ကျွန်တော်က ငွေကို ချွေတာပြီး တတ်နိုင်သမျှ ကြိုတင်စုဆောင်းထားဖို့၊ ချေးငှါးပြီး နေထိုင်စားသောက်တာမျိုးမလုပ်ဖို့၊ ကြွေးသံသရာထဲရောက်သွားတာဟာ ငရဲကျသလိုမို့ အတတ်နိုင်ဆုံး ရှောင်ရှားကြဖို့ ရေးတော့ စောဒကတက်ကြတဲ့ စကားတစ်ခွန်းက "ကောင်းတဲ့ အကြွေးတွေလည်း ရှိပါတယ်။ သူဌေးတွေလည်း အကြွေးမကင်းပါဘူး" တဲ့။
မမှားတဲ့ စကားပါ။ ဒါပေမဲ့ ဒီစကားကို နားလည်မှုလွဲရင် ဒုက္ခရောက်တတ်တာကြောင့် နည်းနည်းရှင်းပြပါရစေ။
အကြွေးဆိုတာ မီးလိုပါပဲ။ သုံးတတ်ရင် အကျိုးရှိပြီး မသုံးတတ်ရင် အန္တရာယ်ရှိပါတယ်။
သူဌေးတွေ အကြွေးရှိတယ်ဆိုတာ စီးပွားရေးလုပ်ငန်း တိုးချဲ့ဖို့ ချေးယူထားကြတာပါ။ အကျိုးစီးပွား တိုးတက်ဖို့ ချေးငွေကို အသုံးချပြီး အမြတ်များတဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကြတာပါ။ ကောင်းတဲ့အကြွေးဆိုတာ ဒါမျိုးပါ။
အကြွေးမကင်းဘူး ဆိုပေမဲ့ ဝင်-ထွက်-ပိုင်-ကြွေး-ကြွယ် သဘောတရားအရ သူတို့ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ အကြွေးတွေထက် အဆပေါင်းများစွာ များနေတာမျိုးပါ။
အကြွေးမကင်းပေမဲ့ သူတို့ရဲ့ အသားတင်ကြွယ်ဝချမ်းသာမှုက တစ်သက်စားမကုန်လို့ သူဌေးမင်းတွေ ဖြစ်နေကြတုန်းပါ။
ချေးငွေကိုလည်း အလွယ်ယူကြတာ မဟုတ်ပါဘူး။ ရပ်ကွက်ထဲမှာ ယူသလို အတိုးကြီးကြီးနဲ့ ယူကြတာ မဟုတ်ပါဘူး။ အတိုးသက်သက်သာသာနဲ့ ချေးယူကြတာပါ။
ပြီးတော့ ချေးပေးတဲ့ ဘဏ်တွေ အဖွဲ့အစည်းတွေကလည်း သူတို့ကို အလွယ်ချေးပေးလိုက်ကြတာ မဟုတ်ပါဘူး။ ဘာကြောင့်ချေးချင်တယ်၊ ဘာလုပ်ငန်းလုပ်မယ်၊ အကျိုးအမြတ် ခန့်မှန်းခြေ ဘယ်လောက်ရှိမယ်၊ ချေးထားတဲ့ငွေကို ဘယ်အချိန်မှာ အပြည့်ပြန်ဆပ်နိုင်မယ် စသဖြင့် သေချာ စီမံကိန်း ချပြရတာပါ။
မရေရာ မသေချာနဲ့ ဆုံးရှုံးနိုင်ခြေများတဲ့ လုပ်ငန်းမျိုးအတွက်ဆို ဘဏ်တွေ အဖွဲ့အစည်းတွေက ငွေမချေးပေးချင်ပါဘူး။
ပြီးတော့ အကြွေးတွေပြန်မဆပ်နိုင်ရင် ပြန်သိမ်းဖို့ အာမခံ ပိုင်ဆိုင်မှု ပစ္စည်းတွေ အပေါင်သဘောမျိုး (အများအားဖြင့်) ထားပေးရပါတယ်။
ဒီတော့ ထပ်ပြောပါရစေ။ သူဌေးတွေ ငွေချေးတာ သူတို့မှာ ငွေမရှိလို့ မဟုတ်ပါဘူး။ တင်နေတဲ့အကြွေးတွေထက် အဆပေါင်းများစွာ ပိုချမ်းသာကြပါတယ်။ ပြီးတော့ အတိုးတွေကလည်း သက်သက်သာသာ အတိုးတွေပါ။ ချေးယူတာကလည်း ပေးနေရတဲ့ အတိုးထက် အဆပေါင်းများစွာ အမြတ်ကျန်နိုင်တဲ့ လုပ်ငန်းမျိုး လုပ်ဖို့ သေချာ ပြင်ဆင်စီမံတွက်ချက်ပြီးမှ ချေးတာပါ။ အခြေခံ စားဝတ်နေရေးအတွက်၊ ကြွားလုံးထုတ်ဖို့ ဝယ်တဲ့ ပစ္စည်းတွေအတွက် ချေးယူနေကြတာ မဟုတ်ပါဘူး။
ကဲ အကြွေးမကင်းတဲ့ သူဌေးမင်းတွေကို အားကျပြီး တစ်လွဲဆံပင်ကောင်းပြီး လိုက်လုပ်တဲ့သူတွေကို ကြည့်ပါဦး။
"သူဌေးတွေလည်း အကြွေးမကင်းပါဘူး။ ဒီတော့ ကျွန်တော်လည်း အကြွေးနဲ့ ဖုန်းအသစ်လေး ဝယ်လိုက်တယ်လေ။"
ဟုတ်ကဲ့ မွဲဆေးဖော်နေတာပါ။
"အကြွေးဆိုတာ လူနဲ့တည့်တယ်။ ဒါ့ကြောင့် ကြွားဖို့ အိမ်မှာစီးဖို့ ကားသစ်တစ်စီး အကြွေးနဲ့ ဝယ်ထားလိုက်တယ်လေ။"
"အကြွေးကို ကြောက်နေလို့မဖြစ်ဘူး။ အင်္ကျီအသစ်လေးတွေ ခုယူ စပါးပေါ်မှပေး စနစ်နဲ့ အကြွေးဝယ်ထားလိုက်တယ်လေ။"
ဟုတ်ကဲ့ အကြွေးနဲ့ရရင် ဆင်ပါဝယ်မယ့်လူစားမျိုးပါ။
"စွန့်စားမှ ကြီးပွားမယ်။ အကြွေးကို အသုံးချပြီး ကြီးပွါးအောင်လုပ်ရမယ်။ ဘဏ်တွေကလည်း ငွေမချေးပေးတော့ ရပ်ကွက်ထဲကနေ ၂၀ တိုးနဲ့ ချေးပြီး လုပ်ငန်းလုပ်မယ်။"
ဟုတ်ကဲ့ လုပ်ငန်းက ထင်သလောက်အဆင်မပြေတဲ့အခါ ကြွေးနွံနစ်ရဦးမယ်။ ခုလို ကိုဗစ်ကာလမှာ တိုင်ပတ်ပြီ။ စီးပွါးရေးပန္နက် (Business Plan) ကို သေချာဆွဲပြီး ရလာနိုင်တဲ့ အကျိုးအမြတ်က ပေးရတဲ့အတိုးနဲ့ ကိုက်မကိုက် တွက်ကြည့်ကြပါဦးခင်ဗျာ။
"အကြွေးဆိုတာ အကြွေးကောင်းတွေလည်း ရှိပါတယ်။ ကျွန်မဆို ၂၀ တိုးနဲ့ ချေးယူပြီး ရပ်ကွက်ထဲမှာ၂၅ ကျပ်တိုးနဲ့ တစ်ဆင့်ပြန်ပြီး အတိုးပေးစားတယ်လေ။"
ရပ်ကွက်ထဲမှာ ဒီလောက် အတိုးကြီးကြီးနဲ့ ချေးပေးလိုက်တဲ့အခါ အတိုးပုံမှန်ပြန်ပေးတဲ့သူက ရှားပြီး ထွက်ပြေးတဲ့သူက များပါတယ်။ သူတို့ထွက်ပြေးတော့ ကိုယ်က စိုက်ဆပ်ရပြီး ဘဝပျက်ဦးမယ်။ ကိုယ်ပါထွက်ပြေးရမယ့် အခြေအနေဖြစ်ရဦးမယ်။
ဒီတော့ သူဌေးတွေအကြွေးမကင်းတာကို သွားအားကျမနေကြပါနဲ့။ သူတို့ချေးတာနဲ့ ကိုယ်ချေးတာ ရည်ရွယ်ချက်၊ အတိုးရာခိုင်နှုန်း၊ ငွေချေးလိုက်လို့ ရလာနိုင်တဲ့ အကျိုးအမြတ်ရာခိုင်နှုန်း မတူပါဘူး။
မဖြစ်မနေ ငွေချေးရတော့မယ်ဆိုရင်တောင် အတိုးနှုန်းသက်သာတဲ့ နေရာမှာချေးပါ။ ချေးငွေကို ရင်းပြီး လုပ်တဲ့ စီးပွားရေးလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်တွက်ချက်ပါ။ တွက်ကြည့်လို့ အမြတ်ရနိုင်ခြေနည်းရင် ငွေမချေးပါနဲ့ဦး။ ပိုကိုက်တဲ့ နောက်လုပ်ငန်းတစ်ခု စဥ်းစားပါ။ ငွေအများကြီး ချေးစရာမလိုအောင် ငွေရှိတဲ့သူတွေနဲ့ ရှယ်ယာသဘော ပေါင်းလုပ်ပါ။
အကြွေးဆိုတာ မီးပါ။ မီးကို နိုင်အောင်ထိန်းပါ။ မထိန်းနိုင်ရင် ပြာကျသွားမယ်။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Saturday, October 31, 2020
အကြွေးမကင်းတဲ့ သူဌေးမင်း
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment