ဘဏ်တိုးတွေနည်းသွားလို့ စုမိငွေကို ဘဏ်မှာထားရင် အရှုံးပေါ်နေကြောင်း ရေးခဲ့ပြီးပါပြီ။
#ဒါအရင်လုပ်ပါ
စုမိငွေကို ပွားဖို့ မစဥ်းစားခင် ကြွေးဆပ်တာ၊ အရေးပေါ် ရန်ပုံငွေစုထားတာ၊ ရေတို လိုအပ်တာတွေအတွက် ငွေစုတာတွေ အရင် လုပ်သင့်ပါတယ်။
#ဘဏ်ရွှေဒေါ်လာ
အရေးပေါ် ရန်ပုံငွေနဲ့ ရေတိုလိုအပ်ချက်တွေအတွက် စုထားတဲ့ငွေကို ဘဏ်မှာ အပ်ထားလို့ရပါတယ်။ အိမ်မှာ ထားရင်တော့ ဘဏ်တိုးတောင် မရတာမို့ ပိုရှုံးပါတယ်။ အချို့ငွေကို ရွှေနဲ့ ဒေါ်လာ ဝယ်ထားလို့လည်း ရပါတယ်။
ဘဏ်မှာထားတဲ့ငွေနဲ့ ဒေါ်လာဟာ ငွေကြေးဖောင်းပွမှုကြောင့် အနည်းနဲ့အများ အရှုံးရှိနိုင်ပါတယ်။ ရွှေကတော့ ငွေကြေးဖောင်းပွမှုကို ရေရှည်မှာ ကာကွယ်ပေးနိုင်ပေမဲ့ ရွှေဟာ ရောင်းမှ အရှုံးအမြတ်ထွက်ပြီး မရောင်းရသေးခင်မှာ ဘာအကျိုးအမြတ်မှမရှိပဲ ငွေသေနေတာမျိုးပါ။ ဒီတော့ စုမိသမျှငွေအားလုံးကို ရွှေဝယ်စုတာမျိုးကိုလည်း အားမပေးပါဘူး။ အနည်းအကျဥ်း အချို့တဝက်ကို ရွှေဝယ်ထားတာမျိုးတော့ လုပ်လို့ရပါတယ်။
#စီးပွါးရေး
စုမိတဲ့ငွေကို ပွားဖို့ အကောင်းဆုံး နည်းလမ်းကတော့ တစ်ပိုင်တစ်နိုင် စီးပွားရေး တစ်ခုခုလုပ်တာမျိုးပါ။ လုပ်တတ်ရင် လုပ်တတ်သလောက် ငွေပွားမြန်ပါတယ်။ ကိုယ်ကျွမ်းကျင်ပိုင်နိုင်တဲ့ စီးပွားမျိုးတော့ ဖြစ်ရပါမယ်။ မကျွမ်းကျင်ရင် သေချာ အရင်လေ့လာဖို့ လိုပါတယ်။ စုမိငွေ အရင်းအနှီး ဘယ်လောက်ရှိလဲ ပေါ်မူတည်ပြီး လုပ်လို့ရတဲ့ လုပ်ငန်းအမျိုးမျိုး ကွဲသွားပါတယ်။ "မတိမ်ကောတဲ့ စီးပွားရေး" ဆောင်းပါးမှာ ရေးထားသလိုပါပဲ။
လက်ရှိအလုပ်က ဝင်ငွေကောင်းနေတယ်ဆို အလုပ်ကို မထွက်သေးပဲ အားလပ်ချိန်မှာ လုပ်လို့ရတဲ့အလုပ်မျိုး၊ ယုံကြည်စိတ်ချရတဲ့ လူရင်းတစ်ယောက်ယောက်နဲ့ လွှဲထားလို့ ရတဲ့ အလုပ်မျိုးကို ရွေးလုပ်ပြီး လက်ရှိအလုပ်ကလည်း ဝင်ငွေရ၊ စုထားတဲ့ ငွေကိုရင်းပြီး အခြားအလုပ်တစ်ခုကလည်း ဝင်ငွေရနေတာမျိုးကို အားပေးပါတယ်။
ခုလိုချိန်ခါမှာ စီးပွားရေးလုပ်ငန်း အများစုအတွက် အရှုံးပေါ်၊ အခက်ကြုံတတ်တာကိုလည်း သတိပြုပါ။ လိုင်းပေါ်ကနေ "စီးပွားရေး လုပ်တတ်ပါတယ်။ ငွေထည့်ပါ။ အမြတ် များများရမယ်" ဆိုပြီး ဆွယ်တာမျိုးတွေဟာ အလိမ်တွေ များတာကိုလည်း သတိပြုပါ။
#ယာဉ်
ဆိုက်ကား၊ ဆိုင်ကယ်၊ တုတ်တုတ်၊ ကား၊ စက်လှေ စတဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းသုံး ယာဉ်တွေကို ဝယ်ပြီး ငှါးစားတာဟာလည်း စုမိငွေကို ပွားဖို့ နည်းလမ်းတစ်ခုပါပဲ။
လုပ်တတ်ကိုင်တတ်တဲ့သူတွေကတော့ အမြတ်ငွေကိုသုံးပြီး တစ်စီးကနေ နှစ်စီး၊ နှစ်စီးကနေ သုံးစီး ပွါးအောင် လုပ်တတ်ကြပါတယ်။
မလုပ်တတ်၊ မကိုင်တတ်၊ ဈေးကွက်နဲ့ ပြိုင်ဘက်အကြောင်း နားမလည်၊ ယာဉ်အကြောင်း နားမလည်ပဲ သွားလုပ်မိရင်တော့ အမြတ်နည်း၊ အရှုံးပေါ်ပြီး လုံးပါးပါးသွားတတ်တာကိုတော့ သတိပြုပါ။
#အိမ်ခြံမြေ
အိမ်ခန်း၊ တိုက်ခန်း၊ ဆိုင်ခန်း၊ အဆောင်၊ ဂိုထောင်၊ မြေ၊ လယ်ယာ၊ ဥယျာဉ်ခြံမြေ စတာတွေကို ဝယ်ပြီး အငှါးချထားရင်လည်း ကောင်းပါတယ်။ ဝင်ငွေ မရပဲ ငွေသေနေတဲ့ အိမ်ခြံမြေ မျိုးထက် ငှါးခ ပုံမှန် ရနိုင်တဲ့ အိမ်ခြံမြေမျိုးကို ပိုအားပေးပါတယ်။ အချို့ကာလတွေမှာ အငှါးမလိုက်လို့ ငွေမဝင်တာမျိုးလည်း ရှိတတ်ပါတယ်။
အိမ်ခြံမြေယာဉ် တွေဝယ်ရာမှာ ဈေးကြီးမမိဖို့လည်း သတိပြုရမှာပါ။ ပူဖောင်း ဖောင်းနေတုန်း ဝယ်ရင်တော့ ရှုံးတတ်ပါတယ်။
#ငွေတိုးပေးစား
ငွေတိုးပေးစားတာကတော့ လိုင်စင်မရှိရင် တရားလည်း မဝင်သလို ငွေဆုံးရှုံးနိုင်ခြေ များတာကြောင့် အားမပေးချင်ပါဘူး။ ဒုက္ခရောက်နေတဲ့သူတွေကို အတိုးကြီးကြီးနဲ့ ချေးပြီး အမြတ်ထုတ်တာကိုလည်း အားမပေးချင်ပါဘူး။
ဒီလုပ်ငန်းကို ကျွမ်းကျင်တဲ့သူတွေ အတွက်တော့ အမြတ်များတာ ငြင်းမရပါဘူး။ ဒါပေမဲ့ စုထားတဲ့ ငွေလေးကို သူများကို ချေးထားရင်း ဆုံးသွားတဲ့သူတွေ၊ သူများဆီက ချေးပြီး ကိုယ်က အတိုးနည်းနည်း ပိုယူပြီး တစ်ဆင့်ပြန်ချေးရာက ငွေဆုံးလို့ စိုက်ဆပ်ရတဲ့သူတွေလည်း ရှိတာမို့ သတိထားစေချင်ပါတယ်။
နီးစပ်ရာ ယုံကြည်စိတ်ချရတဲ့သူတွေကို စီးပွားရေးလုပ်ရာမှာ အရင်းအနှီးအဖြစ်သုံးဖို့ သင့်တင့်တဲ့အတိုးနှုန်းနဲ့ ချေးပေးလိုက်ရင်း နှစ်ဦးနှစ်ဖက် အကျိုးရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
#ပညာရေး
ဝင်ငွေတိုးပွားဖို့အတွက် သိသင့်တတ်ထိုက်တာတွေ ကို လေ့လာဖို့ စာအုပ်ဝယ်ဖတ်တာမျိုး၊ သင်တန်းတက်တာမျိုးတွေပါ။ ကိုယ့်အတွက် အကျိုးများမယ်ဆိုရင်တော့ ငွေပေးရကျိုး နပ်ပါတယ်။ ဂျင်းသင်တန်းတွေကိုတော့ ကြည့်ရှောင်ဖို့ လိုပါတယ်။ ခုခေတ်မှာ လိုင်းပေါ်မှာ အခမဲ့ မျှဝေပေးတာတွေ အတော်များများ ရှိနေပါပြီ။ အင်္ဂလိပ်လို တတ်ရင် လိုင်းပေါ်မှာတင် ကိုယ်လိုချင်တဲ့ အသိပညာအများစုကို အခမဲ့ ရနေနိုင်ပါပြီ။
ဝန်ထမ်းလုပ်တဲ့သူတွေအတွက်လည်း ရာထူးတက်ချင်ရင်၊ လစာပိုကောင်းချင်ရင် ပညာအရည်အချင်း တစ်ဆင့်မြှင့်ဖို့ လိုတတ်တာတွေ ရှိပါတယ်။ ဥပမာ ဒီပလိုမာပဲရတဲ့ သူတွေရဲ့ လစာနဲ့ ဘွဲ့ရတဲ့ သူတွေရဲ့လစာ အရမ်းကွာနေတဲ့ အလုပ်ခွင်မျိုးဆိုရင် ဘွဲ့ရဖို့ အချိန်နဲ့ ငွေကို ရင်းနှီးမြှုပ်နှံသင့်ရင် မြှုပ်နှံရပါမယ်။ ကိုယ်ရထားတဲ့ ဘွဲ့ပေါ်မူတည်ပြီး လစာကို ဆုံးဖြတ်တတ်တဲ့ ကုမ္ပဏီတွေက လက်ရှိ ကမ္ဘာပေါ်မှာ များနေသေးလို့ပါ။
ပညာရေးအတွက် ပေးရတဲ့ ငွေနဲ့ ရလာနိုင်တဲ့အကျိုးအမြတ် ကိုက်မကိုက် အရင်တွက်ကြည့်ဖို့တော့ လိုပါတယ်။
#စတော့ရှယ်ယာ
နိုင်ငံခြား စတော့ရှယ်ယာ ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံထားရင် ရေရှည်မှာ အမြတ်များနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြား ဘဏ်အကောင့် မရှိတဲ့သူတွေ အတွက် မလွယ်လှသေးပါဘူး။ ပြည်တွင်းက စတော့ရှယ်ယာဈေးကွက်ကတော့ ဖွံ့ဖြိုးလာမယ့် အချိန်ကို စောင့်ရပါဦးမယ်။ စတော့ရှယ်ယာဟာ မကျွမ်းကျင်ရင်၊ ရေရှည်ကို စိတ်ရှည်ရှည် မစောင့်နိုင်ရင်လည်း အရှုံးများတတ်ပါတယ်။
#ဖြန့်ကြက်
ဘာပဲလုပ်လုပ် ငွေတွေကို တစ်နေရာထဲမှာ စုပြုံပြီး မထည့်ထားသင့်ပါဘူး။ ဖြစ်နိုင်ရင် နေရာ အများအပြားမှာ ဖြန့်ကြက်ထားသင့်ပါတယ်။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Thursday, October 29, 2020
စုမိငွေကို ဘယ်လိုပွားမလဲ
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment