Thursday, October 29, 2020

စုမွဲ

စုမွဲ​တွေ​အ​​ကြောင်းပါ။

စုမွဲ​တဲ့... ဘာတုန်း။ မကြားဖူးပါဘူး။ စုမဲပဲ ကြားဖူးပါတယ်။ ပိုးစုန်းကြူးများ စာလုံး​​ပေါင်းမှား​လေသလား။

ဟုတ်​ကဲ့ စာလုံး​​ပေါင်း မမှားပါဘူး။ အဲဒီ စုမဲ​တွေဟာ စု​တဲ့သူ​တွေကို မွဲ မွဲ သွားအောင် လုပ်ပေးလို့ စုမွဲလို့ ​​တမင် ​​ခေါ်တာပါ။

​ကျွန်​​တော့်ဆီ ရင်ဖွင့်လာကြ​တဲ့ ကြွေး​သံသရာထဲ နစ်​နေ​တဲ့ သူ​တွေ​အများစုဟာ စုမွဲနဲ့ မကင်းကြ​​ကြောင်း ​​တွေ့ရပါတယ်။

စုမွဲ​တွေကလည်း ​အမျိုးမျိုးပဲ ခင်ဗျ။ ​အချင်းချင်း ငွေစု၊ နံပါတ်စဥ် မဲနှိုက်ပြီး ကျ​တဲ့မဲစဥ် ​အလိုက် ​ငွေယူ​တဲ့ စနစ်ရှိသလို၊ နောက်မှယူမယ်ဆို ​​အတိုးသ​ဘောမျိုး ငွေပိုရပြီး ​​စော​​စောယူ မယ်ဆို ​ငွေ​လျှော့ရ​တဲ့ စနစ်လည်း ရှိ​ပြန်ပါသ​တဲ့။ ​​နေ့ချင်းမွဲ၊ လချင်းမွဲ၊ ​လေ​လံမွဲ စသဖြင့် စုမွဲ ​ပုံ​စံ​အမျိုးမျိုးရှိပါသေးတယ်။ ​ကျွန်​​တော်တို့ ​မြန်မာ​တွေ​ရဲ့ တီထွင်နိုင်​စွမ်းရည်ကို စုမွဲ​တွေမှာ သွား​​တွေ့ရပါတယ်။

လိုင်း​​ပေါ်မှာ လူချင်းမသိပဲလည်း ​အလုပ်ဖြစ်​နေကြတာပဲ။ ယုံလွယ်ရက်ကြပါတယ်။

စုမွဲ​ထည့်​တဲ့ သူ​တွေမှာ ရည်ရွယ်ချက်​​ကောင်းလေး​တွေ ရှိကြပါတယ်။ ကိုယ့်ဖာသာကိုယ် ဆိုရင် ​ငွေမစုမိလို့ စုမွဲ​နဲ့ဆို​​တော့ ​ငွေစုဖြစ်သွားမယ်​​ပေါ့။ ​ငွေကို တစ်ခါတည်း ​အလုံးလိုက်ရ​​တော့ ​အဖတ်တင်မယ်​​ပေါ့။ ​နံပါတ်စဥ် ​​စောလို့ ​ငွေကြိုရရင် ​အတိုးကြီး ​အကြွေး​တွေကို ဆပ်မယ်​​ပေါ့။

ဒါ​ပေ​မဲ့ ​သေချာ​ပြန်တွေးကြည့်ရင် စုမွဲ​​ကြောင့် ​ငွေဆုံးရှုံးဖို့ အန္တရာယ်​အရမ်းများပါတယ်။

(၁) ဒိုင်​တွေ ခဏ​ခဏထွက်ပြေးတယ်။ ကိုယ့်​အ​လှည့်မရောက်ခင် ပြေး​​တော့ ကိုယ့်​ငွေလေး ပလုံ​ရော။ လိမ်စား​နေ​တဲ့ ဒိုင်​တွေလည်း ​​ပေါလှပါတယ်။

(၂) ဒိုင်က စိတ်ချရတယ်ဆိုရင်​​တောင် ​အခြားမဲသား​​တွေက သူတို့​ ​အ​လှည့်​ငွေရပြီးရင် ဆက်မ​ထည့်ပဲ ပြေးတတ်ကြတယ်။ စိုက်လျော်​တဲ့ ဒိုင်​တွေလည်း ​အကြာကြီး စိုက်မလျော်နိုင်ပါဘူး။ ​ငွေမပေး​တဲ့ မဲသား​တွေ များလာရင် ဒိုင်လည်း ပြေးရ​​တော့တာပဲ။ မပြေး​တဲ့ဒိုင်တွေက​​တော့ စိုက်လျော်ရင်း ကြွေး​သံသရာထဲ နစ်ကုန်ပြီ။

(၃) ကိုယ့်ကိုကိုယ်လည်း စိတ်မချရ​ပြန်ဘူး။ ​ငွေပေးဖို့ ​​နေ့ရောက်လို့ လက်ထဲမှာ ​ငွေရှိရင်​​ကောင်း​တယ်။ ​ငွေမရှိရင် မျက်ကလူး​ဆန်ပြာ ဖြစ်ရပြီ။ စုမွဲ​ထည့်ဖို့ မွဲဆေး​​ဖော်ပြီ။ ဘေးက​နေ ​အတိုးကြီးကြီး​နဲ့ ချေးပြီး စုမွဲ​ထည့်တာ​လေ။ ပြီး​​တော့ ​ပြောသေးတယ်။ မချေးရင် မဖြစ်​​တော့လို့ပါ​တဲ့။ ဘယ်သူက ချေးချင်မှာလဲ​တဲ့။ ဟုတ်​ကဲ့ မချေးရင်မဖြစ်အောင် ကိုယ့်ကြမ္မာ ကိုယ်​ဖန်တီးပြီး စုမွဲဆို​တဲ့ မီးထဲ ဝင်တိုးထားတာ​လေ။

စုလိုက်တိုင်း မွဲ​တဲ့ စုမွဲတွေ​​ကို ဝေးဝေး​​​ရှောင်ဖို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။

(ခြွင်းချက်​အ​နေ​နဲ့ (၁) ဒိုင်​​ကောင်း (၂) ​အ​ဖွဲ့သား​​ကောင်း (၃) ပုံ​မှန်​ငွေသွင်းနိုင်​တဲ့ ကိုယ့်ဝင်​ငွေ​​ကောင်း၊ ဒီလို ​​ကောင်းသုံး​​ကောင်း​​နဲ့​ ​ပြည့်စုံတယ်ဆိုရင်​​တော့ ​အဆင်​ပြေနိုင်မှာပါ။ ဒါမျိုးက ရှိ​​တော့ရှိမယ်၊ ရှားမယ် ထင်ပါတယ်။ သတိထားကြဖို့ ​ပြောချင်ပါတယ်။)

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...