟုတ်ပါဘူး။
(၄) #ငွေအလုံအလောက်မရှိရင်
လိုအပ်တဲ့ ပမာဏအတွက် ငွေ အလုံအလောက်မရှိရင်တော့ စဥ်းစားဖို့လိုလာပါပြီ။ အလုပ်ပဲ ဆက်လုပ်ရမလား၊ အသုံးစရိတ်ကိုပဲ လျှော့ချမလား၊ သားသမီးတွေနဲ့ ပဲ အတူသွားနေလို့ ရမလား၊ ဘိုးဘွားရိပ်သာမှာပဲ သွားနေရမလား စဥ်းစားရတော့မှာပါ။
မိဘပေါ် မသိတတ်တဲ့ သားသမီးတွေ ရှိသလို ဘိုးဘွားရိပ်သာတွေ အလုံအလောက်မရှိသေးတာကြောင့် အသက်ကြီးလာမှ ဒုက္ခရောက်တာမျိုး အဖြစ်မခံကြပါနဲ့။ ကြိုတင်ပြီး ငွေစုထားစေချင်ပါတယ်။
"ဘယ်နေ့ သေမယ် မသိဘူး၊ ငွေရှိတုန်း တန်အောင် သောက်မယ် စားမယ် ပျော်မယ် သွားမယ်၊ စုဆောင်းထားရင် သူများစားသွားမယ်" ဆိုတဲ့သူတွေကို အချိန်မနှောင်းမီ သတိသံဝေဂရစေချင်ပါတယ်။ အစားအသောက် ချို့တဲ့ဆင်းရဲရှာတဲ့ ဘိုးဘွားရိပ်သာတွေကို အလည်တစ်ခေါက်လောက် သွားစေချင်ပါတယ် ခင်ဗျ။ လှူဖို့တန်းဖို့တောင် ငွေမရှိ၊ သူများလှူမှ စားရတဲ့ ဘဝတွေရှိပါတယ်။ ဘဝရဲ့ နေဝင်ချိန်တွေကို နောင်တတွေနဲ့ မကုန်ဆုံးစေချင်ပါဘူး။
(၅) #ငွေကိုဘယ်မှာထားမလဲ
ငွေအလုံအလောက်ရှိတယ်ဆိုရင်တော့ အနည်းနဲ့အများ ရင်အေးရပါပြီ။ (ဒါတောင် မတော်တဆ ဆေးရုံတက်ရရင် ကုန်ကျမယ့် စရိတ်တွေ ထည့်မတွက်ရသေးပါဘူး။ ကျန်းမာရေး အာမခံ ဝယ်ထားနိုင်ရင်တော့ အကောင်းဆုံးပါ။)
ဘာမှ မလုပ်တတ်ဘူးဆိုရင် အလွယ်ဆုံးနည်းကတော့ ရှိတဲ့ ငွေကို ဘဏ်မှာ စာရင်းသေအပ်ထားလိုက်တာပါပဲ။ ပိုပြီး စိတ်ချရအောင် နှစ်ဘဏ် သုံးဘဏ်လောက်မှာ ခွဲအပ်ထားပါ။ စာရင်းသေအပ်ထားလို့ရလာတဲ့ ဘဏ်တိုးဟာ ဟာ ကုန်ဈေးနှုန်းကြီးလာတာကို အနည်းနဲ့အများတော့ ထေမိစေမှာပါ။
အသက်ကြီးလာပြီဆိုတော့ ငွေဆုံးရှုံးမှုအန္တရာယ် များလွန်းတဲ့နေရာတွေမှာ ငွေမထည့်မိဖို့လိုပါတယ်။
စတော့ဈေးကွက်မှာ ငွေထည့်ထားတာ၊ ရပ်ကွက်ထဲမှာ ငွေတိုးပေးစားတာ၊ စီးပွားရေးလုပ်ငန်းတစ်ခုထဲ ထည့်ထားတာ စတာတွေကတော့ ဆုံးရှုံးမှုအန္တရာယ် များတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါ။
ကိုယ့်ငွေရဲ့ ဘယ်လောက်ရာခိုင်နှုန်းကို ဆုံးရှုံးမှုအန္တရာယ် များတဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ထည့်ထားသင့်လဲဆိုတာကို တွက်ချင်ရင် နိုင်ငံတကာ စံနှုန်းတွေအရ ၁၀၀ ကိုတည်ပြီး ကိုယ့်အသက်ကို ပြန်နှုတ်ရပါမယ်တဲ့။
ဥပမာ အသက် ၆၀ အရွယ်လူတစ်ယောက်ဟာ (၁၀၀-၆၀=၄၀) ၄၀% ထက်မပိုတဲ့ ငွေကြေးကို ဆုံးရှုံးမှုအန္တရာယ်များတဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ထည့်ထားလို့ ရပါတယ်တဲ့။
ကျန်တဲ့ ၆၀% ကိုတော့ အာမခံချက်ရှိပြီး လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ ထားသင့်တာပါ။ ဥပမာ ဘဏ်ထဲထည့်ထားတာ၊ ရွှေဝယ်ထားတာမျိုးတွေပါ။
(ဒီဖော်မြူလာအရ အသက် ၇၀ အရွယ်အတွက် ကိုယ်ရှိတဲ့ငွေရဲ့ ၇၀%ကို လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ ထားသင့်တာပါ။)
နောက်ဆုံးအချက် သတိပြုဖို့လိုတာက ဖြစ်နိုင်ရင် ငွေကို တစ်နေရာတည်းမှာ ပုံအောမထားပဲ ဖြန့်ကြက်ထားသင့်ပါတယ် ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Friday, October 30, 2020
အိုစာမင်းစာ
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment