မိအေးတစ်ယောက် ကြွေးသံသရာထဲမှာ စိတ်ညစ်ညစ်နဲ့ ဖေ့စ်ဘွတ်ခ်လေး ထိုင်ကြည့်နေတုန်း ငယ်ငယ်က သူငယ်ချင်း မိစုနဲ့ လိုင်းပေါ်မှာ ပြန်ဆုံကြပါတယ်။
မိစုကတော့ တော်တော် အဆင်ပြေနေပုံ ရပါတယ်။ ရွှေတွဲလဲ ငွေတွဲလဲနဲ့ပေါ့။ မိစုနဲ့ မိအေးက ငယ်ငယ်ကတည်းက ကျောင်းနေဖက်ပါ။ နှစ်ယောက်လုံးရဲ့ မိဘတွေကလည်း သူလိုကိုယ်လို အလယ်အလတ်တန်းစားထဲကပါပဲ။ မိအေးနဲ့ မိစု အသီးသီး အိမ်ထောင်တွေကျပြီး အဆက်အသွယ်ပြတ် ကွဲကွာသွားကြတာ နှစ်ပေါင်း အတော်ကြာပြီပေါ့။
ခု လိုင်းပေါ်မှာ ပြန်တွေ့ကြတော့ မိအေးခမျာ ကြွေးပူတွေကြား သောကရောက်နေတဲ့အချိန် မိစုကတော့ ပြုံးပြုံးပျော်ပျော်ပါပဲ။ ပြောမနာဆိုမနာ ငယ်သူငယ်ချင်းတွေဆိုတော့ မိအေးက မိစုကို ခုလိုချောင်လည်ချမ်းသာနေရတဲ့ လျှို့ဝှက်ချက်ကို မေးပါတယ်။ ထီပေါက်လို့လား၊ ချဲပေါက်လို့လားပေါ့။ ထီပေါက်ချဲပေါက်မှပဲ ဒီလို ချမ်းသာလာနိုင်မှာလို့ မိအေးက ထင်နေတာကိုး။
မိစုကလည်း သူ့ဘဝဇာတ်ကြောင်းတွေကို သေချာပြောပြပါတယ်။
အိမ်ထောင်ကျခါစက မိစုတို့ လင်မယားနှစ်ယောက် အလုပ်မရှိ ဝင်ငွေမရှိလို့ ရှိတဲ့ လက်စွပ်လေး ပေါင်ပြီး သုံးရပါတယ်။ ထုခွဲစရာ လက်စွပ်လေးရယ်၊ ဆွဲကြိုးလေးရယ်ရှိလို့ တော်သေးတာပေါ့။
ဒီလိုနဲ့ ဘာမှမလုပ်ပဲထိုင်စားနေရင် ရှိတာပြောင်မှာပဲဆိုတာတွေးမိလို့ ဆွဲကြိုးကိုပေါင်ပြီး အသေးစား ကန်ထရိုက်လုပ်ငန်းလေးကို စလုပ်ရင်း လင်မယားနှစ်ယောက် ရုန်းကန်ခဲ့ကြပါတယ်။ အဆင်ပြေတစ်လှည့် မပြေတစ်လှည့်ပေါ့။
သူတို့ လက်စွပ်ပေါင်၊ ဆွဲကြိုးပေါင်လို့ ပေးခဲ့ရတဲ့အတိုးတွေကို စိတ်နာတယ်။ နောက်ထပ်အကြွေးမတင်အောင် ရှောင်တယ်။ ရတဲ့ ဝင်ငွေနဲ့ လောက်အောင်သုံးတယ်။ ပိုတဲ့ငွေကို စုဆောင်းပြီး ပေါင်ထားတဲ့ လက်စွပ််နဲ့ ဆွဲကြိုးကို ပြန်ရွေးခဲ့တယ်။
နောက်ပိုင်း လုပ်ငန်း အဆင်ပြေလာတော့ သူများတွေလို ကြွားဝါပြီး သုံးဖြုန်းတာမျိုးတွေ မလုပ်ပါဘူး။ ဝင်ငွေရဲ့ ၅၀% ကျော်ကို စုဖြစ်တယ်။
စုမိတဲ့ငွေကိုလည်း ထပ်ပွါးအောင် ပဲနှမ်းအရောင်းအဝယ် လုပ်ခဲ့ပါတယ်။ အချို့ငွေတွေကို ယုံကြည်စိတ်ချရတဲ့ ပွဲရုံတွေမှာ အတိုးပေးထားပါတယ်။ ရှယ်ယာသဘောမျိုး ငွေထည့်ထားတယ်လို့ ပြောရင်လည်း ရပါရဲ့။ အဲဒီပွဲရုံတွေကနေ တစ်လကို နှစ်ကျပ်တိုးလောက် အတိုးအမြတ်ရခဲ့ပါတယ်။
ဒီလိုနဲ့ စုမိငွေနဲ့ အမြတ်ငွေတွေများလာတော့ မြေကွက်ဝယ်ပါတယ်။ ဈေးသင့်တင့်တဲ့ မြေကွက်လေးတွေကို မျက်စေ့ဖွင့်နားစွင့်ပြီး ရှာတတ်ရတာပေါ့။ ဝယ်တာကလည်း ပိုင်ဆိုင်မှုမခိုင်မာတဲ့ မြေတွေကို ဝယ်တာ မဟုတ်ပါဘူး။ စိတ်ချရတဲ့ ဂရန်မြေကွက်တွေကို ဝယ်တာပါ။
မြေဆိုတာ ရင်းနှီးမြှုပ်နှံမှုလုပ်တာမို့ အနည်းဆုံး ၁၀ နှစ်တော့ ကိုင်ထားနိုင်ရမယ်လို့ သူ သိထားပါတယ်။ ကြားထဲမှာ ဈေးတက်တက် ဈေးကျကျ ရောင်းဖို့ မစဥ်းစားခဲ့ပါဘူး။ ငွေလည်း မလိုဘူးလေ။
ဒီလိုနဲ့ ဖြည်းဖြည်းချင်း စုရာက ရန်ကုန်မှာ မြေတစ်ကွက်၊ နေပြည်တော်မှာ မြေတစ်ကွက် ပိုင်ဆိုင်နိုင်ခဲ့ပြီ။
ထပ်ပြီး စုမိလာတဲ့ ငွေတွေကိုလည်း ၂ ကျပ်တိုးလောက်နဲ့ ပွဲရုံ တွေမှာ ငွေအပ်ထားပါတယ်။ ပွဲရုံ တစ်ရုံထဲမှာ ငွေအားလုံး ထည့်ထားမိလို့ အဲဒီ ပွဲရုံအရှုံးပေါ်နေရင် ငွေတွေဆုံးရှုံးသွားနိုင်မှန်း မိစုသိတယ်။ ဒီတော့ စိတ်ချရတဲ့ ပွဲရုံ ၄ ရုံလောက်ကို ခွဲပြီး ငွေထည့်ထားပါတယ်။
ရှိသမျှငွေတွေအားလုံးကို ပွဲရုံတွေဆီ ပေးထားတာတော့ မဟုတ်ပါဘူး။ အရေးပေါ် ရန်ပုံငွေနဲ့ ငွေပိုအချို့ကို ဘဏ်မှာ အပ်ထားပါသေးတယ်။ ဈေးနှုန်းသင့်တော်တဲ့ မြေကွက်လေးတွေ တွေ့ရင် ချက်ချင်း စရန်ချနိုင်အောင်ပါ။
ခုဆိုရင် ပွဲရုံတွေကရတဲ့ငွေရဲ့ ၃ ပုံ ၁ ပုံကိုပဲ အသုံးစရိတ်အတွက်သုံးပြီး ကျန်တာကို စုပါတယ်။ အခြားလုပ်ငန်းတွေကရတဲ့ငွေတွေရယ်၊ သူ့အမျိုးသားရှာလို့ရတဲ့ငွေတွေရယ်ကတော့ အသားတင်ကို စုမိနေပါတယ်။
ဝင်ငွေတွေတိုးလာပေမဲ့ အသုံးစရိတ်တွေ တိုးမလာအောင်လည်း အထူးဂရုစိုက်ပါတယ်။ အဝတ်အစားဆိုရင်လည်း သင့်တော်သလောက်ပဲ ဝယ်ဝတ်ပါတယ်။ ကလေး ၂ ယောက်ကိုလည်း အရမ်း အလိုမလိုက်ပါဘူး။ ကလေးတွေကို ကိုယ်တိုင်ထိန်းကျောင်းပြီး ကိုယ်တိုင်ပဲ စာသင်ပေးပါတယ်။
အစားအသောက်ပိုင်းမှာတော့ ကျန်းမာမှ ဆေးဖိုးဝါးခမကုန်မှာမို့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဈေးပေါပေါအစားအစာတွေ စားတာမျိုးတော့ ရှောင်ပါတယ်။ အာဟာရရှိတဲ့ အစားအသောက်အတွက်တော့ ငွေသုံးဖို့ မနှမြောပါဘူး။
ခုဆို အိမ်ထောင်သက် ၁၀ နှစ်ပြည့်ပြီ။ ငွေစုထားတာ ရန်ကုန်မှာ ၃ ထပ်တိုက်ဆောက်ဖို့ ငွေလည်း ပြည့်နေပြီလို့ မိစုက မိအေးကို ပြောပြပါတယ်။
မိစုရဲ့ အတွေ့အကြုံ စကားတွေကိုကြားရတော့ မိအေး မျက်ရည်ကျမိပါတယ်။ မိအေး အိမ်ထောင်ကျတုန်းကလည်း ရွှေတစ်ဆင်စာ ပါလာပါတယ်။ ဒီလိုပဲ မပြေလည်လို့ ထုခွဲရောင်းချရင်း ကုန်သွားတာ။ မိစုလို ရွှေကို ထုခွဲရောင်းချပြီး အရင်းအနှီးအဖြစ် အလုပ်လုပ်ဖို့အတွေးခဲ့မိဘူး။ ငွေရှာဖို့အတွက် ထီထိုး၊ ချဲထိုး၊ စုမဲစုတာလောက်ပဲ လုပ်တတ်ခဲ့တာ။
မိစုလို အတိုးပေးစားဖို့ ကြိုးစားဖူးပါရဲ့။ သူများဆီက ၁၀ တိုးနဲ့ယူပြီး ၁၅ ကျပ်တိုးနဲ့ တစ်ဆင့်ပြန်ပေးတာ။ မကြာပါဘူး။ ၁၅ ကျပ်တိုးနဲ့ ယူထားတဲ့သူတွေက ပြန်မဆပ်ပဲ ထွက်ပြေးကြလို့ စိုက်ဆပ်ပေးလိုက်ရသေးတယ်။
မိစုက လုပ်ငန်းလည်ပတ်နေပြီးသား စိတ်ချရတဲ့ ပွဲရုံတွေကို အတိုးနှုန်း သက်သက်သာသာနဲ့ ချေးပေးထားတာ။ ပွဲရုံတွေအတွက်လည်း သူတို့ပြန်ရတဲ့ အမြတ်နဲ့ဆို ကိုက်လို့ ယူတာ။ ရှယ်ယာသဘောမျိုးလို့တောင် ပြောလို့ရပါရဲ့။
မိအေး ၁၅ ကျပ်တိုးနဲ့ သွားချေးပေးမိတာက ဝင်ငွေထက် ထွက်ငွေများပြီး အကြွေးလည်ပင်းလောက်နစ်နေတဲ့သူတွေကို မစစ်မဆေးပဲ အတိုးကြီးကြီးနဲ့ သွားပေးမိတာ။ မတူဘူးလေ။
မိအေး ငိုနေပေမဲ့ အမှောင်လမ်းမှာ အလင်းတန်းတစ်ပွင့်ကို တွေ့သွားပါပြီ။ မိစုရဲ့ ဘဝအခြေအနေကိုကြည့်ပြီး အားတက်ရပါပြီ။ အသက်ရှင်နေသ၍ ကြိုးစားခွင့် ရှိနေသေးတယ်။ ရှေ့လျှောက် လင်မယားနှစ်ယောက်လုံး အသုံးအဖြုန်းကို လျှော့တော့မယ်။ နှစ်ယောက်လုံး အလုပ် ထွက်လုပ်ကြမယ်။ အရင်ကထက် နှစ်ဆ ပိုကြိုးစားတော့မယ်။ လိုအပ်တဲ့အကြံဉာဏ်တွေယူဖို့ မိစုဆိုတဲ့ ငယ်သူငယ်ချင်းကောင်းတစ်ယောက်လည်း ရှိနေပြီလေ။
(ကာယကံရှင်ရဲ့ ခွင့်ပြုချက်နဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေး နှစ်ပုဒ်ကို တစ်ပုဒ်ပေါင်းပြီး အနည်းငယ် ပြုပြင်ရေးသားထားပါတယ်။ နာမည်တွေကိုလည်း လွှဲပြောင်းထားပါတယ်။ အပြင်မှာတော့ မိစုနဲ့ မိအေးဟာ သူငယ်ချင်းတွေ မဟုတ်ကြပါဘူး။)
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Friday, October 30, 2020
မိအေးနဲ့ မိစု
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment